ဆရာဟူသည်
ယခုအခါ အမြို့မြို့ အနယ်နယ်ရှိ အခြေခံပညာ မူလတန်းက အစ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ပညာဆည်းပူး သင်ယူ တတ်မြောက် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၏ အာစရိယ ပူဇော်ပွဲ၊ မြတ်ဆရာ ကန်တော့ပွဲများ ပြုလုပ် နေကြသည်ကို နေ့စဉ် သတင်းစာ များတွင် ဖတ်ရှုတွေ့မြင် ကြားသိ နေရသည်။
ယနေ့ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင် နေကြသော ပုဂ္ဂိုလ်များ အပါအဝင် ဌာန အသီးသီး၊ နေရာဒေသ အသီးသီးတွင် ကျရာတာဝန် ထမ်းဆောင် နေကြသူများ၊ စီးပွားရေး လုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းများတွင် ဆောင်ရွက် နေကြသူ အများစုမှာ မိဘ၊ ဆရာသမား များ၏ သွန်သင် ဆုံးမမှု၊ ပညာပေးမှု များကြောင့် အဆိုပါ နေရာများတွင် ရရှိတာဝန် ထမ်းဆောင် နေကြ ရသည်။
လူရယ်လို့ ဖြစ်လာပြီး ငယ်စဉ် ဘဝတွင် ''ချိုမိုင်မိုင်'' ကစ၍ သင်ပေးခဲ့သော မိဘတို့သည် လက်ဦး ဆရာများ ဖြစ်ကြသည်။ ကျောင်းနေအရွယ် သို့ ရောက်သောအခါ ကျောင်းသို့ သွား၍ ဆရာ၊ ဆရာမများ ထံတွင် ပညာစတင် သင်ယူကြ ရသည်။ ဆရာမရှိဘဲ တတ်မြောက်သော အရာသည် မရှိ ''ဆရာမပြ၊ နည်းမကျ'' ဟူသော စကားရပ်နှင့် အတူ ''သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ'' ဟူသော ဆရာသုံးပါး နှင့် မလွဲမသွေ တွေ့ကြရမည် ဖြစ်သည်။
''အာစရိယ ဂုဏော အနန္တော''ဟု သိထားကြပြီး ''ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ'' ဟူသော အနန္တ ဂိုဏ်းဝင် ဆရာတို့အား လွန်စွာရိုသေ ကြရမည် ဖြစ်သည်။ ''ပညာတတ်မှ လူရာဝင်မည်'' ဟု ဆိုဆုံးမ ခဲ့သော မိဘဆရာ သမားများအား လွန်စွာ ကျေးဇူးတင်ထိုက် ပေသည်။
''ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်း ဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့'' ဟူသော ''မြတ်ဆရာ'' တို့၏ အရည်အချင်း ကျင့်ဝတ် တို့ကို မာဃဒေဝ လင်္ကာသစ် တွင် ရေးသား ဖော်ပြထား ပေသည်။
မြန်မာ အဘိဓာန်တွင် ''ဆရာ'' ဟူသော ဝေါဟာရကို ပညာသင်ကြား ပို့ချပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ၊ အတတ်ပညာ လုပ်ငန်း တစ်ရပ်ရပ်တွင် ကျွမ်းကျင်သူ ပုဂ္ဂိုလ်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။
ဆရာဟု ဆိုရာ၌ အဓိက အားဖြင့် အတတ်ပညာ သင်ကြားပေးသည့် ''အာစရိယဆရာ'' နှင့် တပည့်တို့ကို လိမ္မာအောင် ပဲ့ပြင်သွန်သင် ဆုံးမပေးသည့် ''ဥပဇ္ဈာယ်ဆရာ'' ဟူ၍ နှစ်မျိုး ရှိသည်။ ယနေ့ဆရာ၊ ဆရာမများ အနေဖြင့် တပည့်များအား ''အာစရိယဆရာ'' နှင့် ''ဥပဇ္ဈာယ်ဆရာ'' အဖြစ်ကို ခံယူကျင့်သုံး ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယနေ့ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ယူ ကြမည့် လူငယ်များအား အသိပညာ၊ အတတ်ပညာ ပေး၍ ပြည်သူ့ သားကောင်း ဘဝသို့ ပို့ဆောင် ပေးနေ သူများကား ''ဆရာ'' များ ဖြစ်သည်။ ထို့ကြောင့် ဆရာတစ်ယောက် အနေဖြင့် ခံယူထားရမည့် စိတ်ဓာတ်မှာ ''အတိုင်းထက် အလွန် အရေးပါသော တာဝန်ကြီး တစ်ရပ်ကို ထမ်းရွက်ေ နသည်'' ဟု ခံယူထားရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment