Social Icons

Pages

Tuesday, October 7, 2014

ပင်းတယဂူ အတွင်း လုံခြုံရေးအတွက် စောင့်ကြည့် ကင်မရာ ၃၁ လုံးတပ်ဆင်ထား



ပင်းတယ ၊ ၇-၁၀-၂၀၁၄

လိုဏ်ပေါက်ဝမှ လိုဏ်ခေါင်း မြောက်ဘက် အဆုံး အထိ ပေ ၄၉ဝ ရှည်ပြီး ရုပ်ပွားတော် နှင့် စေတီပေါင်း ၈ဝ၉၄ ဆူ ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယ ရွှေဥမင် စေတီ နှင့် ပင်းတယဂူ အတွင်း၌ ဘုရားဖူးများ စိတ်ချမ်းမြေ့စွာ ဖူးမြော် ကြည်ညို နိုင်ရန်အတွက် ဘက်စုံ ဖွံ့ဖြိုးရေး ရောင်တော်ဖွင့် လုပ်ငန်းများကို ဂေါပက အဖွဲ့မှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ လိုဏ်ဂူအတွင်း လုံခြုံရေး အတွက် လုံခြုံရေး ကင်မရာ CCTV ကင်မရာ ၃၁ လုံးကို တပ်ဆင် ထားကြောင်း သိရသည်။

''ပင်းတယ ရွှေဥမင် ဘုရားဟာ တန်ခိုးကြီးတဲ့ ဘုရားအဖြစ် ကမ္ဘာ အရပ်ရပ်က သိရှိပြီး ဖြစ်ပါတယ်။ ဘုရားက တန်ခိုးကြီး ပေမယ့် ၁၉၆၂ ခုနှစ်အထိ ပြုပြင် ထိမ်းသိမ်း စောင့်ရှောက် မယ့်သူ မရှိခဲ့တဲ့ အတွက် တိုးတက်မှု မရှိခဲ့ဘူးလို့ သိခဲ့ ရပါတယ်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ လုံခြုံရေး နဲ့ အုပ်ချုပ်မှု ကော်မတီရဲ့ နှိုးဆော်ချက် အရ ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး ပြုပြင် စောင့်ရှောက် ထိန်းသိမ်း ခဲ့ရာမှာ အသင့်အတင့် တိုးတက် ခဲ့ကြောင်းလဲ သိရပါတယ်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုအထိ တိုးတက်မှု မရှိတဲ့အတွက် ရှေဥမင် ဘုရားကို စောင့်ရှောက် ထိန်းသိမ်းဖို့ ဆရာတော် သံဃာတော် တွေကို လွှဲပြောင်း ပေးအပ် ခဲ့တယ်လို့ သိရပါတယ် ... '' ဟု ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

ပင်းတယ လိုဏ်ဂူအတွင်း ၌ ကုန်းဘောင် ခေတ်ဦး ပန်းပုလက်ရာ များနှင့် ဂူအတွင်းရှိ ရုပ်ပွားတော် အများစုသည် (၁၈)ရာစု အလယ်ပိုင်း မှ စတင်၍ တည်ထား ပူဇော်ကိုးကွယ် ခဲ့သည့် ရုပ်ပွားတော်များ ