Social Icons

Pages

Friday, October 10, 2014

လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှု


လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှု

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုတွင် ပညာရေး ဖွံ့ဖြိုးမှုသည် အခရာ ဖြစ်သည်။ ခေတ် အဆက်ဆက် ကမ္ဘာ့နိုင်ငံ များ၏ ဖွံ့ဖြိုး တိုးတက်မှုများ အပေါ် ၄င်းနိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးမှု အနိမ့်အမြင့် က အဆုံးအဖြတ် ပြုခဲ့ကြောင်း သမိုင်းက သက်သေခံပြီး ဖြစ်သည်။

တစ်ချိန်က မြန်မာနိုင်ငံ သည် သူ့ကျွန်ဘဝ နှစ်ပေါင်းများစွာ ကျရောက်ခဲ့ ရသည်မှာ မျိုးချစ် စိတ်မရှိ၍၊ သတ္တိအရာ အားနည်း၍ မဟုတ်ပေ။ နည်းပညာ အားနည်းမှု ကြောင့် အချိန်တို အတွင်း လွတ်လပ်ရေး ဆုံးရှုံးခဲ့ ရသည်။ ထို့ကြောင့် ပညာသည်သာ အခရာ ၏ လက်တွေ့ သာဓက တစ်ခု ဖြစ်ပေသည်။

ယခုအခါ မြန်မာနိုင်ငံ သည် ပွင့်လင်း လူ့ အဖွဲ့အစည်း နှင့်အတူ လိုက်လျော ညီထွေ ပညာရေး၊ တစ်နည်း အားဖြင့် လက်တွေ့ ကျသော ပညာရေးကို အကောင် အထည်ဖော် ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် ကြိုးစား လာကြပြီ ဖြစ်သည်။

ယခု ဦးတည် ကြိုးစား နေကြသည့် လက်တွေ့ ကျသော ပညာရေးတွင် ဖြတ်သန်း လာခဲ့သော ပညာရေး သမိုင်းကြောင်း မှ သင်ခန်းစာ များကို ရယူပြီး ပြုပြင် ပြောင်းလဲမှုကို တည်ဆောက် ရယူနိုင် ကြမည် ဖြစ်သည်။

ပညာရေး ပြုပြင် ပြောင်းလဲမှု တွင် 'မူ' ကိုလည်း ပြင်နိုင်ပါမှ၊ ထို နည်းတူ ပညာရေး ဖွံ့ဖြိုး တိုးတက်မှုကို လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် နေကြသော ဆရာများ၏ အရည်အချင်း နှင့် အရည်အသွေး ကို မြှင့်တင် နိုင်ပါမှ ဟန်ချက်ညီသော လက်တွေ့ ကျသည့် ပညာရေး ပြုပြင် ပြောင်းလဲမှုကို အကောင်အထည် ဖော်ဆောင် လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် 'လူ' နှင့် 'မူ' တစ်ဖက်ဖက်တွင် ချို့ယွင်းမှု၊ အားနည်းမှု မရှိအောင် ကြိုးပမ်း အားထုတ်ကြ ရမည် ဖြစ်သည်။

'မူ' ချမှတ်ရန်မှာ သက်ဆိုင်ရာ တို့၏ အခန်းကဏ္ဍ ဖြစ်သော်လည်း 'လူ' ကို အရည်အသွေး မြှင့်တင်ရာတွင် ဆရာကောင်း တစ်ဦး၏ အခြေခံ ဆရာစိတ်ခံ ရှိရန် အထူး လိုအပ်လှ ပေသည်။ ဆရာစိတ် ဟူသည် ဆရာတစ်ဦး အတွက် မရှိမဖြစ်သော ဗီဇစိတ် ဖြစ်သည်။ အမေရိကန်နိုင်ငံ ရှိ စတိတ်ကျောင်း တစ်ကျောင်းမှ ကလေးဦးရေ ၂ဝဝ ကို တက္ကသိုလ် ကျောင်းသားများက စစ်တမ်း ကောက်ယူ သုတေသန ပြုကြရာတွင် ထိုကလေးများ၏ အနာဂတ်သည် လူဆိုး၊ လူမိုက်များ ဖြစ်လာ ကြလိမ့်မည် ဟု မှတ်ချက် ပေးကြသည်။

သို့သော် ကလေးအားလုံး နီးပါးတို့သည် ဆရာဝန်၊ တရားသူကြီး၊ တပ်မတော် အရာရှိများ စသည့်လူကြီး လူကောင်းများ ဖြစ်လာ ကြသည်။ ထိုသို့ ဖြစ်ထွန်းအောင် ပို့ဆောင် ပေးနိုင်ခဲ့သူမှာ 'ဆရာမ' တစ်ဦး ဖြစ်သည်။ ထိုသို့ ဆိုးသွမ်းသော ကလေးများကို လူတော်၊ လူကောင်းများ ဖြစ်လာ စေရန် မည်ကဲ့သို့ ဆုံးမသွန်သင် သနည်းဟု မေးမြန်း ရာတွင် '' ကျွန်မက ကလေးတွေကို မေတ္တာထားပြီး ချစ်ခင်သော စိတ်တစ်ခုတည်း ပဲ ထားပါတယ် '' ဟု ဆရာမက ဖြေသည်။

သို့ဖြစ်ရာ ပညာရေး အတွက် မရှိမဖြစ် လိုအပ်သော ဆရာများသည် ကလေးများ အပေါ် ဆူကြုံနိမ့်မြင့် ကျောသား၊ ရင်သား မခွဲခြားဘဲ တစ်ပြေးညီ ချစ်ခြင်းမေတ္တာ ဖြန့်ကြက် နိုင်မှသာလျှင် လက်တွေ့ ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်တင် နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...