Social Icons

Pages

Thursday, April 9, 2015

တပ်မတော်(ရေ )မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 )ဆောင်ရွက်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုစဉ်

နေပြည်တော် ၊ ၉-၄-၂ဝ၁၅

တပ်မတော် အနေဖြင့် နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်လေထုတို့ကို လုံခြုံစွာ ကာကွယ်စောင့် ရှောက်ရန် အင်အား တောင့်တင်း၍ စွမ်းရည် ထက်မြက် မြင့်မားသော တပ်မတော် တည်ဆောက် ရေးအတွက် အစဉ်အမြဲ အကောင်အထည်ဖော် လေ့ကျင့် တည်ဆောက်လျက် ရှိသည်။ ထိုသို့ လေ့ကျင့် တည်ဆောက်ရာတွင် တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာ အာဏာ ခိုင်မာစေရန် နှင့် နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2015) အား ယမန်နေ့ နံနက်ပိုင်း၌ မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း အနီး (ကျောက်ဖြူဒေသ) ပင်လယ်ပြင်တွင် စစ်ရေယာဉ် ၂ဝ ကျော်ဖြင့် လေ့ကျင့်ရေး ဆောင်ရွက်ခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)အား ဂုဏ်ပြုသော အားဖြင့် တပ်မတော်(ရေ) ဝတ်စုံ ဝတ်ဆင်၍ တက်ရောက် ကြည့်ရှုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် သတင်း မီဒီယာများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
စစ်ရေယာဉ် အောင်ဇေယျပေါ်တွင် လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေတပ်မမှူး က
 လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာကို ရှင်းလင်း တင်ပြစဉ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း 
( Combined Fleet Exercise - Sea Shield 2015 ) သို့ တက်ရောက်ကြသူများ 
အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေယာဉ် အောင်ဇေယျပေါ်သို့ ရောက်ရှိပြီး တာဝန်ကျတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ သည်။ ထို့နောက် စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေတပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေငုပ်အထူး တပ်ဖွဲ့ ( NAVY SEALs ) က ရန်သူ့ နယ်မြေ အတွင်းရှိ ဆီတင်ရေယာဉ် တစ်စီးအား စီးနင်း၍ ဖောက်ခွဲနစ်မြှုပ် ပိတ်ဆို့ခြင်း လေ့ကျင့်ခန်းအား ကြည့်ရှုကြသည်။

ဆက်လက်၍ တာဝန်ရေ တပ်မမှူးနှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည်ထွက်ခွာပြီး လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

လေ့ကျင့်ရာတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်များ လက်တွေ့ ပစ်ခတ်ခြင်း၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့ ပစ်ခတ်ခြင်း၊ ၁ဝဝ မီလီမီတာ အမြောက်ကြီး များဖြင့် လက်တွေ့ ပစ်ခတ်ခြင်းများ အပါအဝင် ပစ်မှတ်ရေယာဉ် တစ်စီးအား ပဲ့ထိန်းဒုံးပျံဖြင့် လက်တွေ့ပစ်ခတ် နစ်မြှုပ်ခြင်းများ လေ့ကျင့် ဆောင်ရွက် နိုင်ခဲ့သည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် စီးနင်း လိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေယာဉ် အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် အောင်ဇေယျ ပေါ်မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) တွင်ပါဝင် ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များအား လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း 
( Combined Fleet Exercise - Sea Shield 2015 ) တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူး 
များနှင့် အရာရှိ ၊ စစ်သည်များအား လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားစဉ်


စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) လေ့ကျင့် ဆောင်ရွက်စဉ်

ထိုသို့ ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က Sea Shield - 2015 လေ့ကျင့်ခန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် အတွက် ပါဝင်ကြသည့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၊ စစ်ရေယာဉ် အဖွဲ့များ အားလုံးကို ချီးကျူးဂုဏ်ပြု မှတ်တမ်းတင် ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကမ်းရိုးတန်း အရှည် ၁၂၄၇ မိုင်၊ မြန်မာ့ပိုင်နက် ပင်လယ် အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၄ဝဝဝ ကျော် ရှိပါကြောင်း၊ ၄င်းအပြင် ကျွန်းပေါင်း ၁၂ဝဝ ကျော်ရှိပြီး ရေပေါ်ရေအောက် သယံဇာတ များစွာရှိ၍ ရေကြောင်း အကျိုးစီးပွား များပြားပါကြောင်း၊ တည်နေရာ အရလည်း အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်စပ်တည်ရှိပြီး မဟာဗျူဟာ အရ အရေးပါခြင်း တို့ကြောင့် ဖြစ်လာနိုင်ဖွယ် ရှိသော ရန်ပြုမှု မှန်သမျှကို ရင်ဆိုင်နိုင်ရန်၊ ကာကွယ်နိုင်ရန် တပ်မတော်(ရေ) အနေဖြင့် ပြင်ဆင်လေ့ကျင့် နေရမည် ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အမြဲအသင့် ဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကို အင်အား တည်ဆောက်ပေးခြင်း၊ ယင်း အင်အားများကို လေ့ကျင့်ပေးခြင်း၊ တပ်များ၏ စွမ်းရည်မြှင့်တင် ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တပ်မတော်(ရေ) အနေဖြင့်လည်း အသင့်ဖြစ်မှု ၃ခု ဖြစ်သည့် တပ်ဖွဲ့ဝင်များ အသင့် ဖြစ်မှု၊ စစ်ရေယာဉ်များ အသင့်ဖြစ်မှု၊ အီလက်ထရောနစ် အသင့်ဖြစ်မှု များကို ရေတပ်သား အဆင့်မှ စစ်ရေယာဉ်မှူး များအထိ စဉ်ဆက်မပြတ် လေ့ကျင့် နေရမှာဖြစ်ကြောင်း၊ လေ့ကျင့်ရေး ဆိုသည်မှာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည် မြှင့်တင်သည့် အခန်းကဏ္ဍ ဖြစ်ပါကြောင်း၊ မည်သည့် အလုပ်မဆို လုပ်ငန်းနှင့် အကျွမ်းတဝင် ရှိမှသာ အောင်မြင်မှု ရမှာဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာတွင် တပ်မတော်(ရေ) အနေဖြင့် ရေပြင်၊ ရေအောက်၊ ကမ်းခြေ စစ်ဆင်ရေး များကို အီလက်ထရောနစ် စစ်ဆင်မှုဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုကြောင်း၊ ယင်း အကြောင်းအချက် အားလုံးကို အကျွမ်းတဝင် ရှိမှသာ ရည်မှန်းချက် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း၊ Maritime Security သည် သက်ဆိုင်ရာ တိုင်းပြည် သာမက နိုင်ငံတကာ ကပါ စိတ်ဝင်စား ပါကြောင်း၊ ၄င်းအပြင် HADR ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ မှာလည်း မလွဲမသွေ ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်၍ ယင်းလုပ်ငန်း တာဝန်များကို နိုင်ငံတော်နှင့် တပ်မတော် အနေဖြင့် တပ်မတော်(ရေ) ၏ တည်ဆောက်ရေး အပိုင်းကို လုပ်ဆောင်ပေး နေပြီး တပ်များ၏ စွမ်းရည် မြင့်မားရေးကို တစ်ဦးချင်း လေ့ကျင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်း၏ အားသာချက်၊ အားနည်းချက် များကို သေချာစွာ ဖော်ထုတ်၍ ရေတပ် စွမ်းပကား မြင့်မားရေး အတွက် တပ်မတော်(ရေ) ၏ ဆောင်ပုဒ် ဖြစ်သည့် ရွှေပင်လယ်ကို ကာကွယ် စောင့်ရှောက် နိုင်စွမ်း ရှိသူများဖြစ်အောင် ကြိုးစားအားထုတ် လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် စစ်ရေယာဉ် ၂၁ စီးဖြင့် Sea Shield 2014 အား ဆောင်ရွက် နိုင်ခဲ့ပြီး ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2015 ) တွင် စစ်ရေယာဉ် မျိုးစုံ ၂၂ စီး အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၈၆ ဦးတို့ ပါဝင်လေ့ကျင့် ခဲ့ကြသည်။

နိုင်ငံတော်ပိုင် ပင်လယ်ပြင်အား မည်သည့် ကျူးကျော်မှုမျိုး ကိုမဆို ကာကွယ်နိုင်ရေး နှင့် ပင်လယ်ပြင်မှ အမျိုးသား အကျိုးစီးပွားများကို ကာကွယ်နိုင်ရေး အတွက် ပင်လယ်ပြင် ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း များကို နှစ်စဉ်ပြုလုပ်၍ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်စေပြီး ပစ်ခတ်မှုနှင့် လက်တွေ့ စစ်ကစားလှုပ်ရှားမှု ပေါင်းစပ် လေ့ကျင့်ခြင်းဖြင့် စစ်ရေယာဉ်နှင့် စစ်သည်များ စွမ်းရည်ကိုလည်း တိုးမြင့်စေမည် ဖြစ်ကြောင်း သိရှိရသည်။

စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) လေ့ကျင့် ဆောင်ရွက်စဉ်





#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...