Social Icons

Pages

Showing posts with label အော်ဂဲနစ်စိုက်ပျိုးရေး. Show all posts
Showing posts with label အော်ဂဲနစ်စိုက်ပျိုးရေး. Show all posts

Tuesday, October 2, 2018

ရန်ကုန်မြို့ ရှိ စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ



ရန်ကုန် အောက်တိုဘာ ၁ 
-
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြေဧက ၅ဝ ပေါ်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ရန်ရှိကြောင်း စိန်မေရီကျောင်း၌ မှို 
စိုက်ပျိုးရေးအတွက် နည်းပညာပေးနေသူ ဆရာမဒေါ်ပြုံးစန္ဒာထံမှ သိရသည်။ စိန်မေရီအော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် နွား၊ ဆိတ်၊ ကြက်များမွေးမြူထားသည့်အပြင် သကြားသီး၊ ကျွဲကောသီးမှစ၍ 
သစ်သီးဝလံနှင့် ပန်းမန်မျိုးစုံကို ဓာတုကင်းလွတ်သီးနှံများအဖြစ် ၁၉၇၃ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
''အောင်ဆန်းအားကစားကွင်းအနီးမှာရှိတဲ့ စိန်မေရီကျောင်းမှာရောင်းတယ်။ အပြင် ဈေးကွက်ထဲကိုတော့ သိပ်မရောက်သေးဘူး။ အဓိကက တစ်ပတ်ကို တစ်ရက်ရောင်းတယ်။ ကျောင်းမှာရှိတဲ့ ကလေးတွေစားဖို့အတွက် 
အပြင်ကမဝယ်ရတော့ဘူး။ နည်းနည်းတိုးချဲ့ စိုက်ပျိုးဖို့ လုပ်ဆောင်နေပါတယ်''ဟု ဒေါ်ပြုံးစန္ဒာက ပြောသည်။
-
ထို့ပြင် ပိုလျှံသည်များကို ရောင်းချခြင်းမှာ တစ်နှစ်ခန့်သာရှိသေးပြီး စနေနေ့တစ်ရက်တည်းသာ ဖွင့်လှစ်သည့် အော်ဂဲနစ်ဈေး၌ ရောင်းချနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
-
''ဒီမှာစိုက်ပျိုးတဲ့ သီးနှံတွေအားလုံးက အော်ဂဲနစ်တွေပါ။ နွားချေးဆိုလည်း ကိုယ်တိုင် မွေးထားတဲ့နွားခြံထဲက နွားချေး၊ ကြက်ချေးဆိုလည်း ကိုယ်တိုင်မွေးထားတဲ့ကြက်ခြံထဲက ကြက်ချေးတွေနဲ့ပဲ မြေသြဇာလုပ်ပြီး အပင်
တွေကိုကျွေးတာပါ။ ထူးခြားချက်က အမျိုးသမီးတွေပဲ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေတာပါ''ဟု ဒေါ်ပြုံးစန္ဒာကပြောသည်။
-
လတ်တလောတွင် စိန်မေရီမိဘမဲ့ကျောင်းမှ စစ္စတာအပါး ၅ဝ ကျော်နှင့် ကျောင်းသူ ၁၂၅ ဦးတို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အော်ဂဲနစ်သီးနှံများသည် ဓာတ်မြေသြဇာ 
သုံးသီးနှံများထက် ၃ဝ ရာခိုင်နှုန်းခန့် ဈေးနှုန်း ပိုမိုများပြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, July 5, 2018

ယခုနှစ်တွင်သဘာဝ ဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ဈေးကောင်းရ



လားရှိုး ၅-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ယခုနှစ် လက်ဖက်ညွန့် ထွက်ချိန်တွင် သဘာဝဘေးဒဏ်ကြောင့် လက်ဖက်ရရှိမှု နည်းသော်လည်း ပြန်လည်ရောင်းချရာ၌ ဈေးကောင်း ရရှိကြသဖြင့် လက်ဖက်စိုက် တောင်သူများ အဆင်ပြေကြောင်း တန့်ယန်းမြို့နယ်မှ လားရှိုးမြို့သို့ လက်ဖက်လာရောက် ရောင်းချသူ ဒေါ်နန်းမွမ်းထံမှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လက်ဖက်စိုက်ပျိုးခြင်းကို လားရှိုး၊တန့်ယန်း၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲနှင့် လောက်ကိုင်မြို့နယ် တို့တွင် စိုက်ပျိုးမှုများပြားပြီး ကျောက်မဲ၊ နမ့်ဆန်နှင့် တန့်ယန်းမြို့နယ်တို့၌ နှစ်စဉ်လက်ဖက်ထွက်ရှိမှု များပြားကြောင်း၊ လက်ဖက်ထွက်ရှိမှု ကောင်းမွန်သဖြင့် ဈေးနှုန်းလည်း မြင့်တက်မှုမရှိဘဲ လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝမှ အမြင့်ဆုံး ငွေကျပ် ၁၈ဝဝဝထိသာ ရောင်းချခဲ့ရကြောင်း၊ ပြီးခဲ့သည့် သုံးနှစ် နောက်ပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှု များကြောင့် လက်ဖက်ညွန့်များ အရင့်မြန်ခြင်း၊ လက်ဖက်ခူးချိန်တွင် လုပ်သားရှားပါး သည့်အတွက် အချိန်မီမခူးဆွတ် နိုင်ခြင်းတို့ကြောင့် လက်ဖက်ရရှိမှုနည်းပါးသဖြင့် လက်ဖက်စိုက်သူများ အနေဖြင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

"ကျွန်မတို့က တခြားမြို့နယ် တွေကိုလဲ ဖြန့်တာရှိတယ်။ ကိုယ်တိုင်လဲရောင်းပါတယ်။ ဈေးနှုန်းကတော့ အတက်ဘက်မှာပဲ ရှိတယ်။ ဒီနှစ်တော့ လက်ဖက်ဈေးကလဲ အရင်နှစ်က ငွေကျပ်၄၅ဝဝ၊ ငွေကျပ်၅ဝဝဝရောင်းတဲ့ လက်ဖက်ခြောက်ကို ငွေကျပ် ၆ဝဝဝ၊ငွေကျပ် ၇ဝဝဝ ရောင်းရတယ်။ အမြင့်ဆုံးငွေကျပ် ၃ဝဝဝဝကျပ်ထိ ရောင်းရတယ်ဆိုတော့ လက်ဖက်အထွက် နည်းပေမယ့် ဈေးကောင်းရလို့ ကျွန်မတို့အနေနဲ့ အရှုံးမရှိပါဘူး"ဟုဒေါ်နန်းမွမ်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, July 4, 2018

ရာနှုန်းပြည့်အော်ဂဲနစ် သီးနှံများထုတ်လုပ်နိုင်ရေးအတွက် အော်ဂဲနစ်သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၄-၇-၂ဝ၁၈

တောင်သူများ ဝင်ငွေတိုးစေမည့် ရာနှုန်းပြည့် အော်ဂဲနစ်သီးနှံများ ထုတ်လုပ်နိုင်ရန် အခြေခံအော်ဂဲနစ် သင်တန်းကို ရန်ကုန်မြို့၌ ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း အော်ဂဲနစ်တာဝန်ခံ ဒေါက်တာဝင်းထွဋ်ထံမှ သိရသည်။

အဆိုပါ သင်တန်းကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးခန်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ချင်သူတွေအတွက် အခြေခံသင်တန်း ဖွင့်လှစ် ပေးတာပါ။ အခြေခံကနေစပြီး သင်ကြား ပြသပေးသွားမှာပါ'' ဟု ဒေါက်တာဝင်းထွဋ်က ပြောသည်။

တောင်သူဦးကြီးများ အတွက် အဆင်ပြေစေရန် သင်တန်းတွင် မြန်မာစာတတ်သည့် အဆင့်မှစတင် လက်ခံပေးမည် ဖြစ်ကာ မြေကျန်းမာရေး၊ ရေကျန်းမာရေး၊ စိုက်ပျိုးရာတွင် အစားအသောက်များတွင် ရှိသင့်သည့် စံချိန်စံညွှန်း များအား ထည့်သွင်းသင်ကြား ပေးမည်ဖြစ်သည်။

ထို့ပြင် သင်တန်းတက်ရောက် ခြင်းအားဖြင့် စိုက်ပျိုးသူများမှာ မိမိတို့စိုက်ပျိုးသည့် သီးနှံများကြောင့် သဘာဝပတ်ဝန်းကျင် နှင့်မြေယာများ၌ ဇီဝဗေဒအဆိပ်သင့်မှုများ မရှိနိုင်တော့ဘဲ ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များ ကိုထုတ်လုပ် နိုင်မည့်အပြင် တခြားသူများအား ရောင်းချပေးနိုင်မည့် အော်ဂဲနစ်သီးနှံများကို ရာနှုန်းပြည့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 13, 2018

ကော်ဖီစိုက်ပျိုး ရာသီအမီ ဖြန့်ချိနိုင်မည့် အော်ဂဲနစ်ကော်ဖီ ပျိုးပင်ခုနစ်သိန်းခွဲရှိသည့် ပျိုးခြံတစ်ခု ရွာငံမြို့နယ်၌ စတင်တည်ထောင်



ရွာငံ ၁၃-၆-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်၌ အော်ဂဲနစ် ကော်ဖီပျိုးပင် ခုနစ်သိန်းခွဲရှိသည့် ပျိုးခြံတစ်ခု စတင်တည်ထောင်ပြီး ၂ဝ၁၉ ကော်ဖီ စိုက်ပျိုးရာသီအမီ တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည် ဖြစ်ကြောင်း ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း အောင်နေလင်းထွန်း ကုမ္ပဏီဒါရိုက်တာ ဦးငွေထွန်းထံမှ သိရသည်။

အဆိုပါပျိုးခြံကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကဇက်ကျေးရွာရှိ ဥာဏ်ကြီးရှင် ကော်ဖီခြံ၌ တည်ထောင်ထားခြင်း ဖြစ်ပြီးကော်ဖီစိုက်ပျိုးသူ တောင်သူများ အနေဖြင့် ၂ဝ၁၉ ကော်ဖီစိုက်ပျိုးရာသီတွင် ကော်ဖီစိုက် ဧက ၅ဝဝ ကျော်၌ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ထားသည်။ ပျိုးခြံတွင် အာရေဘီကာကက်တွိုင်း ကော်ဖီမျိုးစိတ် တစ်မျိုးတည်းကိုသာ စနစ်တကျစိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးသူ များသည် ရရှိလာသော ကော်ဖီမျိုးစိတ်များကို ရောနှောစိုက်ပျိုးသဖြင့် အရည်အသွေး မညီမျှခြင်း၊ ခူးဆွတ်ချိန် မမှန်ခြင်းနှင့် မျိုးစိတ်အမည်ကို မဖော်ပြနိုင်သဖြင့် ဈေးကွက်မရ ရှိခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အရင်က ကော်ဖီပျိုးတယ်ဆိုရင် သေချာမပျိုးတော့ ကော်ဖီပင်တွေက ပျိုးခြံမှာ သေချာဂရု မစိုက်တဲ့အတွက် ကော်ဖီပင်ရဲ့ သက်တမ်းက တိုပါတယ်။ အသီးသီးရင်လည်း ကော်ဖီပင်ရဲ့ အရည်အသွေးက လျော့သွားတယ်။ အဓိကအခက်အခဲက မျိုးတစ်မျိုးတည်း မရဘူးဖြစ်နေတယ်။ ဥပမာ-စပါးလိုပေါ့။ စပါးဆိုရင် ပေါ်ဆန်းမွှေး၊ ငစိန်နဲ့ ငကျွဲတစ်မျိုးစီ စိုက်ရင်တော့ မျိုးကကောင်းတယ်။ အကုန်ရောစိုက်တဲ့အခါ မျိုးတစ်မျိုးတည်း မရတဲ့အတွက် အခက်အခဲရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က အော်ဂဲနစ်စိုက်ခင်း တွေနဲ့ကိုက်ညီတဲ့ ပျိုးပင်တွေကို ပျိုးတာပါ'' ဦးငွေထွန်းက ပြောသည်။

ထို့ပြင် ကော်ဖီပျိုးခြံမှ ရရှိလာသော ကော်ဖီမျိုးကောင်း မျိုးသန့်ပင်များကို နိုင်ငံတစ်ဝန်းရှိ ကော်ဖီစိုက်ပျိုးလိုသူ များထံသို့ သင့်တင့်သော ဈေးနှုန်းများဖြင့် ၂ဝ၁၉ ကော်ဖီစိုက်ပျိုး ရာသီအမီ ရောင်းချမည်ဖြစ်ပြီး စိုက်ပျိုးရန် နည်းပညာများကိုပါ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါကော်ဖီပျိုးခြံမှ ကော်ဖီပျိုးပင် ၇၅ဝဝဝ ခန့်ကို တောင်သူများက ကြိုတင်မှာထားကြောင်း သိရသည်။

#Themyawadydaily

Friday, June 8, 2018

ပြင်ဦးလွင် မြို့နယ်ရှိ နဂါးမောက်စိုက်ခင်းများတွင် ပျားအုံဝန်ဆောင်မှု ဆောင်ရွက် နိုင်ခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝကျော် အမြတ်ရရှိ



ပြင်ဦးလွင် ၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် အနီးစခန်း ပြင်စာကျေးရွာအနီးရှိ ဟန်ဦးမောင် နဂါးမောက်စိုက်ခင်း ၁၂ ဧကကို ၂ဝ၁၇ ခုနှစ် သြဂုတ်လမှစ၍ ပျားအုံ ၅ဝ ဖြင့် နဂါးမောက်ပင်များ ဝတ်မှုန်ကူး ဝန်ဆောင်မှုကို မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ယခင်နှစ်များကထက် အရသာပိုမိုကောင်းမွန်ပြီး အလုံးကြီးများ ထွက်ရှိခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝ ကျော် ပိုမိုအမြတ်ရရှိခဲ့ကြောင်း ပျားလုပ်ငန်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပြ၍ သိရသည်။

ပျားအုံဝန်ဆောင်မှု ဝတ်မှုန်ကူး မဆောင်ရွက်မီ နှစ်များက နဂါးမောက်သီးအလတ်၊ အသေးနှင့် ပယ်သီးများ ထွက်ရှိသဖြင့် ရောင်းတမ်းမဝင်ခဲ့ဘဲ ဆုံးရှုံးမှုများရှိခဲ့ရာ ပျားအုံချ၍ ဝန်ဆောင်မှု ဝတ်မှုန်ကူး ဆောင်ရွက်ခြင်း အားဖြင့် နဂါးမောက်သီးများ ရောဂါကင်းရှင်းခြင်း၊ အရွယ်အစားပိုမို ကြီးမားလာခြင်း၊ ပယ်သီးများ မထွက်ရှိခြင်း၊ ယခင်ပျားအုံများမချမီ တစ်ကီလိုလျှင် သုံးလုံး၊လေးလုံးရှိနေရာ ပျားအုံချပြီးနောက် တစ်ကီလိုလျှင် တစ်လုံး၊နှစ်လုံးထိ အလေးချိန် စီးလာကြောင်း၊ ယခင်နဂါးမောက် သီးတစ်ဖာလျှင်အလုံး ၃ဝခန့် ထည့်နေရာမှ ယခုတစ်ဖာလျှင် ၁၈ လုံးခန့်မှ ၂၄ လုံးခန့်ထိသာ ထည့်၍ ရသောကြောင့် နဂါးမောက်သီးဖာ ၁ဝဝဝဝ ပိုမိုထွက်ရှိခဲ့ကြောင်း၊ တစ်ဖာလျှင်အနိမ့်ဆုံး ငွေကျပ် ၇ဝဝဝဖြင့်တွက်လျှင်ပင် ပျားအုံချထားခဲ့သည့် အတွက် ငွေကျပ် သိန်း ၇ဝဝခန့် ဝင်ငွေပိုမိုရရှိခဲ့ကြောင်း ဟန်ဦးမောင် နဂါးမောက် စိုက်ခင်းပိုင်ရှင် ဦးအောင်မျိုးထွေးထံမှ သိရသည်။

ယခုနှစ်တွင် ပြင်ဦးလွင် အနီးစခန်းနှင့် ပြင်စာကျေးရွာတို့တွင် ပျားအုံ ၁ဝဝကျော်ဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှု ပြုလုပ်လျက် ရှိကြောင်း၊ ပျားအုံချ၍ ဝတ်မှုန် ကူးဝန်ဆောင်မှု ပြုလုပ်လိုသည့် နဂါးမောက်ခြံ ပိုင်ရှင်များအနေဖြင့် မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာန ဖုန်း ဝ၉-၂ဝဝဝ၈ဝ၅သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 22, 2018

မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ မိုးစပါးဧက ၂၄၇၉၀ စိုက်ပျိုးရန်လျာထား



မုံရွာ ၂၂-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ ခုနစ်ခုတွင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် ကြားကာလ ခြောက်လ ဘတ်ဂျက်တွင် မိုးစပါး ဧက ၂၄၇၉ဝ စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အနောက်မြောက် ဒေသဖြစ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များသည် မြေပြန့်ဧရိယာ အနည်းငယ်သာရှိပြီး အများအားဖြင့် တောင်တန်းများပေါ်၌ တည်ရှိသောကြောင့် စပါးစိုက်ပျိုးရာတွင် တောင်ယာ စိုက်ပျိုးနည်း၊ လှေကားထစ် စိုက်ပျိုးနည်းများကို အများဆုံးအသုံးပြုသော ဒေသများ ဖြစ်ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ မြို့နယ်နဲ့ မြို့နယ် ခွဲတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လှေကားထစ်စိုက်ပျိုးနည်း၊ တောင်ယာ စိုက်ပျိုးနည်းတွေကို အဓိကထားလုပ်ကိုင်တယ်။ သီးနှံမျိုးစုံ စိုက်ပျိုးကြတဲ့ အထဲမှာ စပါးကိုတော့ ဧက ၂၇ဝဝဝ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်" ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက ဧက ၂၄၅၁၅ ဧကကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ၂၅၁၁၈ ဧကကိုလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ဧက ၂၄၇၉ဝ ကိုစိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း ဧက ၂၄၇၉ဝ ကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 17, 2018

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ အော်ဂဲနစ်လက်ဖက် အစိုနှင့် အခြောက် ဝယ်ယူရန် ကမ်းလှမ်းထား



ရန်ကုန် ၁၇-၅-၂ဝ၁၈

ပြည်တွင်းမှ ထွက်ရှိသည့် အော်ဂဲနစ် လက်ဖက်အစိုနှင့် အခြောက်များကို အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ ယခုနှစ်အတွင်း ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြိုင်ထံမှ သိရသည်။

''အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရပြီးသား လက်ဖက်ကိုလိုချင်လို့ စိတ်ဝင်စားကြတယ်။ ဂျာမနီနိုင်ငံကတော့ တဖြည်းဖြည်းချင်း ဝယ်ယူဖို့ ကမ်းလှမ်းတာပါ''ဟု ဦးထွန်းမြိုင်က ပြောသည်။

ထို့ပြင် ဂျာမနီနိုင်ငံသို့ ၂ဝ၁၆ ခုနှစ်က လက်ဖက်ခြောက် ငါးတန် တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်ခြောက် ဝယ်ယူရန် ထပ်မံကမ်းလှမ်းထားကြောင်း၊ အမေရိကန်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ်တွင် လက်ဖက်အစို ၁ဝ တန်တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်အစို တန် ၂ဝ ဝယ်ယူရန်ကမ်းလှမ်း ထားကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်က လက်ဖက်အစို ၁ဝ တန် တင်ပို့ပေးရန် ကမ်းလှမ်း ထားသော်လည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်ရရှိရန် စောင့်နေရသည့်အတွက် မတင်ပို့နိုင်၍ ယခုနှစ်တွင် ထပ်မံကမ်းလှမ်း ထားခြင်းဖြစ်ကြောင်း သိရသည်။

