Social Icons

Pages

Tuesday, October 27, 2015

ပျူခေတ်ယဉ်ကျေးမှုထွန်းကားရာ ဟန်လင်းမြို့ဟောင်းသို့ လေ့လာရေး လာရောက်သူ ခရီးသွားဧည့်သည်များပြားလာ



စစ်ကိုင်း ၊ ၂၇-၁၀-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ပျူခေတ် ယဉ်ကျေးမှု ထွန်းကားရာ ဟန်လင်း မြို့ဟောင်းသို့ လေ့လာရေး လာရောက်သည့် ခရီးသွား ဧည့်သည် အရေအတွက်မှာ ယခင်နှစ်ကထက် ယခုနှစ်တွင် ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်၊ မန္တလေး- ရွှေဘိုကား လမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက်သို့ ၁၁ မိုင်၊ ရွှေဘိုမြို့၏ အရှေ့တောင် ဘက်သို့ ၁ဝ မိုင်၊ ငါးဖာလုံခန့် နေရာတွင် ရှိသည်။

ထို့ပြင် အလျားနှစ်မိုင် ငါးဖာလုံ၊ အနံ တစ်မိုင်ခန့်ရှိ စတုဂံပုံ သဏ္ဌာန် ရှိ ဟန်လင်း မြို့ဟောင်းကို ရှေးဟောင်း မြို့ရိုးကြီးများဖြင့် ယနေ့ ထိတိုင် မြင်တွေ့နိုင်သည်။

ထို့ပြင် အဆိုပါ ဟန်လင်း မြို့ဟောင်းကို ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဦးစီးဌာနရှိ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ပညာရှင် များနှင့် ပြည်ပ သုတေသန ပညာရှင်တို့ ပူးပေါင်း၍ သုတေသန ဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ရာတွင် တူးဖော်တွေ့ရှိ ရသော အနုပညာ လက်ရာမြောက် ရွှေထည်၊ ငွေထည်ပစ္စည်းများ၊ ကျောက်စာများ၊ အရိုးစုများ၊ မြို့ရိုးမြို့တာများ၊ ရှေးဟောင်း အဆောက်အအုံ အကြွင်းအကျန် များသည် ဟန်လင်း မြို့ဟောင်း၏ ထင်ရှားသော အမှတ်လက္ခဏာ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို လေ့လာသိရှိ လိုသော လူငယ်များသည် နွေရာသီ ကျောင်းပိတ်ရက် များတွင် ထိုဒေသသို့ ညအိပ်ညနေ လာရောက်၍ လေ့လာ လည်ပတ်ကြ ခြင်း ဖြစ်သည်၊

''သာမန် ကျောင်းပိတ်ရက် နဲ့ ရုံးပိတ်ရက် တွေမှာ တစ်ရက်ကို ပျှမ်းမျှအားဖြင့် လေ့လာသူ နှစ်ရာကျော် လောက်ရှိရာ ကနေ ဒီနှစ်မှာ လာရောက် လေ့လာသူ တစ်ဆ တိုးမြင့် လာပါတယ်'' ဟု အဆိုပါ ဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန ဝန်ထမ်းတစ်ဦး က ပြောပြသည်။ ဟန်လင်း မြို့ဟောင်းသည် မြန်မာနိုင်ငံရှိ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး သုံးခုအနက် တစ်ခု အပါဝင် မြို့ဟောင်းကြီး ဖြစ်ကြောင်း သိရသည်။ 

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...