Social Icons

Pages

Friday, October 10, 2014

ပင်းတယလိုဏ်ဂူ အတွင်းရှိ ကျောက်စည် ကျောက်မောင်း များကို လိုဏ်ရေရှည် တည်တံ့ရန်အတွက် တီးထိုးခွင့် မပြုတော့


ပင်းတယ ရွှေဥမင် လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း 

ပင်းတယ ၊ ၁၀-၁၀-၂၀၁၄

ပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူအတွင်း ရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် လွန်ခဲ့သော သုံးနှစ်ခန့်မှ စတင်၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့် လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြု တော့ကြောင်း သိရသည်။

''ပင်းတယ ဘုရားလိုဏ် ကို နေ့စဉ် ဘုရားဖူးတွေ လာရောက် နေတာ အခုဆိုရင် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေပါ အတော်များများ လာရောက် ဖူးနေကြပါပြီ။ ရောက်လာကြတဲ့ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာ ကြတဲ့အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့် နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖို့အထိ သတိပေး လာပါတယ်။ ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့တာ ဖြစ်ပါတယ် ... '' ဟု ဂေါပက အဖွဲ့ဝင်တစ်ဦး က ပြောပြသည်။

ပင်းတယဂူ သည် ထုံးကျောက် တောင်တွင် သဘာဝ ဖြစ်ပေါ်နေ သောကြောင့် ဘူမိဗေဒ သက်တမ်း နှင့် ပြောလျှင် အနှစ်သန်း ၂ဝဝ ကတည်းက ရှိခဲ့သည်ဟု သိရသည်။ ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်း သုတေသန ၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်း သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင် စေတီ နှင့် ဂူသမိုင်း မှ သိရသည်။ 

ပင်းတယ ရွှေဥမင် လိုဏ်ဂူတွင် တန်ဖိုးရှိသည့် သမိုင်းဝင် အနုပညာ သက်သေခံ ပစ္စည်း များစွာရှိပြီး ၁၉ ရာစုနှစ်ဦး ခန့်မှစပြီး ပူဇော် ကိုးကွယ်မှု လျော့နည်း လာပြီး ဘိသက္ကာဂု ရုပ်ပုံတော် ၇ဝ ကျော်ရှိကြောင်း သိရသည်။
(၃၃၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...