''ပြည်ပက လက်ဖက်အစိုပို့ပေးဖို့ မနှစ်ကလည်း ၁ဝ တန်မှာထားပေမယ့် FDA က တခြားစားသောက်ကုန် တွေကများတော့ ကြန့်ကြာနေတာနဲ့ အခုထိထောက်ခံချက်ရဖို့ စောင့်နေရတာပါ '' ဟု ဦးထွန်းမြိုင်က ပြောသည်။

ယခင်က ပြည်ပနိုင်ငံများသို့ လက်ဖက် တင်ပို့ပါက စိုက်ပျိုးရေးဦးစီးဌာန၏ လက်မှတ်တစ်ခု တည်းဖြင့်သာ တင်ပို့နိုင်သော်လည်း ယခု FDA ထောက်ခံချက်ပါ လိုအပ်ကြောင်း၊ ထို့ပြင် ဝယ်ယူမည့် နိုင်ငံများကလည်း အော်ဂဲနစ် လက်မှတ်ရရှိပြီးသား လက်ဖက်များကိုသာ ဝယ်ယူရန် ကမ်းလှမ်းထားကာ မြန်မာနိုင်ငံ၌ အော်ဂဲနစ် လက်မှတ်ရကုမ္ပဏီ သုံးခုသာ ရှိသေးကြောင်း သိရသည်။

#Themyawadydaily

Friday, May 4, 2018

မန္တလေးတိုင်းဒေသကြီး ခရိုင်နှစ်ခုအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် လျာထားဧကထက် နွေစပါး ဧက၂၄ဝဝနှင့် နွေနှမ်း ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ရေး ရေလွှတ်ပေးခဲ့



မန္တလေး ၄-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ရုံးအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ ငါးမြို့နယ်အတွင်း ဆည်တော်ကြီးနှင့် မာလဲနတ်တောင် ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်တို့မှ နွေစပါးလျာထား ဧကထက် ဧက ၂၄ဝဝ နှင့် နွေနှမ်းလျာထား ဧကထက် ၃၆၄၉ ဧက ပိုမိုစိုက်ပျိုးနိုင်ရန် ရေလွှတ်ပေးနိုင်ခဲ့ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးထံမှ သိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် စဥ့်ကူးမြို့နယ်တို့တွင် ဆည်တော်ကြီး ရေလှောင်တမံ ဆည်ရေသောက်နှင့် မာလဲနတ်တောင် ရေလှောင်တမံ ဆည်ရေသောက်မှ နွေစပါး ၆၈၉၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၇၁၃၄၂ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ဧက ၂၄ဝဝ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆည်တော်ကြီး ရေလှောင်တမံနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းကို စိုက်ပျိုးရန် ၂၁၁၇ဧက လျာထားခဲ့ရာမှ ၅၇၆၆ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ၃၆၄၉ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နွေစပါးနှင့် နွေနှမ်းရာသီအတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ၇၄၅၁၄ ဧက၊ မာလဲနတ်တောင် ရေလှောင်တမံမှ ၂၄၅၅ ဧကနှင့် ဆည်တော်လေး ရေလွှဲဆည်မှ နွေနှမ်းအတွက် ၁၃၉ဧက ရေဖြန့်ဝေ ပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, April 25, 2018

အော်ဂဲနစ်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများ Organic Program မှ Certificate များ လျှောက်ထား ထုတ်ယူနိုင်



ရန်ကုန် ၂၅-၄-၂ဝ၁၈

အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့် Organic Program မှ Certificate များလျှောက်ထား ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံ ဈေးကွက်မှာ သိသိသာသာ တိုးတက်ကျယ်ပြန့် လာခြင်းမရှိသေး သော်လည်း စားသုံးသူ ဈေးကွက်များတွင် အော်ဂဲနစ်သီးနှံများကို ရွေးချယ်ဝယ်ယူ စားသုံးမှုများ တိုးတက် များပြားလာကာ ဈေးကောင်း ရရှိနေသည်။ ထို့ပြင် နိုင်ငံတကာ ဈေးကွက်များ တွင်လည်း အော်ဂဲနစ်သီးနှံများမှာ ဈေးကွက်တွင်ကျယ်ကာ ဈေးကောင်းရရှိ နေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ များတိုးတက် များပြားလာခဲ့သည်။ အော်ဂဲနစ် သီးနှံများကို ဈေးကွက်များသို့ တင်ပို့ရောင်းချရာတွင် အော်ဂဲနစ်သီးနှံ ဖြစ်ကြောင်း Certificate လက်မှတ်များလိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) ၏ Organic Program မှ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနေ၍ အော်ဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် Organic Program မှ Certificate များ လျှောက်ထား ထုတ်ယူနိုင်ကြောင်း၊ လျှောက်ထား ထုတ်ယူလိုသူများ အနေဖြင့် ရန်ကုန်မြို့ ဖုန်း ဝ၁-၂၁၈၃၆၇နှင့် အီးမေးလ် mffvpea.office@ gmail.com,info@mfvp.org သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

#Themyawadydaily

ပခုက္ကူ ခရိုင်တွင် ယခင်ဘဏ္ဍာနှစ်အတွင်း စိုက်ဧက ၁ဝ၉၅ ဧကကို စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့



ပခုက္ကူ ၂၅-၄-၂ဝ၁၈

ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း၌ စိုက်ဧက ၁ဝ၉၅၈ ဧကကို စက်မှုလယ်ယာ ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင် စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ တစ်နှစ်ထက်တစ်နှစ် တိုးတက် ပြောင်းလဲလျက် ရှိကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ထွန်စက်ကြီးများ၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ၊ ကောက်စိုက် စက်ကြီးများဖြင့် စိုက်ဧက ၁ဝ၉၅၈ ဧကကို အောင်မြင်စွာ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်း နိုင်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ထွန်စက်ကြီး လေးစီးကို လက်ငင်းစနစ် နည်းနဲ့လဲ ရောင်းချခဲ့ပါတယ်။ သုံးနှစ် ခုနစ်ရစ်စနစ်နဲ့ စက်တန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကို ပထမအရစ် ပေးသွင်းပြီး ကျန် ၉ဝ ရာခိုင်နှုန်းကို ခြောက်လတစ်ဖြတ် ခြောက်ကြိမ်ပေးသွင်းတဲ့စနစ်နဲ့ ထွန်စက်ကြီး ၄၅ စီး၊ နှစ်နှစ် သုံးရစ်ဆပ်စနစ်နဲ့ ဒေါင့်ဖန်းလက်တွန်းစက် ၈၄ စီးကို ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍမှာတော့ ၁ဝ၉၅၈ ဧကကို စက်မှု လယ်ယာကူးပြောင်း ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု စက်မှုလယ်ယာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း ထွန်ယက်စိုက်ပျိုးရေး၊ ရိတ်သိမ်းရေး ကဏ္ဍများတွင် ဌာနဝန်ဆောင်မှု များမှာ ထွန်စက်ကြီးများဖြင့် ၁ဝ၅ဝ၃ ဧက ကိုထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများဖြင့် ၄၁၅ ဧကကို ရိတ်သိမ်းခြင်း၊ ကောက်စိုက် စက်ကြီးများဖြင့် မိုးစပါးဧက ၄ဝ ကို စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, February 20, 2018

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းက နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံအကြောင်း အသိပညာပေး ဆောင်ရွက်



ရန်ကုန် ၂ဝ-၂-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံ အကြောင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဈေးကွက်ဖော်ဆောင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ သတင်းများအရ သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတွင် အသင်းဝင်ဦးရေ ၃ဝဝ ကျော်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းတွင် အသင်းဝင်ဦးရေ ၅ဝ ခန့်ရှိနေသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် အော်ဂဲနစ် သီးနှံဈေးကွက်အတွင်း ပိုမိုထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်းတွင် အော်ဂဲနစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများနှင့် စိုက်ပျိုးထုတ်လုပ်လိုသည့် တောင်သူများလည်း အသင်းဝင်ရောက်နိုင်ပြီး အသင်းအနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာသင်တန်းကို ရန်ကုန်မြို့ နာနတ်တောလမ်း၊ ပြည်ရိပ်မွန်အိမ်ရာ၊ တိုက် (၇) အခန်း (၄) တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သူပြည်သူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည်။ မြန်မာနိုင်ငံတွင် စားသုံးမှု အရည်အသွေး ယုံကြည်စိတ်ချမှု ရှိစေရေးနှင့် ပြည်ပတင်ပို့မှုအတွက် Good Agriculture Practice (GAP) လက်မှတ်များကို နေပြည်တော်တွင် Call စင်တာဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

Monday, October 16, 2017

ယခုနှစ် မိုးပုံမှန်ရွာသဖြင့် စပါးအထွက်နှုန်း ကောင်းမည်ဟု မျှော်လင့်



နတ်မောက် ၁၆-၁၀-၂၀၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်မြို့မြောက်ဘက်ရှိ ကျေးရွာများမှ တောင်သူများအနေဖြင့် ယခုနှစ် မိုးရာသီတွင် မိုးပုံမှန်ရွာသွန်း၍ စပါးစိုက်ပျိုးသော တောင်သူများမှာ စပါးအထွက်နှုန်း ကောင်းမည်ဟု မျှော်လင့်ထားကြောင်း သရက်ချဉ်အုပ်စု စန်းကန်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးမြနောင်ထံမှ သိရသည်။

နတ်မောက်မြို့ မြောက်ဘက်ရှိ ဒေသခံတောင်သူများမှာ ဆည်ရေသောက် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မိုးကောင်းရေသောက် စိုက်ပျိုးရသောကြောင့် သီးနှံစိုက်ပျိုးချိန် ရောက်ရှိတိုင်းမိုးရွာရန်သာ မျှော်လင့်ကြောင်း၊ မိုးရွာသွန်းမှုစော၍သီးနှံများစိုက်ပျိုးပါကလည်း မိုးလယ်တွင် မိုးမရွာပါက သီးနှံများ ပျက်စီးဆုံးရှုံးကြရပြီး မျှတစွာမိုးရွာမှသာ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မှု ရရှိကြကြောင်း သိရသည်။

ယခုနှစ်တွင် မိုးအချိန်မှန် ရွာသွန်းသောကြောင့် စပါးစိုက်ပျိုးသူများ အထွက်နှုန်းကောင်းပြီး စပါးများရရှိမည် ဖြစ်ကြောင်း၊ အချို့သော တောင်သူများအနေဖြင့် နောက်ပိုင်း မိုးပြတ်သွားမည်ကို စိုးရိမ်ကြသဖြင့် လယ်များတွင် စပါးကိုမစိုက်ကြဘဲ နွားစာအတွက် နှံစားပြောင်းများနှင့် ဝါများကိုသာ စိုက်ပျိုးကြကြောင်း ယခုနှစ်တွင် မိုးပုံမှန်ရွာသွန်းသဖြင့် စပါးအထွက်နှုန်း ကောင်းနိုင်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

#Yadanarpondaily

Monday, September 18, 2017

မင်းဘူးမြို့နယ်တွင် လျှော်ဖြူဈေးကောင်းနေ၍ လျှော်ဖြူစိုက် တောင်သူများ တိုးမြှင့် စိုက်ပျိုးလာ



မင်းဘူး ၁၈-၉-၂၀၁၇

မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်း လျှော်ဖြူ (ခေါ်) ဆေးကုလားမကို တရုတ်နိုင်ငံဘက်မှ အဝယ်လိုက်ကာ ဈေးကောင်းရနေသဖြင့် လျှော်ဖြူစိုက်တောင်သူများ ဧကတိုးမြှင့် စိုက်ပျိုးလာကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးမြို့နယ် ရေပေါ်ကျေးရွာတွင် တောင်သူ ၁၄ ဦးက လျှော်ဖြူပင်စိုက်ဧက ၅၈ ဧကထိ စိုက်ပျိုးထားပြီး အခြားကျေးရွာများတွင်လည်း စတင်စမ်းသပ်စိုက်ပျိုး လာကြောင်း သိရသည်။

"လျှော်ဖြူပင်မျိုးဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါတယ်။ ကိုင်းချိုးပြီး စိုက်လို့လဲရတဲ့ အပင်မျိုးပါ။ သုံးနှစ်သားလောက်ရှိလာရင် အစေးထုတ်ယူလို့ရပါတယ်။ အခုနောက်ပိုင်း တောင်သူတွေ အသိအမြင်ကျယ်လာပြီး ဧကလိုက် စိုက်ပျိုးလာကြပါတယ်။ နှစ်ရှည်ပင်ဖြစ်လို့ လျှော်ဖြူပင်စိုက်မယ်ဆို ၁ဝ ပေ၊ ပေ ၂ဝလိုင်းခြားပြီး စိုက်ရတယ်။ တစ်ဧကကို လျှော်ဖြူပင် ၂ဝဝထိစိုက်ပျိုးထားနိုင်တယ်"ဟု မင်းဘူးမြို့နယ် ရေပေါ်ကျေးရွာနေတောင်သူ ဦးညွန့်ဝင်းက ပြောပြ၍ သိရသည်။

ရေပေါ်ကျေးရွာမှာ လျှော်ဖြူပင်ကို နှစ်ရှည်ပင်အနေဖြင့် စိုက်ပျိုးသောတောင်သူ ၁၄ ဦးရှိပြီး ခုနစ်ဧကထိ စိုက်ပျိုးသည့်တောင်သူ ခုနစ်ဦး၊ နှစ်ဧကစိုက်တောင်သူ နှစ်ဦးနှင့် တစ်ဧကစိုက်တောင်သူ ငါးဦးရှိကြောင်း၊ ယာမြေကွင်းအမှတ် (၁၃၈၃) နှင့် (၁၃၈၂) တို့တွင် လျှော်ဖြူပင်ပေါင်း ၁၂၅ဝဝကျော်ထိ စိုက်ပျိုးထားရှိကြောင်း မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

လျှော်ဖြူ (ခေါ်) ဆေးကုလားမကို တရုတ်နိုင်ငံသို့ တင်ပို့ရန် မန္တလေးမြို့တွင် ဈေးကွက်အနေဖြင့် ရှိနေပြီး လျှော်ဖြူစေးအသန့်နှင့် အရောဟူ၍ ဈေးကွက်ဖွင့်ကာ ဝယ်ယူနေကြောင်း လျှော်ဖြူစေးကောက်ယူရောင်းချ နေသူများထံမှ သိရသည်။

"လျှော်ဖြူစေးကို မင်းဘူး၊ ငဖဲ၊ မင်းတုန်းနယ်တွေမှာ ထွက်ရှိနေပြီး ကျေးရွာတွေထိဆင်းကာ ဝယ်ယူပါတယ်။ အခုလက်ရှိ လျှော်ဖြူစေး အသန့်တစ်ပိဿာကို ငွေကျပ် ၁၅ဝဝဝနဲ့ လျှော်ဖြူစေးအရော (အညံ့)တစ်ပိဿာကို ငွေကျပ် ၁ဝဝဝဝဈေးနဲ့ ကောက်ယူနေပါတယ်။ လက်ထဲမှာ အချိန် ၁ဝ၊ ၁၅ ပိဿာလောက်ရရင် မန္တလေးက ဒိုင်တွေကို တင်ပို့ရောင်းချပါတယ်။ဒိုင်ဈေးကတော့ လျှော်ဖြူစေးအသန့် တစ်ပိဿာကို ငွေကျပ် ၃ဝဝဝဝဈေးရပြီး လျှော်ဖြူစေးအရော (အညံ့) တစ်ပိဿာကို ငွေကျပ် ၁၈ဝဝဝဈေးထိ ပြန်လည်ရောင်းချရပါတယ်"ဟု မင်းဘူးမြို့နယ်မှ လျှော်ဖြူဈေးဝယ်ရောင်း ပြုလုပ်သူ ကိုနိုင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, August 8, 2017

အပင်ဖျက်ပိုးများအား နှိမ်နင်းနိုင်သည့် နကျယ်ကောင်များကို မွေးမြူရေးခြံ ပြုလုပ်မွေးမြူ



ပလိပ် ၈-၈-၂၀၁၇

အကျိုးရှိစေမည့် အပင်ဖျက်ပိုးများကို နှိမ်နင်းနိုင်သော နကျယ်ကောင် များအား မွေးမြူရေးခြံ ပြုလုပ်ကာ မွေးမြူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ထိုသို့မွေးမြူရာတွင် ဥရောပနိုင်ငံများ ၏ အထောက်အပံ့နှင့် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ အကူအညီများဖြင့် ဆောင်ရွက်လျက် ရှိသည်။

နကျယ်ကောင်များသည် အပင်ဖျက်ပိုးများ၏ ဥများကို နှစ်သက်စွာ စားသောက်သည့်အတွက် ပိုးသတ်ဆေးမလိုဘဲ အပင်များကို ကာကွယ်နိုင်မည် ဖြစ်သည်။

''နကျယ်ကောင် တစ်ထောင်ပါတဲ့ ကတ်လေးတွေ လုပ်ပြီး ချိတ်ပေးထားလိုက်ရင် လယ်ကွင်းထဲမှာ အကောင်လေးတွေက ထွက်လာပြီး ဖျက်ပိုးတွေကို သူ့သဘာဝအတိုင်း စားသုံးမှာပါ။ သူတို့က အဲဒီအပေါ်မှာပဲ ဥပြီး စားသောက် နေတော့ ဖျက်ပိုးတွေ ရှင်သန်မလာတော့ဘူး''ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဇီဝဓာတ်ခွဲခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီးနှံခင်းတစ်ဧကလျှင် အကောင်ရေ တစ်ထောင်စီပါသည့် ကတ် ၄ဝ ထည့်သွင်းပေးမည် ဖြစ်ပြီး သီးနှံခင်းတစ်ခင်းလျှင် နှစ်ကြိမ်ထည့်သွင်းပါက နကျယ်ကောင်ပေါင်း လေးသောင်းကို ထည့်သွင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်သည် ပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်သည့်အတွက် တောင်သူများအပြင် စားသုံးသူများ အတွက်လည်း အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နကျယ်ကောင်များအား မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ဧက ၁၂ဝ သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် လွှတ်ပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားသည့် အပြင်တောင်သူများ အနေဖြင့် မိမိလယ်မြေများအတွင်း လွှတ်လိုပါကလည်း တစ်ကြိမ်လျှင် တစ်ဧက ငွေကျပ်နှစ်ထောင်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လွှတ်ရာတွင် စိုက်ခင်းနှစ်ကြိမ်၊ ပျိုးခင်းတစ်ကြိမ်လွှတ်နိုင် ကြောင်း၊ထိုသို့ ဆောင်ရွက်လိုပါက စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလာရောက် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

#Themywadydaily

Thursday, July 27, 2017

ယခုနှစ်အတွင်း အာလူးစိုက်တောင်သူများ ပြည်ပထက် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချနေရ



ရန်ကုန် ၂၇-၇-၂၀၁၇

ပြည်တွင်းရှိ အာလူးစိုက် တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်အတွင်း ပြည်ပသို့ အာလူးတင်ပို့ရာတွင် အမြတ်အစွန်း ရရှိမှုနည်းပါးသဖြင့် ဈေးကွက်ခိုင်မာပြီး အမြတ်အစွန်း ရရှိမှုများသည့် ပြည်တွင်း ဈေးကွက် ကိုသာ အဓိကထားရောင်းချ နေရကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ပဈေးကွက်များ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ အာလူးတင်ပို့ ရောင်းချမှု ပြုလုပ်ခဲ့သော်လည်း ယင်းနိုင်ငံများမှ အာလူးစိုက်ပျိုးမှု အားကောင်းနေခြင်းကြောင့် ခိုင်မာသော ဈေးကွက်မရရှိဘဲ အနည်းငယ်သာ တင်ပို့ခဲ့ရသည်။

ထို့ကြောင့် အာလူးစိုက် တောင်သူများက ယခုနှစ်မတ်လမှစ၍ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကထားရောင်းချမှု ပြုလုပ်လာခြင်း ဖြစ်သည်။

မတ်လမှစပြီး လက်ရှိအချိန်ထိ ပြည်ပသို့ အာလူးတင်ပို့မှုမှာ ပြည်ပမှ မှာယူမှုရှိမှသာ တင်ပို့သော အနေထားဖြစ်သည်။ ပြည်တွင်း၌ အာလူးကို ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အဓိကစိုက်ပျိုးပြီး မျိုးအနေဖြင့် ပွင့်ဖြူ၊ဘောလုံးသီးနှင့် နယ်သာလန်မျိုးဟူ၍ အမျိုးအစားသုံးမျိုးကို စိုက်ပျိုးကြသည်။ အာလူးဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်၍ အမျိုးမျိုးရှိကာ ယင်းဒေသမှ ထွက်ရှိသော အာလူးများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

#Themyawadydaily

Wednesday, July 26, 2017

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် ဟင်းသီးဟင်းရွက် ကဏ္ဍထည့်သွင်းနိုင်ရေး ညှိနှိုင်းစည်းဝေး



နေပြည်တော် ၂၆-၇-၂၀၁၇

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍကို ဦးစားပေးကဏ္ဍ၌ ထည့်သွင်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၂၄ရက်က ရန်ကုန်မြို့ရှိ ကုန်သွယ်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာစေရန် အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ အဆိုပါအမျိုးသား ပို့ကုန်မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကဏ္ဍကို ဦးစားပေး ကဏ္ဍတွင် ထည့်သွင်းရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် အရည်အသွေး ကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေး အတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ပိုင်ခြံ၊ စိုက်ကွင်းများမှ ထုတ်လုပ်ခြင်း၊ နိုင်ငံတော်ပိုင်ခြံ၊ စိုက်ကွင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ တောင်သူအစု အဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများထူထောင်၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ နည်းလမ်းများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကဏ္ဍသည် နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသည့် အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် မြန်မာ့သစ်သီးဝလံ နှင့်ဟင်းသီးဟင်းရွက်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#yadnarpondaily

Tuesday, July 18, 2017

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များကြောင့် မိုးစပါးစိုက်ပျိုးရန် နောက်ကျ



မော်လမြိုင်ကျွန်း ၁၈-၇-၂၀၁၇

ဧရာတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များကြောင့် မိုးစပါးစိုက်ပျိုးရန် နောက်ကျနေပြီး စိုက်ဧက ၂၅ဝဝဝဝ ကျော်တွင် ဇွန်လ ဒုတိယပတ်ထိ ဧက ၇၅ဝဝဝ သာ စိုက်ပျိုး ရသေးကြောင်း မြို့နယ်လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိုးစပါးစိုက်ပျိုးသည့် ကာလကိုမိုးဦးကာလ ဧပြီလမှ သြဂုတ်လထိ သတ်မှတ်ထားပြီး မော်လမြိုင် ကျွန်းမြို့နယ်တွင် လယ်ဧကစုစုပေါင်း ၂၆၁၃၈ဝ ရှိကြောင်း သိရသည်။ တောင်သူများ အနေဖြင့် မိုးဦးကာလ မိုးရွာသွန်းမှု နောက်ကျခြင်း၊ မိုးရေရရှိမှု အားနည်းခြင်းကြောင့် ထွန်ယက်မှု နောက်ကျခြင်း၊ပျိုးထောင်မှု နောက်ကျခြင်း၊ စိုက်ပျိုးနေသည့် ကာလတွင်လည်း မိုးရွာသွန်းမှု များပြားခြင်း စသည့်အခက်အခဲ များကြောင့် မိုးစပါးစိုက်ပျိုးရန်နောက်ကျနေကြောင်း သိရသည်။

''အခုနှစ် ရာသီဥတုက ဖောက်ပြန်တော့ စပါးစိုက်ရတာ အတော်ကို နှောင့်နှေးမှုတွေ ရှိတယ်။ လုပ်ငန်းတွေ လုပ်ရတာလဲ အဆင်မပြေ၊ နွေစပါး ရိတ်သိမ်းချိန် ကာလတုန်းကလဲ မိုးမလွတ်၊ လေမလွတ် ဖြစ်ပါတယ်။ ပျိုး စထောင်တော့ ရေမရလို့ နောက်ကျတယ်။ အခုစိုက်ချိန်ကျတော့ ရေများလို့ နောက်ကျပါတယ်''ဟု မိုးစပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။

မော်လမြိုင်ကျွန်း မြို့နယ်ရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြပြီး မြို့နယ်အတွင်း မိုးစပါး၊ နွေစပါး စိုက်ဧကစုစုပေါင်း ၂၆ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

#Yadanarpondaily

Monday, July 3, 2017

စပျစ်စိုက်တောင်သူများ လုပ်သားရှားပါးမှုနှင့် တွေ့ကြုံနေရ



ရန်ကုန် ၃-၇-၂၀၁၇

စပျစ်တိုးချဲ့ စိုက်ပျိုးလာကြသူများနှင့် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူ များပြားလာသည့်အတွက် စပျစ်စိုက်တောင်သူများ လုပ်သားရှားပါးမှုများနှင့် တွေ့ကြုံနေရကြောင်း ရမည်းသင်းမြို့နယ် သရက်ကန်ကျေး ရွာမှ စပျစ်စိုက်ပျိုးသူ ကိုသျှမ်းထက်ထံမှ သိရသည်။

ထိုသို့ လုပ်သားရှားပါး လာသည့်အတွက် လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်ခမှာ ယမန်နှစ်က ငွေကျပ် ၂၀၀၀ မှ ၃၀၀၀ ကြားသာရှိသော်လည်း ယခုနှစ်တွင် ငွေကျပ် ၄၀၀၀ အထိ ဈေးနှုန်းတက် သွားကြောင်း သိရသည်။

”အခုနောက်ပိုင်း လုပ်သားရှားလာတာက အမျိုးသား၊ အမျိုးသမီးတွေက နိုင်ငံခြားထွက်တာ များလာတာကိုး။ မနှစ်ကထက်လုပ်သား ရှားလာတာက တိုးချဲ့စိုက်ပျိုးလာတာ ကြောင့်လည်းပါတယ်။ တိုးချဲ့လာတာက မိုးလေ၀သ မမှန်တော့ တခြားသီးနှံ စိုက်မယ့်အစား စပျစ်ကို လှည့်စိုက်ကြတာမျိုးပါ”ဟု ကိုသျှမ်းထက်က ပြောသည်။

ထို့ပြင် ရာသီဥတုဖောက်ပြန် လာသည်နှင့်အမျှ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေး သွင်းအားစုများမှာ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းမှုများ ဖြစ်ပွားနေပြီး သွင်းအားစုကဏ္ဍတွင် အဓိကအပိုင်း သုံးပိုင်းဖြစ်သည့် အပင်အာဟာရ ကဏ္ဍ၊ပိုးမွှားကာကွယ်မှုနှင့် အပင်ရောဂါကာကွယ်မှု အပိုင်းများတွင် စိုက်ပျိုးရေး ပညာရှင်များ နည်းပညာပေးရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊မန္တလေး၊ စစ်ကိုင်း၊မုံရွာ၊ ပခုက္ကူ၊ရေနံချောင်း၊ ရမည်းသင်းနှင့် ပျော်ဘွယ်စသည့် မြို့နယ်များ၌ အများအပြားစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 27, 2017

မင်းဘူးမြို့နယ်တွင် ရေသွင်းစိုက်ပျိုးသည့် ငရုတ်များ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိ



မင်းဘူး ၂၇-၆-၂၀၁၇

မင်းဘူးခရိုင် မင်းဘူးမြို့နယ် ရေမျက်ကျေးရွာတွင် ရေသွင်းစိုက်ပျိုးသည့် ငရုတ်များ အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိနေကြောင်း ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသော ငရုတ်သီးမှာ ဆောင်းကုန်ခါ နီးထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ၊ ၆ဝဝသာ ရရှိ၍ ယခုထွက်ရှိသော ရေသွင်းစိုက်ပျိုးသည့် ငရုတ်မှာ ငရုတ်ရှားပါးချိန် ဖြစ်သဖြင့် တစ်ပိဿာလျှင် ငွေကျပ်၁ဝဝဝ၊ ၁၂ဝဝဈေးထိ ရရှိကြောင်း သိရသည်။

''ငရုတ်ကို ရေသွင်းစိုက်ဖို့ဆိုရင် ငရုတ်ပျိုးတွေကို တန်ခူးလ ကုန်လောက်ကနေ စတင်ပျိုးထောင် ရပါတယ်။ ပျိုးပင်အသက် ရက် ၄ဝလောက်မှာ ကွန်ပေါင်း မြေသြဇာကျွေးပြီး မြေပြင်စိုက်ခင်း အတွင်း သုံးပေခြား အတန်းလိုက်စိုက်တယ်။ မိုးဦးကာလ စိုက်ပျိုးတဲ့အတွက် မိုးရေစိမ့်ဝင်မှုများရင် အပင်ပုပ်တဲ့ရောဂါ ကျရောက်တတ် ပါတယ်။ အခုအချိန်မှာ စတင်ခူးဆွတ် ရောင်းချနေပါတယ်'' ဟုမင်းဘူးမြို့နယ် ရေမျက်ကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦး က ပြောပြသည်။

စားဖိုဆောင်သီးနှံ ဖြစ်သော ငရုတ်သီးကို ယခင်နှစ်က မင်းဘူးမြို့နယ်အတွင်း ၁၂၄ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ရေသွင်းငရုတ် စိုက်တောင်သူများရှိလာ၍ ယခင်နှစ်ကထက် စိုက်ဧကတိုးမြှင့်ကာ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

''ရေသွင်းငရုတ်ကို အခုလို ငရုတ်သီးရှားချိန်မှာ ထွက်ရှိတဲ့အတွက် ဈေးကောင်းလဲရတယ်။ ခုနစ်ရက်တစ်ကြိမ် ငရုတ်သီးခူးဆွတ်ပြီး ဆွတ်တဲ့နေ့ဆို အလုပ်သမား လေးယောက်၊ ငါးယောက် လောက်ငှားပြီး ခူးဆွတ်ရတယ်။ခူးဆွတ်ပြီး အသီးအထွက်နှုန်း ကောင်းအောင် မြေသြဇာထည့် ရတယ်။ ဒါ့ပြင် အပင်အားဆေးပက်ဖျန်း ပေးရပါတယ်''ဟု ရေမျက်ကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

Tuesday, June 20, 2017

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မျိုးစေ့ထုတ်စခန်းရှစ်ခုမှ မျိုးကောင်းမျိုးသန့်များကို တောင်သူများထံသို့ ဖြန့်ချိပေးလျက်ရှိ



မုံရွာ ၂၀-၆-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ မုံရွာ၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် မျိုးစေ့ထုတ်စခန်းရှစ်ခုမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ သို့ဘဏ္ဍာနှစ်အလိုက် ဖြန့်ချိပေးလျက်ရှိ ကြောင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေဦးမြို့နယ်ရေဦးခြံ၊ ရွှေဘိုမြို့နယ်ချီပါခြံ၊ ခင်ဦးမြို့နယ် ဂွေးကုန်းခြံ၊ မုံရွာမြို့နယ်အတွင်း ကြေးမုံကျေးရွာရှိ ကြေးမုံခြံ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မြေမွန်ခြံနှင့် ကန့်ဘလူခြံ၊ တန့်ဆည်မြို့နယ် အတွင်းရှိ ဝက်တိုး(၁)နှင့် ဝက်တိုး(၂)ခြံတို့မှ မျိုးကောင်းမျိုးသန့် စပါး၊ ပဲစင်းငုံ၊ကုလားပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း မျိုးစေ့များ ထုတ်လုပ်ပြီး တိုင်းဒေသကြီးအတွင်း တောင်သူများကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

''အခုနောက်ပိုင်းမှာ ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက် စိုက်ပျိုးရေ လုံလောက်မှုမရှိတာတွေ၊ မြေဆီလွှာပျက်စီးမှုတွေ၊ ပိုးမွှားအန္တရာယ်ကျ ရောက်တာတွေကြောင့် စိုက်ပျိုးတဲ့သီးနှံတွေမှာ အထွက်နှုန်းကျဆင်းလာတဲ့အတွက်ဒေသရဲ့ ရာသီဥတု၊ မြေအခြေအနေ နဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးရေးသုတေသန ခြံတွေက စမ်းသပ်ထုတ်လုပ် ပြီးတော့ဖြန့်ဝေတဲ့မျိုးစေ့တွေကို မျိုးစေ့ထုတ်စခန်းတွေမှာ စိုက်ပျိုးပြီး တောင်သူတွေလက်ထဲ အရောက် ဖြန့်ဝေပေးတာပါ။ ဟိုတုန်းက တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးဖို့ပဲ ထုတ်လုပ်တာပါ။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကစပြီး မုံရွာမြို့နယ်ကြေးမုံမျိုးစေ့ ထုတ်စခန်းက နေပြီးထုတ်တဲ့ ပဲစင်းငုံမျိုးစေ့တွေကို တခြားတိုင်းဒေသ ကြီးတွေထိကို ဖြန့်ဝေပေးနိုင်တဲ့ထိ ထုတ်လုပ်နေပါပြ'ီ'ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူးက ပြောပြ၍ သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...