ညောင်ရွှေ ၊ ၁၃-၃-၂ဝ၁၅
အင်းလေးဒေသ၌ အခြေခံ အဆောက်အအုံ လိုအပ်ချက်ကို စတင်ဖြည့်ဆည်း နေပြီ ဖြစ်သော်လည်း အင်းလေးကန် ရေပြင် ထိန်းသိမ်းခြင်းကို လုပ်ငန်းရှင် များနှင့် ဒေသခံများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြန်မာနိုင်ငံ၌ အပူချိန် မြင့်တက် လာသည်နှင့် အညီ အင်းလေးကန် အတွင်း၌ ရေခန်းခြင်းများ ဖြစ်ပေါ်လျက် ရှိရာ ဒေသခံများမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် နှင့် ခရီးသွားနှုန်း တိုးလာခြင်းကို ထိန်းထားနိုင်ရန် ဂေဟစနစ် ထိန်းသိမ်းခြင်းများ လုပ်ဆောင်သင့်သည်။ လက်ရှိတွင် အင်းလေးကန် ဒေသနှင့် ပတ်ဝန်းကျင် ဒေသများ၏ ခရီးစဉ် ဒေသဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး စီမံ ကိန်း ဆိုင်ရာ ကော်မတီကို ဖွဲ့စည်း၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို စတင် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''အင်းလေးကန်မှာ ရေခန်းခြောက် သွားရင် ဘယ်နိုင်ငံက ခရီးသွားမှ ဒီကိုလာမှာ မဟုတ်တော့ဘူး။ ဒေသခံတွေ အနေနဲ့ စီးပွားရေး အတွက်ချည်း ဦးစားမပေးဘဲနဲ့ ဒေသကြီး ပျက်စီးမှု မရှိအောင် ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ ဒီဒေသက လုပ်ငန်းရှင်တွေ ဘက်ကလည်း ပံ့ပိုးကူညီ တာတွေ အဓိက လုပ်ရမယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အင်းလေး ဒေသသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု နှုန်းသည် နှစ်စဉ် တိုးတက်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် ခရီးသွား ရာသီတွင် နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်သိန်းနှစ်သောင်း ခန့် ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် တစ်ရက်လျှင် ပုံမှန် လေးထောင်ခန့် လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။
တောင်ကြီးနှင့် အင်းလေးဒေသ ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၇၅ လုံးနှင့် အခန်း အရေအတွက် စုစုပေါင်း ၂ဝ၈၄ ခန်းရှိပြီး ဟိုတယ်ဇုန်သစ် ဖော်ဆောင်ရာတွင် မြေများ တူးဖော်ခြင်းကြောင့် အင်းလေးကန် ၏ ဂေဟစနစ်ကို ပျက်စီးစေကြောင်း နှင့် ဒေသခံ အဖွဲ့အစည်းများ အနေဖြင့် ရေကန်၌ အမှိုက်များ စွန့်ပစ်ခြင်း မပြုရန် အသိ ပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။ (၄၄၇)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment