Social Icons

Pages

Friday, February 13, 2015

ပုဂံ - ကျောက်ပန်းတောင်း ရေနွေးငွေ့စက်ခေါင်းရထား စီးနင်းသူနည်းပါး သောကြောင့် ပြေးဆွဲမှု ရပ်ဆိုင်းထားရ



ရန်ကုန် ၊ ၁၃-၂-၂ဝ၁၅

ကမ္ဘာလှည့် ခရီးသည်များကို ပိုမို ဆွဲဆောင်နိုင်ရန် မြန်မာ့ မီးရထားနှင့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုတို့ အကျိုးတူ ပူးပေါင်း၍ ပထမဆုံး အကြိမ် ပြေးဆွဲသော ပုဂံ- ကျောက်ပန်းတောင်း ရေနွေးငွေ့ စက်ခေါင်းရထား ကို စီးနင်းသူ နည်းပါးနေ သဖြင့် ခေတ္တရပ်ဆိုင်း ထားကြောင်း ယင်း ခရီးစဉ်ကို ပြေးဆွဲခွင့် ရရှိထားသော မင်္ဂလာ နံနက်ခင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက် အရ သိရသည်။

''လတ်တလော မှာတော့ ခေတ္တရပ်ဆိုင်း ထားပါတယ်။ နောက်ပိုင်း မှာတော့ ခရီးသည် ရရှိမှု၊ စီးနင်း လိုက်ပါမှု အပေါ် မူတည်ပြီး ပြန်လည် ပြေးဆွဲ သွားမှာပါ'' ဟု ၄င်းက ပြောသည်။

ရေနွေးငွေ့ စက်ခေါင်း ရထားကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ အပတ်စဉ် အင်္ဂါနေ့တိုင်း တစ်ကြိမ်စီ ပုဂံမှ ကျောက်ပန်းတောင်း သို့ ပြေးဆွဲခဲ့ပြီး ခရီးသည် ၁၁ဝ ဦး အထိ လိုက်ပါစီးနင်း နိုင်ကာ စီးနင်းခ နှုန်းထား များကို နိုင်ငံခြားသာ လူကြီး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၉၉ ဒေါ်လာနှင့် ကလေး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၄၉ ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။

ရေနွေးငွေ့ စက်ခေါင်းရထား ပြေးဆွဲမှု အတွက် မြန်မာ့ မီးရထားမှ ရေနွေးငွေ့ စက်ခေါင်း တစ်ခေါင်း၊ ထိုင်ခုံတွဲ သုံးတွဲ၊ ဘရိတ် တစ်တွဲ၊ ရထားလမ်းပိုင်း နှင့် ရထား ကိုင်တွယ်မည့် သူတစ်ဦး ပါဝင်ကာ ကျန်သည့် ဝန်ဆောင်မှု ပိုင်းများကို မင်္ဂလာနံနက်ခင်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားတွင် လူစီးတွဲသုံးတွဲ ပါဝင်ပြီး ရှေ့ဆုံးတွဲတွင် လူဦးရေ ၃ဝ၊ ဒုတိယ တွဲတွင် လူဦးရေ ၄ဝ နှင့် တတိယ တွဲတွင် လူဦးရေ ၄ဝ စီးနင်းနိုင်ပြီး ယင်း ရထားကို ၁၉၄၈ ခုနှစ်တွင် အင်္ဂလန် နိုင်ငံမှ ထုတ်လုပ်ပြီး မြန်မာ့ မီးရထားတွင် နှစ်ပေါင်း ၅ဝ ကျော်ကြာ အသုံးပြု ခဲ့သည်။

မြန်မာ့မီးရထား၌ ကျန်ရှိ နေသေးသည့် ရေနွေးငွေ့ စက်ခေါင်း ၃ဝ ကို စစ်ဆေး ပြင်ဆင်လျက် ရှိပြီး အခြား ခရီးစဉ်များတွင် ထည့်သွင်း ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...