ယင်းမာပင် ၊ ၂၀-၁၂-၂၀၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် နှင့် ယင်းမာပင် မြို့နယ်ကြားရှိ အလောင်းတော် ကဿပ ရဟန္တာကြီး၏ ရုပ်ကလာပ်တော်ကို ရည်မှန်း ဖူးမြော်ရန် အလောင်းတော် ကဿပတောင် သို့ သွားရာလမ်း များကို ယမန်နေ့က စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အလောင်းတော် ကဿပတောင်တော် သွားရာလမ်း များသည် တောင်ပေါ် မြေသားလမ်း ဖြစ်၍ နှစ်စဉ် နတ်တော်လမှ တန်ခူးလ အထိသာသွားလာနိုင်ပြီး ကျန်လများတွင် မိုးများခြင်းကြောင့် လမ်းပျက်စီးကာ သွားလာ၍ မရသဖြင့် ပိတ်ပင်ထားခြင်း ဖြစ်ပြီး ပွင့်လင်းရာသီ ကာလတွင် ပြန်လည်ဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အလောင်းတော် ကဿပ ရဟန္တာကြီး၏ ရုပ်ကလာပ်သည် မုံရွာမြို့ အနောက်ဘက်ခြမ်း ၄၂ မိုင်ကျော် အလောင်းတော် ကဿပ တောင်တော် ကျောက်ဂူကြီး ထဲတွင် တည်ရှိပြီး ခရီးတစ်ဝက် (၂၁ မိုင်ခန့်) သည် တောင်တက်လမ်း ဖြစ်ကြောင်း သိရသည်။
''အခု ကားတွေ စတင်သွားနေကြ ပါပြီ။ တောင်အောက်လမ်း ကို ကတ္တရာခင်းပြီးတဲ့ အပိုင်းကနေ တောင်ပေါ်အထိ ကွန်ကရစ် ခင်းမယ်လို့ သတင်းတွေ ကြားရတယ်။ အခုတော့ ကျောက်တွေ စီနေပြီ ... '' ဟု ဒေသခံ ရွာသားတစ်ဦး က ပြောသည်။
အလောင်းတော် ကဿပ ဖူးသူများ ယာဉ် အန္တရာယ် ကင်းရှင်းရေး အတွက် ယာဉ်တစ်စီးလျှင် စီးနင်းလိုက်ပါ နိုင်မည့် ခရီးသည် အရေအတွက် ကို ဂေါပကအဖွဲ့ နှင့် သက်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တို့မှ မှန်လုံယာဉ်ကြီး တစ်စီးလျှင် ခရီးသည် ၄၅ ဦး၊ မှန်လုံယာဉ်သေး တစ်စီးလျှင် ခရီးသည် ၃၅ ဦး၊ ဒိုင်နာ တစ်စီးလျှင် ခရီးသည် ၂၅ ဦး၊ ဟိုင်းလတ်နှင့် လိုက်ထရက် တစ်စီးလျှင် ခရီးသည် ၁၅ ဦး၊ ဂျစ်၊ ဆန်နီယာဉ် နှင့် အခြား အိမ်သုံးကား တစ်စီးလျှင် ခရီးသည် ခြောက်ဦး စသည်ဖြင့် သတ်မှတ်ထားပြီး Express မှန်လုံ ယာဉ်ကြီးများ၊ ထော်လာဂျီယာဉ် နှင့် ကြံ့ခိုင်မှု မရှိသော ယာဉ်များကို တက်ခွင့် မပေးကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
အလောင်းတော် ကဿပသို့ လာရောက်သည့် ခရီးသည်များ ယာဉ်အန္တရာယ် ကင်းဝေးစေရေး နှင့် သွားလာရေး လွယ်ကူ အဆင်ပြေ စေရေးအတွက် ယခင် လမ်းအကျယ် ပေ ၂ဝ မြေသားလမ်းကို မိုးမကျမီ ကာလ အတွင်းက ပထမအကြိမ် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအဖြစ် ဂုံညင်းပင် စခန်းမှ နတ်ထိပ်အထိ လမ်းအရှည် ၂ မိုင်ခန့်ကို ငွေကျပ် သိန်းနှစ်ထောင်ခန့် အကုန်အကျခံ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။(၄၄၇)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment