Social Icons

Pages

Wednesday, August 12, 2015

အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ သတ်မှတ်မှုအပေါ် ကန့်ကွက်သော အလုပ်ရှင်ထက်ဝက်ကျော် သဘောထား ပြောင်းလဲလာ



ရန်ကုန် ၊ ၁၂-၈-၂ဝ၁၅

အနည်းဆုံး တစ်ရက်လုပ်ခ သတ်မှတ် ကြေးငွေ ကျပ် ၃၆ဝဝ သတ်မှတ်မှု အပေါ် ကန့်ကွက်သော အလုပ်ရှင် ထက်ဝက်ကျော် သည် သဘောထား ပြောင်းလဲကာ ထောက်ခံချက် ပြန်လည် ရရှိထားကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

''ကန့်ကွက် အကြံပြုတဲ့ လုပ်ငန်းရှင် ၃၃ဝ ကျော်ကို ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဌာန တာဝန်ရှိ သူတွေ လိုက်ပြီး ညှိနှိုင်းကြတော့ အခုနောက်ဆုံး အလုပ်ရှင် အများစုက လိုက်လျောပေးဖို့ ဆန္ဒပြုကြတဲ့ အတွက် အစိုးရ အဖွဲ့ကို ပြန်ပြီးတင်ပြ ထားတယ်။ မကြာမီ ထုတ်ပြန်ပေး သွားမှာပါ။ လက်ရှိ အချိန်ထိ ကန့်ကွက်တဲ့ လုပ်ငန်းရှင်တွေ ရှိနေသေး ပေမယ့် အများစုရဲ့ ဆန္ဒထောက်ခံမှု ရရှိထားပြီး ဖြစ်တာကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ ကို တင်ပြခဲ့ တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ သတ်မှတ်မှု အပေါ် ကန့်ကွက်လျက် ရှိသော အလုပ်ရှင် ထက်ဝက်ကျော်မှ လိုက်လျောခဲ့ သော်လည်း အလုပ်ရှင်များ ဘက်မှ အလုပ်သမား များအား အချိန်ပိုကြေး နှစ်ဆ ပေးအပ်နေမှုကို တစ်ဆခွဲသို့ လျှော့ချပေးရန် ပြန်လည် တောင်းဆို ထားကြောင်း သိရသည်။

''ကျွန်တော်တို့ ဘက်ကနေ သူတို့ တောင်းဆိုထားတဲ့ အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ ကို လိုက်လျော ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်က အလုပ်သမား တွေကို ပေးနေရတဲ့ အချိန်ပိုကြေး နှစ်ဆကို တစ်ဆခွဲ လျှော့ချ ပေးဖို့တော့ ပြန်တောင်းဆို ထားတယ်'' ဟု အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အဆိုပါ အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ သတ်မှတ်ချက် ကို ဇွန် ၂၉ ရက်တွင် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ပေး ခဲ့ပြီး အဆိုပြု ထုတ်ပြန်ချက်ကို အထည်ချုပ် လုပ်ငန်းရှင် အများစုမှ လုပ်ငန်း ပိတ်သိမ်းရန် အထိ တုံ့ပြန်ခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းများမှ လည်း ၄င်းတို့ တောင်းဆို ထားသည့် အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၄ဝဝဝ အောက် လျော့နည်းသည့် အတွက် ကန့်ကွက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ချမ်းချမ်းကို

မြဝတီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...