Social Icons

Pages

Wednesday, March 18, 2015

ပွိုင့်-၁၄၆၈ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်၊ ကိုးကန့်သောင်းကျန်းသူများ ထံမှ လက်နက်ခဲယမ်း များနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



လောက်ကိုင်မြို့အနီး အဆောက်အအုံတစ်လုံးရှိ မြေအောက်ခန်း နှင့် သိမ်းဆည်းရမိ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၊ အဖြူရောက် အက်ဖက်ဒရင်း အမှုန့် ၊ အ၀ါရောင် အမှုန့်များ ကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၈-၃-၂၀၁၅

ပါစင်ကျော်ကျေးရွာနှင့် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၃၇ ဆက်သွယ်ထားသော ကားလမ်းအား စိုးမိုးထားသည့် ပွိုင့်-၁၄၆၈ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းအချို့အား တပ်မတော် စစ်ကြောင်းများက မတ် ၁၆ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။

တိုက်ခိုက်သိမ်းပိုက်

လောက်ကိုင်ဒေသ အတွင်း ပါစင်ကျော် ကျေးရွာမှ နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၃၇ သို့သွားသော ကားလမ်း မြောက်ဘက်ရှိ ကိုးကန့် သောင်းကျန်းသူ အင်အားစုများ အခိုင်အမာ ခြေကုပ်ယူ ခံစစ်ပြင်ဆင်ထား သည့် ပွိုင့်- ၁၄၆၈ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ တောင်ကုန်း များအား တပ်မတော် စစ်ကြောင်းများက မတ် ၁၆ ရက် မွန်းလွဲပိုင်းမှ စတင်၍ လက်နက်ကြီး ပစ်ကူရယူပြီး တိုက်ခိုက်ချေမှုန်း ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ကိုးကန့် သောင်းကျန်းသူ အင်အားစုများက မြေအနေအထား အသာစီးရယူ၍ ခံစစ်ကျင်းများ တူးကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သား များ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက် မှုကြောင့် ည ၇ နာရီခန့်တွင် သောင်းကျန်းသူများ တောင့်ခံ နိုင်ခြင်းမရှိဘဲ မြောက်ဘက်နှင့် အရှေ့မြောက် ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ပွိုင့်-၁၄၆၈ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ရှိ တောင်ကုန်း အချို့အား သိမ်းပိုက် နိုင်ခဲ့သည်။

နှစ်ကြိမ်ဖြစ်ပွား

တချိန်တည်းတွင် ပွိုင့်-၁၄၆၈ တောင်ကုန်း၏မြောက်ဘက် တောင်ကုန်းများ၌ တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူ အင်အားစုများ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းတွင် ကုန်းကြမ်းမြို့မြောက်ဘက်ရှိ လော်ကွာ ကျိုင်း ကျေးရွာ အရှေ့မြောက်ဘက် မာလုရွှေကျေးရွာတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းဆောင်ရွက် ခဲ့ရာ နေရာ(၃) နေရာတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မာလုရွှေကျေးရွာ အရှေ့မြောက်ဘက် တောင်ကုန်းတွင် ဖြန့်ခွဲနေရာယူ ထားသည့် ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့မှာ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး မာလုရွှေကျေးရွာ မြောက်ဘက်(၂)နေရာ တွင် ဖြန့်ခွဲအခြေပြု၍ ခုခံလျက်ရှိသော သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများက ဆက်လက်ထိန်းချုပ် တိုက်ခိုက် လျက်ရှိသည်။

သိမ်းဆည်းရမိ 

ထို့အပြင် မတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ခိုအောင်း နေထိုင်ကြောင်း သတင်းအရ လောက်ကိုင်မြို့အနီးရှိ အဆောက်အဦ တစ်လုံးအား တပ်မတော် စစ်ကြောင်းများက ဝင်ရောက် ရှင်းလင်းခဲ့ရာ မြေအောက်ခန်း အတွင်းမှ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား အမှုန့် ၅ ကီလိုဂရမ် ၁ ထုပ် (ကာလတန်ဖိုး ကျပ် သိန်း ၁၀၀၀ ခန့်)၊ အဖြူရောင် အက်ဖက်ဒရင်းအမှုန့် ၅.၇၅ ကီလိုဂရမ် ၁ ထုပ် (ကာလ တန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်) နှင့် အဝါရောင်အမှုန့် ၃၀၀ ဂရမ်ခန့်အား သိမ်းဆည်း ရမိခဲ့သည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူများထံမှ MNDAA ယူနီဖောင်းဝတ် အလောင်း ၃ လောင်း၊ လက်နက်ငယ် ၂ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည် ၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့၍ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...