ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်သည်။ လူတို့သည် ကျန်းမာ နေစဉ်တွင် မသိလိုက် မသိဘာသာ နေတတ်ကြ သော်လည်း မကျန်းမာသော အခါမှ ကျန်းမာစွာ နေထိုင်ရခြင်း၏ တန်ဖိုးကို သိကြရသည်။ ထိုမျှမက မကျန်းမာသော အခါ အလုပ်အကိုင် ပျက်ခြင်း ငွေကုန်ခြင်း တို့လည်း ကြုံကြရသည်။
ထို့ကြောင့် နိုင်ငံတော်က ပြည်သူလူထု ကျန်းမာရေး ကောင်းစေရန် အတွက် ပြည်သူ့ ကျန်းမာရေး အစီအမံများကို စီမံကိန်း ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။ ပြည်သူများ ကလည်း ကျန်းမာရေး အသိဖြင့် ကျန်းမာစေရန် ကျင့်ကြံပြုမူ နေထိုင် စားသောက်ကြ ရမည် ဖြစ်သည်။
လူတို့တွင် ၉၆ ပါးသော ရောဂါမှ ရောဂါဝေဒနာ တစ်ခုခု ရလာခြင်းသည် အစားအသောက် မဆင်ခြင် သောကြောင့် ဖြစ်သကဲ့သို့ အနေအထိုင် ဂရုမမူခြင်း တို့ကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် ကိုယ်လက် လှုပ်ရှားမှု နည်းသောကြောင့် ရောဂါတစ်ခုခု ရရှိလာကြ ရသည်ဟု ဆေးပညာရှင် များက အသိပေး ထားသည်။
ယနေ့ ကာလသည် အေးချမ်းလှသည့် ဒီဇင်ဘာလ ဖြစ်သည်။ ထိုကာလတွင် ဒီဇင်ဘာ အားကစား လှုပ်ရှားမှု များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ကျင်းပလျက် ရှိရာ ပြည်သူလူထု တို့အနေဖြင့် အဆိုပါပွဲ များတွင် ပါဝင် လှုပ်ရှားကာ ကျန်းမာရေး ကောင်းမွန်စေရန် ဆောင်ရွက်သင့် သည်။ ထို့ပြင် ဒီဇင်ဘာ အားကစား၊ ဒီဇင်ဘာ စုပေါင်း လမ်းလျှောက်ပွဲ များသာမကဘဲ နေ့စဉ် ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ခြင်း၊ ခန္ဓာကိုယ် သွေးလေ ညီညွတ် ပြီး စိတ်ရွှင်လန်း တက်ကြွခြင်း၊ နုပျို အသက်ရှည်ခြင်း များကို ရရှိစေမည် ဖြစ်သည်။
ပြည်သူများ အနေဖြင့် ကျန်းမာရေး အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုမှာ နေ့စဉ် လမ်းလျှောက်ခြင်း ပင်ဖြစ်သည်။ နေ့စဉ် နာရီဝက်ခန့် ပုံမှန် လမ်းလျှောက် ပေးခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ နေ့စဉ် လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ် ကြံ့ခိုင်စေသည်။ ထို့ပြင် သက်လုံကောင်း၍ အမောခံ နိုင်သည်။ အဆီကျ၍ အဝမလွန် အောင် ထိန်းသိမ်း ထားနိုင်သည်။ ဦးနှောက်နှင့် အာရုံကြော ကောင်းပြီး ဉာဏ်ရည်ကို ထက်မြက် စေသည်။ ကိုယ်ခံအား မြင့်တက်ပြီး ရောဂါဘယ များကို တိုက်ဖျက်နိုင်သည်။ ထိုမျှသာမက လေးလံနေသော အကြောအခြင်၊ အရွတ်များကို ပျော့ပျောင်းစေပြီး လူကို ဖျတ်လတ်ပေါ့ပါး စေသည်။ စိတ်ဖိစီးမှု လျော့နည်း ကျဆင်းပြီး ကြည်လင် လန်းဆန်းသော ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဒီဇင်ဘာ အားကစားလမှ အစပြု၍ သင်နှင့် သင့်မိသားစု ကျန်းမာရေး အတွက် ငွေကုန်သက်သာ လွယ်ကူလှုပ်ရှား နိုင်သည့် လမ်းလျှောက်ခြင်းကို နံနက်နှင့် ညနေပိုင်း အချိန်တို့တွင် နေ့စဉ်မှန်မှန် လှုပ်ရှားပေး ကြရန် အကြံပြု တိုက်တွန်းရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment