Social Icons

Pages

Wednesday, September 16, 2015

အင်းလေးကန်ကို ရေရှည်တည်တံ့သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖြစ်လာရန် လုပ်ဆောင်မည်


ညောင်ရွှေ ၊ ၁၆-၉-၂၀၁၅

နိုင်ငံတကာ ခရီးသွားများ လည်ပတ်စရာ နေရာဖြစ်သည့် အင်းလေးကန် ကို ရေရှည် တည်တံ့သော သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း ဖြစ်လာစေရန် နှင့် ယင်းဒေသ အကြောင်း နက်နက်နဲနဲ သိကျွမ်းသည့် ဧည့်လမ်းညွှန်များ ပိုမိုပေါ်ပေါက် လာစေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ ဒေသတွင်း ဧည့်လမ်းညွှန် များနှင့် ပညာရှင်များ ပူးပေါင်းကာ Pilot Project ကို အောက်တိုဘာလ တွင် စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

'' အင်းလေးကန် အကြောင်းကို နက်နက်နဲနဲ သိရှိလာဖို့နဲ့ ရေရှည်တည်တံ့ တဲ့ သဘာဝ အလှတရားတွေ ထိန်းသိမ်းနိုင်ဖို့ အတွက် ပညာရှင်တွေက ပညာပေး ဆွေးနွေးမှုတွေ လုပ်မှာပါ။ အောက်တိုဘာ လဆန်းမှာ စလုပ်မှာပါ။ အဲဒီ အစီအစဉ်က ၁ဝ ရက် လောက်ပဲ ကြာမယ်။ ဧည့်လမ်းညွှန်တွေ အနေနဲ့ အင်းလေးကန် အကြောင်းကို ထဲထဲဝင်ဝင် သိရှိနိုင်ပြီး လုပ်ငန်းခွင်မှာ အသုံးချ နိုင်အောင် လုပ်ဆောင် သွားမှာပါ။ အစီအစဉ် စတင်နိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်'' ဟု အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုစိန်ထွန်း က ပြောသည်။

အင်းလေးကန် သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ ထိန်းသိမ်းမှုများ အတွက် နည်းပညာ၊ အတတ်ပညာ များကို အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပြီး ရေရှည် တည်တံ့သော ခရီးသွား လုပ်ငန်းအဖြစ် တိုးမြှင့် လုပ်ကိုင်ရန် ဒေသတွင်း ခရီးသွား လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု များလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...