Social Icons

Pages

Wednesday, December 3, 2014

ရောဂါဆိုးကြီး သတိပြု ရှောင်ကြဉ်ပါ


ရောဂါဆိုးကြီး သတိပြု ရှောင်ကြဉ်ပါ

HIV/AIDS ဟုခေါ်သည့် ခုခံအား ကျဆင်းမှုရောဂါ အဖြစ် အများဆုံးမှာ လူငယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။ ထိုရောဂါ ပျံ့နှံ့မှုမှာလည်း လူငယ် လူလတ်ပိုင်း များနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ အကြောင်းမှာ အပျော်အပါး လိုက်စားခြင်း၊ လိင်ဆက်ဆံခြင်း နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း တို့ကြောင့် ဖြစ်သည်။

တိုးတက်ပြောင်းလဲ နေသော ခေတ်ရေစီးကြောင်း တစ်လျှောက်တွင် လူငယ်တို့ ပျော်ပါးရာ နေရာများ၊ အတုယူမှား စရာနေရာများ အလွန်များပြား လျက်ရှိသည်။ အင်တာနက်လိုင်း များ၏ သရုပ်ပျက် မြင်ကွင်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကေတီဗွီများ စသည်ဖြင့် လူငယ်တို့ကို ဆွဲဆောင်လျက် ရှိသည်။ မှားယွင်းသော ပျော်ပါးမှု များကြောင့် လူငယ်လူရွယ် အချို့ ရောဂါကူးစက် ခံနေကြ ရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက် မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း နှစ်စဉ် HIV/AIDS ကူးစက်ခံ ရသူပေါင်း သုံးသန်းခန့် ရှိသည်ဟု ဆိုထားသည်။ အဆိုပါ ရောဂါသည် ရှေးယခင် ကတည်းက ရှိသည်ဟု ဆိုကြသော်လည်း နှစ်ဆယ်ရာစု အစောပိုင်း ကာလ အာဖရိက အနောက်အလယ်ပိုင်း မှ စတင်ဖြစ်ပွား ခဲ့သည်ဟု သိပ္ပံပညာရှင် များက အတည်ပြု နိုင်ခဲ့သည်။

ံHIV/AIDS ရောဂါသည် ကူးစက်ရောဂါ ဖြစ်သည်။ သွေးကြောထဲ မူးယစ်ဆေး သွင်းခြင်း၊ ရောဂါပိုးရှိသူ နှင့် လိင်ဆက်ဆံခြင်း တို့မှ ကူးစက်ခံ နေကြရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင် မိခင်မှလည်း ကလေးကို ကူးစက်နိုင်သည်။ ကမ္ဘာတစ်ဝန်း HIV/AIDS ရောဂါကူးစက်ခံ ရမှုကြောင့် နှစ်စဉ် သေဆုံးသူ နှစ်သန်းခန့် ရှိနေကြောင်း သိရသည်။

HIV/AIDS ရောဂါဆိုးကြီးကို မဖြစ်မီ သတိပြု ရှောင်ကြဉ်ရမည့် အပိုင်းနှင့် ဖြစ်ပြီးနောက် ပြုစုစောင့်ရှောက် ရမည့်အပိုင်း ဟူ၍ နှစ်ပိုင်းရှိသည်။ လူငယ် လူလတ်ပိုင်းများ အနေဖြင့် မဖြစ်မီ အပျော်အပါး လိုက်စားခြင်း များကို ရှောင်ကြဉ်ကြ ရမည်ဖြစ်ပြီး ရောဂါဖြစ်ပွား သူများကိုလည်း ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းများ မပြုဘဲ နွေးထွေးစွာ အားပေးနှစ်သိမ့် ပေးကြရမည် ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ရောဂါဖြစ်ပွား ခံစားနေရသူ များကို ခွဲခြား ဆက်ဆံခြင်း မပြုရန်၊ ကူညီပံ့ပိုး ပေးကြရန်၊ ကြည့်ရှု စောင့်ရှောက် ပေးကြရန် သတိပေး နှိုးဆော်ထားသည်။

သို့ဖြစ်ရာ လူငယ်လူလတ်များ အနေဖြင့် HIV/AIDS ဟူသော ရောဂါဆိုးကြီးကို ကူးစက်ခြင်း မခံရအောင် သတိပြုရှောင်ကြဉ် ရမည် ဖြစ်သကဲ့သို့ ရောဂါကူးစက် ခံရသူများ ကိုလည်း တတ်အားသရွေ့ကူညီပေးသင့် ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...