Social Icons

Pages

Wednesday, February 18, 2015

မြန်မာမသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်နိုင်ရန် ဂျပန်နှင့် မလေးရှားနိုင်ငံတို့မှ ပညာရှင်များက လာရောက် သင်တန်းပေးမည်


ရန်ကုန် ၊ ၁၈-၂-၂၀၁၅

မြန်မာ မသန်စွမ်းသူများ လုပ်ငန်းခွင် ၀င်နိုင်ရန် ဂျပန် နှင့် မလေးရှား နိုင်ငံတို့မှ ပညာရှင်များ လာရောက် သင်တန်း ပေးသွားမည် ဖြစ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က ပြောသည်။

အဆိုပါ သင်တန်းသည် ငါးရက်တာ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းသား ဦးရေကို လူရှစ်ဆယ် ခန့်မှန်းထားကြောင်း ၊ သင်တန်းကို ရွှေမင်းသား ဖောင်ဒေးရှင်း နှင့်အတူ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ၊ မေလတွင် သင်ကြားရေး စတင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထပ်မံ ဖွင့်လှစ်မည့် မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင် သင်တန်းများ အတွက် သင်တန်း နည်းပြပြုလုပ်ရန် စိတ်ဝင်စား သူများ အနေဖြင့်လည်း လျှောက်ထားနိုင်ကာ ယင်း သင်တန်းနည်းပြ သင်တန်း တက်ရောက်ရန် ဘွဲ့ရရှိပြီး သူများကို ခေါ်ယူမည် ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် ယခုကဲ့သို့ ဆောင်ရွက်နိုင် ခဲ့သည့် နိုင်ငံ သုံးနိုင်ငံသာ ရှိပြီး ယခု မြန်မာနိုင်ငံ ပါဝင်ပါက လေးနိုင်ငံ ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ မြန်မာနိုင်ငံ တွင် မသန်စွမ်းသူ ၁၃ သန်းခန့် ရှိကြောင်း သတင်း ထုတ်ပြန်ထားပြီး သုံးပုံနှစ်ပုံ မှာ မဲပေးခွင့် ရှိသူများ ဖြစ်နိုင်ခြေ ရှိသည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင် အဖွဲ့မှ သိရသည်။

အဆိုပါ မသန်စွမ်းသူ ဦးရေများအနက် ၁၅ ရာခိုင်နှုန်း ခန့်သာ အလုပ်အကိုင် နှင့်ဝင်ငွေကို ရှာဖွေနိုင် ကြကြောင်း နှင့် နိုင်ငံပိုင် ဌာနများတွင် မသန်စွမ်းသူ များကို ၁၂ ဒသမ ၃ ရာခိုင်နှုန်းအထိ နှင့် ပြင်ပ အဖွဲ့အစည်း များတွင် ၂ ဒသမ ၇ ရာခိုင်နှုန်း ခန့်သာ အလုပ်ခန့်အပ် ထားနိုင်သေးကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...