Social Icons

Pages

Monday, May 18, 2015

၂ဝ၁၄ ခုနှစ်တွင် ရွက်လှေလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ၁၇ နှစ်တာ ကာလအတွင်း စံချိန်တင် အများဆုံးဖြစ်ခဲ့



ရန်ကုန် ၊ ၁၈-၅-၂ဝ၁၅

၂ဝ၁၄ ခုနှစ်တွင် ရွက်လှေ လုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ၁၇ နှစ်တာကာလ အတွင်း စံချိန်တင် အများဆုံး ဖြစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။

စက်တပ်ရွက်လှေ များသည် ကျွန်းပေါင်း ရှစ်ရာကျော် ရှိသည့် မြိတ်ကျွန်းစု များသို့ ဝင်ရောက် ကြခြင်းဖြစ်ပြီး ပြည်ပ ဧည့်သည်များသည် တိုင်းရင်းသားပိုင် ရွက်လှေလုပ်ငန်း၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများနှင့် ချိတ်ဆက်ကာ ကျွန်းစုများသို့ လာရောက် ကြခြင်းဖြစ်သည်။

ထိုသို့ လာရောက် ရာတွင် နိုင်ငံခြားသား ပိုင် ရွက်လှေလုပ်ငန်း များနှင့် ချိတ်ဆက် လာသည့် ခရီးသည်များကို ဝင်ကြေးအဖြစ် ကော့သောင်း ခရိုင်အတွင်း တစ်ဦးလျှင် ဒေါ်လာ ၁ဝဝ၊ မြိတ်ခရိုင် အထိ ဒေါ်လာ ၁၅ဝ နှင့် လေးညအိပ် ငါးရက်ထက် ပိုပါက ရက်ပိုကြေး အဖြစ် ခရီးသည် တစ်ဦးလျှင် တစ်ရက် ဒေါ်လာ ၂ဝ နှုန်း ကောက်ခံခြင်း ဖြစ်သည်။

နိုင်ငံသားပိုင် လုပ်ငန်းနှင့် ချိတ်ဆက်လာသော ခရီးသည်များကို ကော့သောင်း ခရိုင်အထိ ဒေါ်လာ ၅ဝ နှင့် မြိတ်ခရိုင် အထိ ဒေါ်လာ ၈ဝ ကောက်ခံခြင်း ဖြစ်သည်။ ထိုသို့ ကောက်ခံရာ၌ ၂ဝ၁၄ ခုနှစ်တွင် ဒေါ်လာ ၃၂၉၄၇ဝ နှင့် မြန်မာငွေကျပ် ၅၇၉၉၁၅ဝဝ ဖြင့် အများဆုံး စံချိန်တင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွှမ်းမိုး က ပြောသည်။

''မနှစ်က ဒီဇင်ဘာ တစ်လတည်းရဲ့ ဝင်ငွေက ၂ဝ၁၂ ခုနှစ် တစ်နှစ်လုံး ဝင်ငွေရဲ့ ၆၇ ရာခိုင်နှုန်း လောက်အထိ တက်ခဲ့တယ်။ ဒီနှစ်လည်း မနှစ်ကထက် များမယ်လို့ ခန့်မှန်းထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

စက်တပ်ရွက်လှေ ခရီးသည် များသည် မိသားစုလိုက် အပန်းဖြေခြင်း သော်လည်းကောင်း၊ အဖွဲ့အားဖြင့် သော်လည်းကောင်း လာရောက်ကြခြင်း ဖြစ်ပြီး ခရီးသည် များ၏ လိုအပ်ချက်ကြောင့် ရွက်လှေ ကုမ္ပဏီများက ရေငုပ်ခရီးစဉ် နှင့် Adventure ခရီးစဉ် ဟူ၍ ခရီးစဉ်များ ရေးဆွဲ ရောင်းချလျက် ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစု များသည် ကျွန်းစုများ နီးကပ်စွာ တည်ရှိ နေခြင်းကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်မှု နည်းပါးခြင်း၊ ကျွန်းများပေါ်၌ လူနေမှု နည်းပါးခြင်း နှင့် သဘာဝ သယံဇာတ များစွာ မပျက်မစီး တည်ရှိခြင်း စသည် တို့ကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်းအတွက် သဘာဝ အားသာချက်များ ရှိ၍ ပြည်ပ ဧည့်သည်များ လာရောက် ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွား လုပ်ငန်းကို ထိခိုက်စေမည့် ငါးဗုံးခွဲခြင်း၊ သစ်တောများ ခုတ်ခြင်း၊ ရွာသစ်များ တည်ဆောက်ခြင်း၊ ကမ်းခြေ တစ်လျှောက် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း နှင့် ပုလင်းကွဲစ ပစ်ခြင်းများကို ကာကွယ်ရန် လိုအပ်ကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မင်းမင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...