Social Icons

Pages

Wednesday, April 1, 2015

အော်ဂဲနစ် စိုက်ပျိုးသူများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဇုန်မြေများ ဖော်ထုတ်ပေးရန် လိုအပ်


ရန်ကုန် ၊ ၁-၄-၂၀၁၅

အော်ဂဲနစ်စိုက်ခင်းတစ်ခုအား တွေ့ရစဉ်
အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများမှာ ဈေးကွက် အနေအထားအရ တစ်နေ့တခြား ပိုမိုများပြား လာခဲ့ပြီး ၄င်းတို့အတွက် သီးခြားဇုန်မြေများ ဖော်ဆောင်ပေးရန် လိုအပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေး အဖွဲ့မှ သိရသည်။

''ဈေးကွက်က ဖော်စရာ မလိုဘူး၊ ရှိနေပြီ။ အခု လူတွေက သိလာကြပြီ ဆိုတော့ တောင်းဆို ဝယ်ယူမှုတွေ ရှိလာတယ်။ စိုက်ပျိုးတဲ့ သူတွေ ဒီထက်များ လာဖို့ ဇုန်တွေ ဖော်ဆောင် ပေးမယ်ဆိုရင် အထွက်တိုး လာမှာပါ'' ဟု မြန်မာနိုင်ငံ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။

အော်ဂဲနစ်သီးနှံ စိုက်ပျိုးရန် လက်ရှိ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးများ အသုံးပြု စိုက်ပျိုးထားသည့် မြေနေရာများ နှင့် ကင်းဝေးရန် လိုအပ်ပြီး စိုက်ပျိုးရေး ကောင်းမည့် ရေခံ၊ မြေခံကောင်းများ ရှိရန်နှင့် စိုက်ပျိုးရန် မြေနေရာ ကျယ်ဝန်းရန် လိုကြောင်း သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ က ပြောသည်။

မြန်မာနိုင်ငံ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးအဖွဲ့ အနေဖြင့် အော်ဂဲနစ်သီးနှံ စိုက်တောင်သူများ အတွက် တဖြည်းဖြည်း တိုးပွား လာစေရန် စီစဉ်ဆောင်ရွက် နေပြီး ယင်းတို့၏ လိုအပ်ချက် များကို ပြည့်စုံမှု ရှိလာစေရန် ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့ အနေနဲ့ နှစ်စဉ် အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတယ်။ အခမ်းအနားတွေ လုပ်ပေးတယ်။ ပြီးတော့ အော်ဂဲနစ်ဆိုင်ရာ စာပေ ဟောပြောပို့ချပွဲ လုပ်ပေးတယ်။ နောက် သူတို့ဆီက ထွက်တာတွေကို ဈေးကွက်ထဲမှာ နေရာရအောင် ကြိုးစားပေးတယ်။ ဈေးကွက် မရသေးမီမှာ ကျွန်တော်တို့ တချို့နေရာမှာ ပြန်ဝယ်ပေးလို့ ရတာမျိုး ဖြစ်အောင် ကြိုးစားဖို့ ရှိတယ်။ အာမခံ တယ်ပေါ့'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအတွက် အဓိက အခက်အခဲမှာ ဈေးကွက်ရှိသည့် နေရာသို့ ရောက်ရှိနိုင်ရန် သယ်ယူ ပို့ဆောင်ရေး စရိတ်ကြီးမြင့် နေခြင်းကြောင့် မိမိတို့၏ ဒေသ ထွက်ကုန်များကို ဒေသတွင်း ၌သာ ပြန်လည် ရောင်းချရခြင်းမျိုး ရှိနေကြောင်း သိရသည်။

''လမ်းပန်းဆက်သွယ်ရေး ကောင်းရင် ဒေသထွက်ကုန် တွေက ဈေးကောင်းပိုရ မှာပေါ့။ အခုက သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် မန္တလေးက ထွက်ရင် မန္တလေးမှာပဲ ဈေးကွက်လုပ်လို့ ရမယ်'' ဟု ညောင်တုန်းမြို့မှ တောင်သူ ဦးမြစိုး က ပြောသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...