Social Icons

Pages

Monday, June 15, 2015

တောင်သမန်အင်း ရေညစ်ညမ်းမှုကြောင့် ပိတ်ခံထားရသော စက်ရုံများအနက်မှ ၂၁ ရုံကို ဆက်လက် စစ်ဆေးလျက်ရှိ



မန္တလေး ၊ ၁၅-၆-၂၀၁၅

မေလပိုင်းက တောင်သမန်အင်း အတွင်း ရေညစ်ညမ်း မှုကြောင့် အပိတ်ခံ ထားရသော စက်ရုံများ အနက်မှ ကျန်စက်ရုံ ၂၁ ရုံကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်သမန်အင်း တွင် ဧပြီလ အတွင်းက ရေညစ်ညမ်းမှုများ ဖြစ်ပွားကာ ငါးများ အစုလိုက် သေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေဆိုး စွန့်ပစ်မှုများ ကို တွေ့ရှိ ရသောကြောင့် ရေဆိုး စွန့်ပစ်သော စက်ရုံများအား လုပ်ငန်း လည်ပတ်ခွင့် ကို မေ ၁ ရက်မှ စတင်၍ ယာယီပိတ်သိမ်း ခဲ့ကြောင်း၊ ယင်းအနက် ပထမ အသုတ်တွင် စက်ရုံ ခြောက်ရုံအား စည်းကမ်းချက် နှင့်အညီ ဆောင်ရွက်နိုင် မှုကို လုပ်ဆောင်ကာ ယခုစမ်းသပ် လည်ပတ်ခွင့်ပြု ထားကြောင်း သိရသည်။

ယင်းစည်းကမ်း သတ်မှတ်ချက် များအား စစ်ဆေးရာတွင် တချို့ စက်ရုံများမှာ စည်ပင် သာယာရေး ကော်မတီမှ သတ်မှတ် ထားသော ပိုက်လိုင်းအတွင်း ရေဆိုး စွန့်ပစ်မှု မရှိခြင်း၊ ပိုက်လိုင်း သွယ်တန်းမှု မရှိခြင်း၊ တောင်သမန်အင်း အတွင်း စီးဝင်သော ပရံတော်ချောင်း ဘေးရှိ စက်ရုံများမှ အလွယ်တကူ ချောင်းထဲသို့ ရေဆိုးများ စွန့်ပစ်ခဲ့သည်ကို စစ်ဆေး တွေ့ရှိ ခဲ့ရသည်။

စက်ရုံများ အနေဖြင့် သတ်မှတ် ထားသော စည်းကမ်းချက် များအတိုင်း လိုက်နာ ဆောင်ရွက်မှု များ ပြုလုပ်ရန် နှင့် ပိုက်လိုင်း မသွယ်တန်း ရသေးသော စက်ရုံများ အနေဖြင့် စည်ပင် သာယာရေး ကော်မတီမှ သတ်မှတ် ထားသော ပင်မပိုက်လိုင်း ထဲသို့ စက်ရုံ ပိုက်လိုင်းများ သွယ်တန်း ပြီးစီးပါက စက်ရုံ လည်ပတ်ခွင့် ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ခွင့်ပြုပေးသော စက်ရုံ များမှာလည်း ယာယီ ဖွင့်လှစ်ခွင့်ပြု ခြင်းသာဖြစ်ပြီး စည်ပင် သာယာရေး ကော်မတီ၏ ဆုံးဖြတ်ချက် အတည်ပြု ပြီးမှသာ စက်ရုံ လည်ပတ်ခွင့် ပြုနိုင်မည် ဖြစ်ကြောင်း၊ တောင်သမန်အင်း
ပတ်ဝန်းကျင်ရှိ စက်ရုံများ အနေဖြင့် သတ်မှတ် ထားသော စည်းကမ်းချက်များ အတိုင်း လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိသေးသော စက်ရုံများအား ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...