Social Icons

Pages

Friday, March 13, 2015

တရားမ၀င် စကားပြောစက် အသုံးပြုမှုများကို ဖော်ထုတ် အရေးယူမည်



ရန်ကုန် ၊ ၁၃-၃-၂၀၁၅

ပြည်တွင်းရှိ လူစည်ကားရာ မြို့ကြီးများ၌ တရားမဝင် သုံးစွဲ နေကြသော စကားပြောစက် များနှင့် အသံလှိုင်းနှုန်း အသုံးပြုမှု များကို ဖော်ထုတ် အရေးယူရန် စီမံချက် ချမှတ်ထားပြီး ဖြစ်ရာ မကြာမီ စတင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင် စကားပြောစက်များ နှင့် အသံလှိုင်းနှုန်းများ အသုံးပြုခြင်းကို စုံစမ်း ထောက်လှမ်းရန် Spectrum Monitoring Vehicle များ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထိုယာဉ်များဖြင့် စုံစမ်း ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စုံစမ်းဖော်ထုတ်၍ အရေးယူခြင်း များကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး အပါအဝင် အခြားသောမြို့ကြီးများ ၌လည်း Spectrum Monitoring Vehicle များဖြင့် လှည့်လည်၍ ဆောင်ရွက် သွားမည် ဖြစ်ပြီး စစ်ဆေး တွေ့ရှိပါက တရားမဝင် အသုံးပြုသော စက်ပစ္စည်းများကို သိမ်းဆည်း၍ ဒဏ်ငွေ ရိုက်ခြင်းနှင့် လိုအပ်ပါက ထောင်ဒဏ် အထိချမှတ် အရေးယူခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စကားပြောစက် (ပုံ)များကို အစိုးရဌာန ဆိုင်ရာများနှင့် ခွင့်ပြုချက် ရယူထားသော လုပ်ငန်းခွင် များမှအပ အများပြည်သူသို့ တရားဝင် အသုံးပြုခွင့် ပေးထားခြင်း မရှိသည့်အပြင် လက်ရှိ တည်ဆဲ ဥပဒေအရ ထို တရားမဝင် ဆက်သွယ်ရေး စက်များ ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းကို တားမြစ်ပိတ်ပင် ထားကြောင်းနှင့် လုပ်ငန်းများ အတွက် အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ခွင့်ပြုချက် တောင်းရမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...