Social Icons

Pages

Tuesday, October 14, 2014

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆွေးနွေးပွဲပြုလုပ်



မန္တလေး ၊ ၁၄-၁၀-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် ယူနက်စကို (ရန်ကုန် - ဗန်ကောက်) တို့က ပူးပေါင်း ဆောင်ရွက်နေသော မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် စောင့်ရှောက်ခြင်း အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံကိန်း အပိုင်း(၂) အရ ပုဂံ ယဉ်ကျေးမှု ဒေသအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့် ပတ်သတ်၍ အောက်တိုဘာ ၁ဝ ရက်မှ ၁၂ ရက်ထိ ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မြင့်ကြူ၊ ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်၊ မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး၊ သတင်းနှင့် ပြန်ကြားရေး ဝန်ကြီး၊ ယဉ်ကျေးမှု ဝန်ကြီး၊ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဦးအောင်ကြူး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြိုင်၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေး၊ ညောင်ဦးခရိုင် အုပ်ချူပ်ရေးမှုး ဦးတင်ထူးမောင်၊ ညောင်ဦးခရိုင် သာသနာရေးမှူး ဦးဌေးမြင့် နှင့် ပြည်တွင်းပြည်ပ ပညာရှင်များ၊ နိုင်ငံခြားမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ၊ ယူနက်စကို ပညာရှင်များ၊ ဗိသုကာ ပညာရှင်များ၊ ပုဂံ ချစ်သူများ၊ ရှေးဟောင်း သုတေသန ဌာနမှ တာဝန်ရှိ သူများ၊ ပုဂံဒေသရှိ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းများ၊ အဖွဲ့အစည်းများ၊ စိတ်ပါ ဝင်စားသူ ဒေသခံ ပြည်သူများ၊ ရှေးဟောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် အမျိုးသားပြတိုက် ကိုယ်စားလှယ် များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက် ကြကြောင်း သိရသည်။

အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့တွင် ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက် ကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဇုန်နယ်နိမိတ် သတ်မှတ်ခြင်း ကိစ္စများ နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။ တတိယနေ့တွင် ပုဂံ ယဉ်ကျေးမှု ဒေသ သဘာဝ ဘေးအန္တရာယ် ကာကွယ်မှု နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...