သဘာဝဘေးအခက်အခဲ ၀ိုင်းဝန်းဖြေရှင်း
အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ များအား စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ရေသန့်ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးစဉ် |
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် ရေကြီးရေလျှံ ဖြစ်မှုကြောင့် လမ်းမျိုးစုံ ၄၄လမ်းနှင့် တံတား ၉၈ စင်းပျက်စီး ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ရေကြီးရေလျှံ မှုကြောင့် ပျက်စီးခဲ့သော တံတား ၉၈ စင်းပျက်စီး ခဲ့ရာတွင် ၅၆ စင်းပြင်ဆင် ပြီးစီး ခဲ့ပြီး ၄၂ စင်း ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။ ပြင်ဆင်ဆဲ တံတား ၄၂ စင်းကို သြဂုတ်လ ကုန်တွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်ခဲ့သည့် ရေဘေးကြောင့် စိုက်ပျိုး ထားရှိသည့် စပါးစိုက်ဧက ၁၅ သန်းခန့်တွင် ဧက တစ်သန်း သုံးသိန်းခန့် ရေနစ်မြုပ်ခဲ့ပြီး ဧက ၄ဝ၇၉၂၅ ဧက ပျက်စီးခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းများ အရ သိရသည်။ ထို ပျက်စီးသွားသည့် စပါးစိုက် ဧကများ အချိန်မီ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှု လယ်ယာ ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တို့၏ အကူအညီဖြင့် တောင်သူများက ဆောင်ရွက်လျက် ရှိသည်။ မျိုးစပါး တစ်ဧက တစ်တင်းနှုန်းဖြင့် နိုင်ငံတော်မှ ပံ့ပိုးပေးလျက် ရှိသည်။
မြန်မာနိုင်ငံတွင် ရေကြီး နစ်မြုပ်ခြင်းများ ဖြစ်ပေါ်နေချိန် ဆန်ဈေးနှုန်း တည်ငြိမ် စေရေးနှင့် ဆန်များ ပြည်တွင်း၌ လုံလောက်စွာ ရောင်းချပေး နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းနှင့် ဆန်ကုန်စည် ဒိုင်များက ပြည်ပနိုင်ငံ များသို့ ဆန်တင်ပို့ ခြင်းကို စက်တင်ဘာ ၁၅ ရက်ထိ ရပ်ဆိုင်းထားမည် ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၅၁ ဒသမ ၄၇၉ သန်းအတွက် တစ်လ စားသုံးမှု နှုန်းသည် ဆန်တန်ချိန် ၈ ဒသမ ၅၈၂ သန်းဖြစ်ပြီး နိုဝင်ဘာ လကုန်ထိ ပြည်တွင်း လိုအပ်ချက်သည် ဆန်တန်ချိန် ၃၄ ဒသမ ၃၂၆ သန်းဖြစ်သည်။ ပြည်တွင်းရှိ ဆန်လက်ကျန် သည် တန် ၃၄ ဒသမ ၃၂၆ သန်းဖြစ်၍ ပြည်တွင်းဆန် လိုအပ်မှုကို ဖြည့်ဆည်း ပေးနိုင်သည် ဟု သိရသည်။
မြန်မာနိုင်ငံ အဝန်း ဇူလိုင်လ အတွင်း မိုးများ၍ ရေကြီးရေလျှံ မှုကြောင့် ဖြစ်ပေါ်ခဲ့ ရသည့် ပျက်စီးဆုံးရှုံးမှု များသည် များပြား ခဲ့သော်လည်း နိုင်ငံတော် အစိုးရနှင့် ပြည်သူ တစ်ရပ်လုံးက အချိန်နှင့် တစ်ပြေးညီ ကူညီ ဖြည့်ဆည်း ပေးနိုင်သည့် အတွက် အချိန်တို အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့သည်။ သဘာဝ ဘေးသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု များကြောင့် ဖြစ်ပေါ် လာရခြင်း ဖြစ်၍ ဟန့်တား၍ မရသော်လည်း တွေ့ကြုံရသည့် သဘာဝ ဘေးကို ကြိုတင် ကာကွယ်ခြင်းနှင့် သဘာဝဘေး ဖြစ်ပေါ် လာချိန်တွင် ရင်ဆိုင် တွေ့ရသည့် အခက်အခဲ အပျက်အစီး များကို ညီညီညွတ်ညွတ် ဝိုင်းဝန်းဖြေရှင်း ခြင်းဖြင့် ပြည်သူတို့၏ စွမ်းအားကို ပြသ နိုင်ခဲ့သည်။
အချုပ်အားဖြင့် ဆိုရပါမူ ဂျပန်နိုင်ငံသည် သဘာဝဘေး ကျရောက်မှု များသည့် နိုင်ငံဖြစ်သော် လည်း စိတ်ပျက် အားလျှော့၍ မနေဘဲ တွေ့ကြုံရသည့် အခက်အခဲ အပျက်အစီး တို့ကို ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းဖြေရှင်း ကြသောကြောင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ ဖြစ်လာ သကဲ့သို့ မြန်မာနိုင်ငံ သည်လည်း သဘာဝ ဘေးကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲ အပျက်အစီး တို့ကို ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်း ဖြေရှင်း၍ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။
(အယ်ဒီတာ့အာဘော်)
ရတနာပုံနေ့စဉ် ၊ စာ(၂)
#Yadanarpondaily
No comments:
Post a Comment