Social Icons

Pages

Wednesday, October 22, 2014

3 MDG မှ ဆေးယဉ်ပါး တီဘီရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း ထောက်ပံ့မည်



ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် ရှိသော မြို့နယ်များ ၌ ဆေးယဉ်ပါး တီဘီရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ရန် ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး၊ ရန်ပုံငွေအဖွဲ့ 3MDG မှ ကျန်းမာရေး ဝန်ကြီးဌာန သို့ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ သန်း ထောက်ပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှု များနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန သည် 3MDG နှင့် သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီး သဘော တူညီချက်အရ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ဆေးယဉ်ပါး တီဘီလူနာ များကို တစ်နှစ်နှင့် ရှစ်လ ကုသပေးမည် ဖြစ်ပြီး ၄င်း လူနာများကို ၁ဝ လအတွင်း ပျောက်ကင်း အောင် ကုသနိုင်သော ဆေးကုထုံး နည်းသစ် များကို သုတေသန ပြုလုပ် သွားမည် ဖြစ်ကြောင်း 3MDG ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ 3MDG သည် ဆေးဝါးများကို ကူညီထောက်ပံ့ ပေးမည်ဖြစ်ပြီး ဓာတ်ခွဲခန်းနှင့် ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးခြင်း၊ ဆေးရုံ ဆေးခန်းများ တည်ဆောက် ပေးခြင်းနှင့် ပြုပြင်ပေးခြင်း၊ တီဘီရောဂါ နှင့် ပတ်သက်သော ထောက်ပံ့ကြေး ငွေပေးခြင်းများ နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခြင်းများ အစရှိသည့် လုပ်ငန်းများကို ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း အပါအဝင် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် ရန်ပုံငွေများ ထောက်ပံ့ရာတွင် ကျန်းမာရေး ဦးစီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း အပါအဝင် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နေသော လူမှု အဖွဲ့အစည်း ခြောက်ဖွဲ့ကို ရန်ပုံငွေများ ခွဲဝေ၍ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာ ခံစားနေရသူ ကိုးထောင်ခန့် ရှိပြီး ကမ္ဘာပေါ်၌ တီဘီရောဂါ အများဆုံး ဖြစ်သော နိုင်ငံများ၌ ပါဝင်သည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ( WHO ) ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး 3MDG သည် ကျန်းမာရေး ဝန်ကြီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းများ အဖြစ် ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွား နေသူများကို ကုသပေးရန် ရည်ရွယ်၍ ရန်ပုံငွေများ ထောက်ပံ့ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...