ထမင်းရည် သောက်ခြင်းအကျိုး
ကြည်မြင့်လွင် (မုဒြာ)
ငယ်စဉ်က သင်ကြားရသော မြန်မာ ရာဇဝင်တွင် သာလွန် မင်းတရား သည် ဆင်စီးပြီး တိုင်းခန်း လှည့်လည် လာစဉ် ဆင်းရဲသား များနေထိုင်ရာ ဇနပုဒ်ရွာ တွင် သူဆင်းရဲမ တစ်ဦးသည် အပေါ်ဝတ် မပါ ထဘီ ရင်ရှားဖြင့် မြေအိုးဖြင့် ချက်သော ထမင်းရည်ကို လမ်းပေါ် သို့ငှဲ့ ချနေသည်နှင့် တိုးတော့သည်။ သာလွန် မင်းကြီးသည် ထို သူဆင်းရဲမ ကို ခေါ်ယူပြီးလျှင် သူမိုက်မ၊ သင်သည် အဖိုးတန်သော ထမင်းရည် ကို အဘယ့် အတွက်ကြောင့် လမ်းပေါ်သို့ အချည်းနှီး သွန်ငှဲ့ပစ် လေသနည်း။ အမှန်မူ ဤ ထမင်းရည် အာဟာရကို သင်၏ ကလေးငယ် များ အဆာပြေ အဖြစ် တိုက်ကျွေး၍ ရသည်။ အိမ်တွင် မွေးထားသော ခွေးသော်လည်း တိုက်ကျွေး၍ ရနိုင်သည်။ နောင်တွင် ဤသို့ ပြုမူသူ များကို ပြစ်ဒဏ် ခတ်မည်ဟု ဆုံးမတော်မူ ခဲ့သည်ဟု ဖတ်ရှုရဖူး သည်။
ထမင်းချက် ရာတွင် ရှေးအခါက မြေ ထမင်းအိုးဖြင့် အရည်ငှဲ့ချက် လေ့ရှိသည်။ မြေစလောင်းဖုံး ထိပ်ချွန်တွင် နူးနပ်နေသော ထမင်းကို ဦးပေါင်းဟု ခေါ်သည်။ မြန်မာလူမျိုး တို့သည် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသဖြင့် ထိုထမင်း ဦးပေါင်းကို ဆွမ်းတော် တင်လေ့ ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ်ပြောင်း သွားသောအခါ ဦးပေါင်း ဟူ၍ မရှိတော့။ ယခုခေတ် အခါတွင် လျှပ်စစ်ဖြင့် ခလုတ်နှိပ်ပြီး ချက်သော ထမင်းအိုး များသာ မြို့ကြီးများတွင်း အသုံးပြုကြ သဖြင့် ထမင်းရည်ငှဲ့ ချက်သော ဓလေ့မှာ ပျောက်ကွယ် သလောက် ဖြစ်သွားခဲ့ လေပြီ။
ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသော ထမင်းရည်ကို ဆားခတ်ပြီး ကလေးသူငယ် များကို အာဟာရအဖြစ် အဆာပြေ တိုက်ကျွေးရုံ သာမက လူကြီးများ အစာကြေ စေရန်နှင့် လေပူကျ စေရန် တိုက်ကျွေး ကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့် လျှာတို့တွင် အနာများ၊ အပူကန်ဖုများ ထွက်လျှင် ထမင်းရည် ပူပူကို ဆားခတ်ပြီး တိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက် ရေစိုသော မိုးတွင်း ကာလတွင် အထက်သို့ အပူကန်သော အနာသည် ပို၍ ဖြစ်လေ့ရှိသည်။
ယောမြို့စား အတွင်းဝန်ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇန သင်္ဂဟကျမ်း တွင် ဖော်ပြထား သည်မှာ ''ထမင်းရည်သည် အစာကို များစွာ စားနိုင်စေ၏။ ဆီးကို ရွှင်စေတတ်၏။ သွေးကို ပွားစေတတ်၏။ အဖျား ကိုနိုင်၏။
သလိပ်သည်းခြေ ကိုနိုင်၏။ အသက်ကို ရှည်စေတတ်၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထို ထမင်းရည်တွင် သင်္ဘောချင်းမှုန့် နှင့် သိန္ဓော ခတ်၍ သောက်လျှင် ဝမ်းမီတောက် စေ၏။ အစာကို ကြေစေတတ်၏။ တစ်နည်း ထမင်းရည်သည် ဝမ်းချုပ်၏။ ကြေလွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေ တတ်၏။ ရသ အစရှိသော ဓာတ်ခုနစ်ပါး တို့ကို ညီညွတ် စေတတ်၏။ အဖျားကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားရ လွယ်၏။ အားကို ဖြစ်စေတတ်၏။ သလိပ်သည်းခြေ ကိုနိုင်၏။ မောပန်းခြင်းကို ပယ်နိုင်၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘော ချင်းခြောက်မှုန့် ခတ်သောက်လျှင် လေကို လည်စေတတ်၏။ အစာကို ကြေစေ၏'' ဟု ထပ်မံဖွင့်ဆို ထားသည်ကို တွေ့ရပြန်သည်။
စာမေးပွဲဖြေချိန်ရောက်တိုင်းလျာနှင့်ပါးစပ်တွင် အနီစက်ကဲ့သို့ အနာများထွက်လေ့ရှိသော သမီးငယ်တစ်ဦးကို ထမင်းနှင့်ဟင်းအပူ အစပ်များမကျွေးဘဲ နံနက် စောစောထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက်ကျွေးသောအခါ အနာများသက်သာလာသည်ကိုတွေ့ရသည်။ ထမင်းရည်သည် ဆန်ပြုတ်နှင့်မတူ အအေးခံထားလျှင် အချဉ် ပေါက်လွယ်သဖြင့် ငှဲ့ပြီးပူတုန်းအချိန်တွင် တိုက်ကျွေးရန်သင့်သည်။ ဆားအသင့်အတင့်ခတ်ပြီးမှတိုက်လျှင် အရသာရှိပြီး လေကြေ စေသည်။ လေကိုအောက်သို့သက်စေနိုင်သည်။ အေးမှတိုက်ကျွေးလျှင် လေချဉ်ကိုအထက်သို့ ပြန်တက်စေနိုင်သည်ကို သတိပြုရန် လိုသည်။ အနောက်တိုင်း အာဟာရ သုတေသီများက ထမင်းရည် ငှဲ့ချက်လျှင် အာဟာရ ဓာတ်များ၊ ဘီတာမင် ဘီ(၂) ကဲ့သို့ ဓာတ်များပါသွား ပြီး ဆုံးရှုံးနိုင်သည်ဟု ဆိုသော်လည်း နောက်ပိုင်း ဆီးချိုနှင့် ပတ်သက်သော သုတေသန ပြုမှုများက ထမင်းရည် ငှဲ့ချက်သော ထမင်းကို စားသူထက် ထမင်းရည်ခန်း ချက်စားသူက ပို၍ ဆီးချိုရောဂါ ဖြစ်စေ နိုင်သည်ဟု ဆိုသည်။ ထမင်းရည် ငှဲ့ချက်ခြင်းဖြင့် ဆီးချို၊သွေးချို ရောဂါ ကာကွယ်မှု ကို အထောက်အကူ ဖြစ်စေနိုင်သည်။
ရတနာပုံနေ့စဉ် ၊ စာ(၅)
#Yadanarpondaily
No comments:
Post a Comment