ရန်ကုန် ၉-၅-၂ဝ၁၈
မြန်မာနိုင်ငံ၏ အထူးစီးပွားရေး ဇုန်တစ်ခုဖြစ်သည့် သီလဝါ ဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေကွက်များတွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်များ ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ သတင်းများအရ သိရသည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်းဒေသရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေကွက် အမှတ် (၂၅)နှင့်(၂၆) တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံအစိုးရ၏ ချေးငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ အဆိုပါ ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းစီမံကိန်းတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်၌ ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းစီမံကိန်းသည် ယခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ တည်ဆောက်နေသည့် ဆိပ်ကမ်းများတွင် ၂ဝ၁၉ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားမှုကို လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေကွက်အမှတ် (၂၅)နှင့် (၂၆) တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးသွားပါက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေကွက် အမှတ် (၂၂)၊ (၂၃)နှင့် (၂၄)ပေါ်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်များကို ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment