Social Icons

Pages

Wednesday, April 8, 2015

Trip Advisor ၀က်ဘ်ဆိုက် မှ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေများစာရင်းတွင် ငပလီကမ်းခြေကို ထည့်သွင်းဖော်ပြ



ရန်ကုန် ၊ ၈-၄-၂၀၁၅

ကမ္ဘာကျော် ခရီးသွားလာမှု လမ်းညွှန်တစ်ခု ဖြစ်သည့် TripAdvisor ဝက်ဘ်ဆိုက်မှ အားလပ်ရက်တွင် ကမ္ဘာ အနှံ့အပြားရှိ အပန်းဖြေရန် ကမ္ဘာ့ အကောင်းဆုံး ကမ်းခြေများ စာရင်းတွင် မြန်မာနိုင်ငံရှိ တိတ်ဆိတ် ငြိမ်သက်သည့် ငပလီကမ်းခြေ ကို ထည့်သွင်းဖော်ပြ ထားကြောင်း သိရသည်။

ကမ္ဘာ အနှံ့အပြားတွင် အပန်းဖြေ လည်ပတ်နိုင်ရန် အသင့်လျော်ဆုံး ကမ်းခြေ ၂၆ ခု၌ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေ နှင့် ထိုင်းနိုင်ငံရှိ Nai Harn ကမ်းခြေကို ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ငပလီ ကမ်းခြေတွင် ဟိုတယ် ၁၃ လုံးရှိကာ သွားရောက် လည်ပတ်ရန် အကောင်းဆုံး အချိန်မှာ နိုဝင်ဘာလ မှ မတ်လအထိ ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် ငပလီကမ်းခြေ သို့ ပြည်တွင်း ခရီးသွား ဧည့်သည် များထက် ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်မှု ပိုမို များပြားပြီး ဥရောပ နိုင်ငံများမှ အများဆုံး လာရောက် လည်ပတ် ကြသည်။ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ လဆန်းတွင် ကမ်းခြေ တစ်လျှောက်ကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် အပျော်စီး မိုးပျံပူဖောင်း ခရီးစဉ်ကို ပျံသန်းရန် စီစဉ်နေသဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စား လာဖွယ်ရှိကြောင်း ခရီးသွား လုပ်ငန်းရှင် များက ပြောသည်။

TripAdvisor ၀က်ဘ်ဆိုက် သည် အမေရိကန်နိုင်ငံ အခြေစိုက် ခရီးသွား ဝန်ဆောင်မှု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက် တွင် ခရီး သွားလာမှု ကဏ္ဍများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ အပြင် ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသည့် နေရာများကို ဖော်ပြထားသည့် ကမ္ဘာ့အကြီးဆုံး ခရီးသွား ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပြီး ကမ္ဘာ တစ်ဝန်းတွင် အဖွဲ့ဝင်ပေါင်း သန်း ၆ဝ ခန့် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...