Social Icons

Pages

Monday, June 15, 2015

ဂုတ်ထိပ်တံတားသို့ နိုင်ငံခြားခရီးသွားဧည့်သည့် လည်ပတ်မှုနှုန်း မြင့်တက်လာသောကြောင့် မိုးရာသီတွင် သွားလာရေး အဆင်ပြေစေရန် စီစဉ်ပေးထား



ရန်ကုန် ၊ ၁၅-၆-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နာမည်ကျော် ဂုတ်ထိပ်တံတား သို့ လာရောက် လေ့လာ လည်ပတ်သော နိုင်ငံခြား ခရီးသွား ဧည့်သည် ပိုမိုများပြား လာခြင်းကြောင့် မိုးရာသီကာလ အတွင်း ခရီး သွားလာရေး ပိုမိုအဆင်ပြေ စေရန် စီစဉ် ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၎င်းဂုတ်ထိပ်  တံတားသည် နိုင်ငံခြား ခရီးသွား ဧည့်သည်များအား ဆွဲဆောင်မှု ရှိသည့် နေရာဖြစ်ပြီး အများစုသည် ရထားစီး ဖြတ်ကျော်ကာ ကြည့်ရှုလေ့လာ ကြသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် လားရှိုးမြို့ အထိ လေကြောင်းဖြင့် လာရောက်ပြီး ကျောက်မဲ၊ သီပေါမှ တစ်ဆင့် ရထားစီးနင်းကာ ဂုတ်ထိပ် တံတားကို လေ့လာကြသည်။ ယင်း နေရာများသည် နိုင်ငံခြား ခရီးသွား ဧည့်သည် များအား ပို့ဆောင် ပေးရမှု များသော နေရာတစ်ခု ဖြစ်သောကြောင့် လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်မှု ရှိလာစေရန် ဆောင်ရွက် ပေးထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း လေ့လာကြသော တခြားသော နေရာများမှာ သီပေါ ဘော်ကြိုဘုရား၊ သီပေါဟော်နန်း နှင့် ဒုဋ္ဌဝတီမြစ် တစ်လျှောက် လှေစီးခြင်းတို့ ဖြစ်သည်။

ယခုကာလသည် မိုးရာသီကာလ ဖြစ်သောကြောင့် လှေစီးခြင်း များကို ရာသီဥတု အခြေအနေပေါ် မူတည်ကာ ခွင့်ပြု ပေးသွားမည် ဖြစ်သည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ ယာဉ်ကြီး လိုင်းခုနစ်လိုင်း၊ ယာဉ်ငယ်လိုင်း ၄ဝ လိုင်းဖြင့် ဝင်ရောက် နိုင်သည့်အပြင် မန္တလေး- လားရှိုး မီးရထား ခရီးစဉ်ဖြင့်လည်း လာရောက် နိုင်ကြောင်း၊ အလားတူ လေကြောင်းလိုင်း အနေဖြင့်လည်း ခုနစ်လိုင်း စီစဉ် ပေးထားကြောင်း သိရသည်။

ယင်းဒေသ အတွင်းသို့ ခရီးသွား ဝင်ရောက်မှု အနေဖြင့်၂ဝ၁၂ ခုနှစ်တွင် လူဦးရေ ၅၈၅၆ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၉၁၈၆ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၁၂၂၁ဝ ဦးအထိ တိုးတက်ခဲ့ပြီး ယခုနှစ် ဧပြီလကုန် အထိ ၅၇၃၆ ဦး ဝင်ရောက်ခဲ့ ခြင်းကြောင့် ယခုနှစ်တွင် ပိုမိုတိုးတက် လာမည်ဟု မျှော်မှန်းလျက် ရှိကြောင်း၊ ယင်းဒေသသို့ လာရောက်နိုင် စေရန် ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ ၂၅ ခုထိရှိပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မူဆယ် တို့၌ တည်းခိုနိုင်သော ဟိုတယ် ၃၇ လုံး၊ အခန်းပေါင်း ၁၁၈၅ ခန်းအထိ ရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...