Social Icons

Pages

Wednesday, October 22, 2014

မကွေးမြို့ ၌ နိုင်ငံခြားခရီးသည် လည်ပတ်ရေး ခရီးစဉ်တိုးချဲ့မည်



ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

နိုင်ငံခြားသား ခရီးသည် တင်ဆောင် လာသည့် သင်္ဘောများ ဆိုက်ကပ်မှု ပို၍များပြား လာသောကြောင့် မကွေးမြို့ရှိ နိုင်ငံခြား ခရီးသည် လည်ပတ်ရေး ခရီးစဉ်များကို ပို၍ တိုးချဲ့ သင့်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံခြား ခရီးသည်တင် သင်္ဘော တစ်စင်းလျှင် နိုင်ငံခြားသား ၂ဝ ဦးမှ ၅ဝ ဦးအထိ ပါလာတတ်ပြီး ယခင်က မကွေးဆိပ်ကမ်း သို့ နိုင်ငံခြား ခရီးသည်တင် သင်္ဘော ဆိုက်ရောက်မှုသည် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာ ရှိသော်လည်း သြဂုတ်လမှ စတင်၍ တစ်လလျှင် ခြောက်ကြိမ်ခန့် အထိ ဆိုက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြား သင်္ဘောများ၌ ပါလာကြသော ခရီးသည် များသည် မြသလွန် စေတီတော်၊ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ် နှင့်ဈေးများ အစရှိသော အထင်ကရ နေရာများ အပါအဝင် လေ့လာမှုများကို ဆိုက်ကား၊ သုံးဘီးဆိုင်ကယ် များဖြင့် လှည့်လည် လည်ပတ် ကြည့်ရှု ကြကြောင်း သိရသည်။

မန္တလေး - ပြည်၊ မန္တလေး - ရန်ကုန် ပြေးဆွဲနေသော ORIENT PANDAW ၊ PAN-DAW-1၊ PANDAW-2 ၊ KATHA PANDAW ၊ ORCAELLA ၊ THARUGAU EXOTIC ၊ INDOCHINA PANDAW နှင့် ပေါက္ကံ ၂ဝ၁၄ စသော သင်္ဘောများသည် မကွေးမြို့ မြဧရာပန်းခြံ အနီး၌ရှိသော ဆိပ်ကမ်းသို့ ဆိုက်ကပ်လေ့ ရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များကို လေ့လာနိုင်ရန် မကွေးမြို့ နှင့်နီးသော ဗိဿနိုး မြို့ဟောင်း၊ စလေ၊ ပခန်းကြီး၊ လယ်ကိုင်း ရုပ်စုံကျောင်း၊ စလင်း စန္ဒကူးနံ့သာ ကျောင်းတော်ရာ နှင့် ရွှေစက်တော် အစရှိသော ထင်ရှားသည့် နေရာများကို ထည့်သွင်းပါက နိုင်ငံခြား ခရီးသည် များသည် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာနိုင်မည် ဖြစ်သောကြောင့် ခရီးသွား လုပ်ငန်းသည် ပို၍တွင်ကျယ် လာပြီး ဒေသခံ များလည်း ရောင်းဝယ် ဖောက်ကားမှုများ ပို၍ဖြစ်ထွန်း လာနိုင်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...