ရန်ကုန် ၊ ၁၆-၃-၂၀၁၅
တိုင်ဝမ်ရှိ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း များတွင် အလုပ်သမား ရှားပါးခြင်း အခက်အခဲ များကို ဖြေရှင်းနိုင်ရန် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား တိုင်ဝမ် လုပ်ငန်းရှင် များက တရားဝင် ခေါ်ယူကာ အလုပ် ခန့်အပ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ဝဝ နီးပါးကို တိုင်ဝမ်သို့ တရားဝင် ခေါ်ယူ ခန့်အပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး အဆင်ပြေ ပါက နောက်ထပ် အလုပ်သမားများ ထပ်မံ ခေါ်ယူ၍ အလုပ်ခန့်အပ် သွားမည် ဖြစ်ကြောင်း တိုင်ဝမ် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ အလုပ်သမားများ စမ်းသပ် ခန့်အပ်ခြင်း အစီအစဉ်ကို လာမည့် မေလဆန်း ပိုင်းတွင် စတင် အကောင်အထည် ဖော်ရန် စီစဉ်ထားပြီး တိုင်ဝမ် အစိုးရ အနေဖြင့် ထိုကဲ့သို့ ပြည်ပနိုင်ငံမှ အလုပ်သမားများ တရားဝင် ခေါ်ယူရန် စီစဉ် ဆောင်ရွက်ခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပြင် ဘင်္ဂလားဒေ့ရှ် နှင့် သီရိလင်္ကာ နိုင်ငံ တို့မှလည်း အလုပ်သမားများ စမ်းသပ် ခေါ်ယူရန် စီစဉ် ထားကြောင်း သိရသည်။
တိုင်ဝမ်အနေဖြင့် ၄င်းနိုင်ငံရှိ လုပ်ငန်းခွင် တချို့တွင် အလုပ်သမား ရှားပါးမှု အခက်အခဲ များကို လျှော့ချနိုင် စေရေး မြန်မာနိုင်ငံမှ အလုပ်သမား များအား ခေါ်ယူ ခန့်အပ်ရန် စီစဉ် ဆောင်ရွက် နေသကဲ့သို့ တစ်ဖက် တွင်လည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့် လုပ်ဆောင် သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
လက်ရှိတွင် တိုင်ဝမ်၌ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင် အစရှိသော နိုင်ငံတို့မှ လုပ်ငန်းရှင်များ ဝင်ရောက်၍ စက်ရုံ အလုပ်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ နှင့် စားသောက်ဆိုင် လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။
ဆောင်းဦး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment