ရန်ကုန် ၊ ၁၆-၃-၂၀၁၅
ရန်ကုန်တိုင်း ဒေသကြီး၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ယခုနှစ် အောက်တိုဘာလ တွင် လှော်ကားအမှိုက် မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံ စတင် တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမှိုက်မှ တစ်ဆင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မည့် စက်ရုံကို လှော်ကား အမှိုက်စွန့်ပစ် နေရာဟောင်း၌ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယင်းနေရာသည် ယခုအခါ အမှိုက်များဖြင့် ပြည့်နေခြင်း ကြောင့် ထပ်မံစွန့်ပစ်ခွင့်ပြု မထားကြောင်း၊ စက်ရုံ တည်ဆောက်မှုကို ၂ဝ၁၆ ခုနှစ်အတွင်း အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံ တည်ဆောက်ပြီး ပါက ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ စမ်းသပ်ကာလ အဖြစ် ခြောက်လ လုပ်ဆောင်သွားမည် ဖြစ်ပြီး နောက်ပိုင်းကာလ များတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ လွှဲပြောင်း ရယူမည် ဖြစ်သည်။ ထိုစက်ရုံကို အနည်းဆုံး ၂၅ နှစ်အထိ လုပ်ဆောင်ခွင့် ရရှိမည် ဖြစ်ပြီး လှော်ကား အမှိုက်မှ တစ်ဆင့် လျှပ်စစ် ဓာတ်အားထုတ် စက်ရုံ တည်ဆောက်ပြီး ပါက ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ ဖြန့်ဖြူး ပေးနိုင်ရန် လျာထားကြောင်း သိရသည်။
ထို့အပြင် ထိန်ပင်နှင့် ထားဝယ်ချောင် တို့၌လည်း အမှိုက်မှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မည့် စက်ရုံများ တည်ဆောက်ရန် ဆောင်ရွက် နေသော်လည်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က ပြန်လည်ဝ ယ်ယူမည့် နှုန်းထား များ ညှိနှိုင်းမှု အဆင်ပြေပါက ယင်းနေရာ များ၌လည်း နှစ်နှစ်အတွင်း စက်ရုံအပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ စက်ရုံမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့သို့ တစ်ယူနစ်လျှင် ငွေကျပ် ၄ဝ ဖြင့် ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
အမှိုက်မှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံသည် တစ်နာရီလျှင် လျှပ်စစ် ၇ဝဝ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး စက်ရုံ လည်ပတ်ရန် ၄ဝဝ မဂ္ဂါဝပ်ကို ပြန်လည် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ကျန် ၃ဝဝ မဂ္ဂါဝပ်ကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့သို့ ရောင်းချပေး သွားမည် ဖြစ်ကြောင်း နှင့် ရရှိသော ငွေကြေးများကို စက်ရုံ ပြုပြင်စရိတ်နှင့် ဝန်ထမ်း အသုံးစရိတ်များ အဖြစ် သုံးစွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။
စိုးမိုး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment