ရန်ကုန် ၊ ၁၆-၃-၂၀၁၅
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ရှိသည့် လမ်းတချို့ကို ယခုနှစ် နှစ်လယ်ပိုင်းတွင် လက်ယာရစ် တစ်လမ်းမောင်း စနစ် ကျင့်သုံး သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ရန်ကုန်မြို့လယ် မှာရှိတဲ့ မြို့နယ် ခြောက်မြို့နယ်မှာ လက်ယာရစ် တစ်လမ်းမောင်း စနစ်ကို ကျင့်သုံး သွားမှာပါ။ အဲဒီလို ကျင့်သုံးမယ် ဆိုရင် မီးပွိုင့်စနစ်တွေ ပျက်ပြယ် သွားနိုင်ပြီး ယာဉ်ကြော ကျပ်တည်းမှု ကိုလည်း လျှော့ချ ပေးသွားနိုင်မှာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။
အဆိုပါစနစ် ကျင့်သုံးရန် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော ခရီးသွား ပြည်သူများ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်း အစည်းအဝေး၌ အတည်ပြု ခဲ့ခြင်းဖြစ်ပြီး ယင်းကို အကောင်အထည် ဖော်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
လက်ယာရစ် တစ်လမ်းမောင်း စနစ် ကျင့်သုံးမည့် လမ်းများမှာ ဘုန်းကြီးလမ်း၊ လမ်းမတော်လမ်း၊ ရွှေဘုံသာလမ်း၊ စဥ့်အိုးတန်းလမ်း၊ ဆူးလေဘုရားလမ်း နှင့် ပန်းဆိုးတန်းလမ်း တို့ဖြစ်ပြီး ယင်းစနစ် ကျင့်သုံးမည့် အစီအစဉ်ကို ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင် များကလည်း ကြိုက်နှစ်သက် ကြောင်း သိရသည်။
ယင်းစနစ်ကို ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။ နိုင်ငံတကာ ၌လည်း ယာဉ်အသွား အလာ များသည့် လမ်းများနှင့် လမ်းမများ၌ လက်ယာရစ် တစ်လမ်းမောင်း စနစ် ကျင့်သုံး ကြကြောင်း သိရသည်။
မင်းသော်တာလွင်
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment