ရန်ကုန် ၊ ၁၃-၈-၂ဝ၁၅
မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှင့် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အရာရှိ များဖြင့် ဖွဲ့စည်းထားသည့် ကွင်းဆင်း စာရင်းကောက် အဖွဲ့ ၂၁ ဖွဲ့မှ ထိုင်းနိုင်ငံ ၇၇ ခရိုင်၌ အလုပ်လုပ်ကိုင် နေသည့် မြန်မာ အလုပ်သမား များအား စာရင်းကောက် ယူမည့် ကွင်းဆင်း စီမံချက်ကို သြဂုတ် ၁၅ ရက်တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ စာရင်း ကောက်ယူရာတွင် အလုပ်သမား များ၏ ကိုယ်ရေး အချက်အလက် များကို အဓိကထား ကောက်ယူမည် ဖြစ်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု စာရင်း စသည့် အထောက်အထား ပြည့်စုံစွာ ရှိသူများကို နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရန် ဆက်လက် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။
အထောက်အထား မရှိသော်လည်း နိုင်ငံသား ဖြစ်ကြောင်း ခိုင်လုံသူ များကို မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိစေရန် သက်သေခံ လက်မှတ် (စီအိုအိုင်) များ ထုတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ စာရင်း ကောက်ယူမှု သည် သုံးလ ကြာမြင့်မည် ဖြစ်ရာ နိုဝင်ဘာ လလယ်တွင် အပြီးသတ်မည် ဖြစ်သည်။ အလုပ်သမား များအနေဖြင့် ငွေကြေး တစ်စုံတစ်ရာ ပေးရန် မလိုအပ်ဘဲ အထောက်အထား ပြည့်စုံ၍ နိုင်ငံကူးလက်မှတ် ပြုလုပ်စဉ်နှင့် စီအိုအိုင် ထုတ်ယူမှသာ ထို အထောက်အထား ပြုလုပ်ရန် ပုံမှန် ကျသင့်သည့် အတိုင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်း စာရင်းကောက် အဖွဲ့များမှ ကောက်ခံ ရရှိလာသည့် အချက်အလက် များကို ကွန်ပျူတာ များဖြင့် မှတ်တမ်း ရေးသွင်းပြီး ဗန်ကောက်မြို့ မြန်မာနိုင်ငံ သံရုံးရှိ ကွန်ပျူတာ ဆာဗာသို့ ပေးပို့မည် ဖြစ်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ ပေးပို့စိစစ် သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ၁ ဒသမ ၆၈ သန်း၊ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ ၁၉၉ဝဝ ကျော်နှင့် အထောက်အထား တစ်စုံတစ်ရာ မရှိသဖြင့် ထိုင်းအစိုးရမှ ဘတ်ကတ် (TR-38) ခေါ် ပန်းရောင် ကတ်များ ထုတ်ပေးထားသူ ၆၆ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။(၄၄၇)
မြ၀တီနေ့စဉ် ၊ စာ(၂၄)
#Themyawadydaily
No comments:
Post a Comment