Social Icons

Pages

Thursday, December 25, 2014

(၆၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြု


(၆၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် 
စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြု

နေပြည်တော် ၊ ၂၅-၁၂-၂၀၁၄

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်ရေယာဉ် ကျန်စစ်သား ပေါ်တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးသည် နိုင်ငံတစ်ခု အတွက် ဦးစားပေး လုပ်ဆောင်ရမည့် အရေးကြီးဆုံး လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းချိန်မှ စတင်၍ တပ်မတော်၏ အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး အတွက် အလေးထား ဆောင်ရွက် နေကြောင်း၊ မိမိနိုင်ငံ၏ ကမ်းရိုးတန်းသည် အလျားမိုင် ၁၃ဝဝ ကျော် ရှည်လျားပြီး နိုင်ငံတော် ကာကွယ်ရေး အတွက် သူ့ဘက် ကိုယ့်ဘက် သက်ရောက်နိုင်မှု ရှိသည့် ကျွန်းပေါင်း ၃ဝဝဝ ကျော်ရှိသဖြင့် ယင်းတို့အား လုံခြုံအောင် ကာကွယ် စောင့်ရှောက်ရန်မှာ လွန်စွာ တာဝန် ကြီးမားကြောင်း၊ ယနေ့ တပ်မတော်အတွက်၊ တပ်မတော်(ရေ) အတွက် သမိုင်းဝင် မော်ကွန်းတင် ရမည့် ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား အား တပ်တော် ဝင်နိုင်ခဲ့ကြောင်း၊ ဖရီးဂိတ် စစ်ရေယာဉ် များသည် သီးခြားလွတ် လပ်စွာ စစ်ဆင်နိုင်စွမ်း ရှိကြပြီး မိမိတို့၏ ကိုယ်ပိုင် ဒီဇိုင်း ပုံစံ၊ စိတ်ကူး စိတ်သန်းဖြင့် အစ၊ အလယ်၊ အဆုံး တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း အစွမ်းထက် မြက်သည့် လက်နက် စနစ်များကိုပါ တပ်ဆင်ထား ရှိကြောင်း၊ (၆၇) နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော် ကာကွယ်ရေး စွမ်းပကား မြှင့်တင် ပေးနိုင်မည့် ကျန်စစ်သား ဖရီးဂိတ် စစ်ရေယာဉ် အား တပ်တော်ဝင် နိုင်ခဲ့သည့်အတွက် သင်္ဘော တည်ဆောက်ခဲ့ကြ သည့် တပ်မတော် (ရေ)မှ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များ၊ ယင်းစစ်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ကြမည့် အရာရှိစစ်သည်များ အားလုံးအတွက် ဂုဏ်ယူပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ဖရီးဂိတ် စစ်ရေယာဉ်အား ထိုက်တန်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင် ကြရမည် ဖြစ်သကဲ့သို့ အင်ဂျင်နီယာ ပညာရှင်များ ကလည်း မျိုးဆက်သစ်များကိုပါ လက်ဆင့်ကမ်း လက်တွဲခေါ်၍ ယခုထက်ပိုမို စွမ်းရည် မြင့်မားသော တာဝန် ထမ်းဆောင် နိုင်စွမ်းရှိသော နိုင်ငံတော် အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်း ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲပိုင်းတွင် သန်လျင် တပ်နယ်၊ ရေတပ် သင်္ဘောကျင်း ဌာနချုပ် အမှတ်(၃) ရေတပ်ဆိပ်ခံ တံတားတွင် ကျင်းပ ပြုလုပ်သည့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် ဂုဏ်ပြု အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် သန်လျင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း က တပ်တော်ဝင် အခမ်း အနားနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် တင်ပြသည်။

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ်မှူး က ဗျူဟာ စစ်ရေယာဉ်စုမှူး ထံသို့ စစ်ရေယာဉ်များ နှင့် ပတ်သက်သော စာရွက်စာတမ်းများ လွဲပြောင်း ပေးအပ်သည်။ 

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ)မှ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ် ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။

ယင်းနောက် စစ်ဦးစီး အရာရှိချုပ်(ရေ) မှ တပ်တော်ဝင် စစ်ရေယာဉ်များ အဖြစ် ကြေငြာရာ နိုင်ငံတော်သီချင်း တီးမှုတ်ခြင်း၊ တပ်တော်ဝင် အလံ လွှင့်တင်ခြင်း၊ ခေါင်းလောင်း ရှစ်ချက်တီးခြင်း၊ နိုင်ငံတော် အလံ လွှင့်တင်ခြင်း၊ 

တပ်မတော်(ရေ) အလံ လွှင့်တင်ခြင်း နှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေယာဉ် ကျန်စစ်သား ပေါ်သို့ ရောက်ရှိရာ စစ်ရေယာဉ် တာဝန်ကျ တပ်ဖွဲ့က ကြိုဆို အလေးပြုသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အလေးပြုခံ စင်မြင့်ပေါ်သို့ တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ် ရန်တိုင်းအောင် မှလည်း အမြောက် ၁၉ ချက် ပစ်ဖောက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ ဦးဆောင်သော စစ်ရေယာဉ်များက 
Single Formation Line ပုံပြုမောင်းနှင်၍ ချီတက် အလေးပြုကြစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဖရီးဂိတ် စစ်ရေယာဉ် အောင်ဇေယျ ဦးဆောင်သော စစ်ရေယာဉ်များ က Single Formation Line ပုံပြု မောင်းနှင်၍ ချီတက် အလေးပြု ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရေတပ် သင်္ဘောကျင်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြင့်ဦးနှင့် ရေယာဉ်စုမှူး ဒုတိယ ဗိုလ်မှူးကြီး ဇော်လတ် တို့အား ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြု ချီးမြင့်ငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်အနား တက်ရောက်စဉ်


၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်(ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြုထားသော ပထမဆုံး ကျည်ဆံအား အထိမ်းအမှတ် လက်ဆောင် အဖြစ် ဂါရဝပြု ပေးအပ်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြု အမှာစကား ပြောကြား သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား လှည့်လည် ကြည့်ရှုကြရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့် စစ်ရေယာဉ်မှူး တို့က လိုက်လံ ရှင်းလင်း ပြသကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အရာရှိ စစ်သည် များအား ဂုဏ်ပြု အမှာစကား ပြောကြားစဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်ရေယာဉ် တည်ဆောက်စဉ် ပါဝင်ခဲ့ သည့် အငြိမ်းစား အရာရှိ၊ စစ်သည် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဧရာဝတီရေတပ်စခန်း ဌာနချုပ် အတွင်း (၆၇)နှစ်မြောက် တပ်မတော်(ရေ) နေ့ အထိမ်းအမှတ်
 ပြခန်းများနှင့် အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင် များအား လှည့်လည် ကြည့်ရှုစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အတွင်း (၆၇) နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ပြခန်းများနှင့် အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင် များအား လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယမန်နေ့ တွင် ကျရောက်သော (၆၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၌ အရုဏ်ဆွမ်း ကပ်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...