မန္တလေး ၊ ၁၃-၈-၂၀၁၅
မန္တလေးခရိုင် အမရပူရ မြို့နယ် တောင်သမန်အင်း နှင့် တံတား ဂေဟစနစ် မပျက်စီး စေရန် ဌာနဆိုင်ရာ များသာမက ပတ်ဝန်းကျင် နေထိုင်သူများ ကပါ ထိန်းသိမ်းရန် တာဝန်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် အမရပူရ မြို့နယ် တောင်သမန် အင်းရေ၏ အရည်အသွေး စစ်ဆေးမှုကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၊ ငါးလုပ်ငန်း ဦးစီးဌာန ၊ ပြည်ပပို့ကုန် အရည်အသွေး စစ်ဆေးရေး(ဓာတ်ခွဲခန်း) ၏ ဓာတ်ခွဲခန်း ရလဒ်များကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ထိုဓာတ်ခွဲခန်း ရလဒ်များအရ ရေ၏ ချဉ်၊ဖန်နှုန်း (PH) ရေ၏ ထုံးဓာတ်ပါဝင်မှု၊ ရေစေး ရေသွက်နှုန်း ၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင်မှု ၊ အောက်ဆီဂျင် ပျော်ဝင်မှုနှုန်း၊ အာမိုနီးယား နိုက်ထရိုဂျင် ပါဝင်မှု ၊ နိုက်ထရိတ်၊နိုက်ထရိုဂျင် ပါဝင်မှု များကို Standard Value For Fish Culture (SEAFDEC/ AQD) နှင့် နှိုင်းယှဉ် စစ်ဆေး ခဲ့ကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် တောင်သမန် မြောက်အင်းရေ၊ ငွေတော် ချောင်းရေနှင့် လက်ခုပ်ပင်ချောင်းရေ တို့ သတ်မှတ် စံချိန်စံညွှန်းများ အတိုင်း မရှိဘဲ ငါးများ သေဆုံးလျက် ရှိကြောင်း၊ တောင်သမန်အင်း အလယ်နှင့် အင်းတောင်ဘက် ရေများ ကောင်းမွန်ကြောင်း ငါးမွေးမြူရေး လုပ်ငန်း မှ သိရသည်။
''ငါးမွေးလို့ ရတဲ့ရေဟာ အောက်ဆီဂျင် ပျော်ဝင်မှုနှုန်း Dissolve Oxygen 3-5 ဖြစ်တဲ့အတွက် အခု စစ်ဆေးချက် အရဆိုရင် ငါးမွေးမြူ နိုင်ပါတယ်။ ရံဖန်ရံခါ တောင်သမန် မြောက်အင်း ဘက်မှာ ငါးသေဆုံးမှု ဖြစ်နေတာ တွေဟာ စက်ရုံတွေက ရေဆိုးတွေ၊ စွန့်ပစ် ရေတွေ၊ ကန်ရဲ့ပတ်ဝန်းကျင်က ဈေးဆိုင်တွေ၊ အမှိုက်သရိုက် တွေ၊ ပလတ်စတစ် တွေကြောင့် ဖြစ်နိုင်ပါတယ်။ တောင်သမန် တံတားဆိုတာ ရေရှိမှ တံတားရှိ နိုင်သလို ရေမှာလဲ ငါးရှိနေမှာ ပါပဲ။ ငါးမနေ နိုင်တဲ့ရေဟာ သန့်ရှင်းမှု မရှိနိုင် သလို သန့်ရှင်းမှု မရှိတဲ့ ရေဟာလဲ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် ကို ထိခိုက်ပျက်စီး ယုတ်လျော့ စေနိုင်ပါတယ်။ ဒီကိစ္စတွေဟာ ဌာန ဆိုင်ရာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ အင်း ပတ်ဝန်းကျင် နေထိုင်သူတွေ၊ ခရီးသွားတွေ အားလုံးမှာ တာဝန်ရှိ ပါတယ်။ ဒါကြောင့် တောင်သမန် အင်းနဲ့ အထင်ကရ တောင်သမန် တံတား ရေရှည် တည်တံ့ ခိုင်မြဲပြီး သာယာ တင့်တယ် စေချင်ရင် တော့ သန့်ရှင်းရေး ဝိုင်းဝန်း ထိန်းသိမ်းဖို့ အလွန် အရေးကြီး နေပါပြီ။ ကျွန်တော့် အနေနဲ့ ကတော့ တောင်သမန် အင်းကြီးကို ရန်ကုန် ကန်တော်ကြီးလို ခြံခတ် ထားနိုင်ရင် အကောင်းဆုံး ပါပဲ .. '' ဟု မန္တလေးတိုင်း ဒေသကြီး ငါးမွေးမြူရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၆)
ရတနာပုံနေ့စဉ် ၊ စာ(၁)
#Yadanarpondaily
No comments:
Post a Comment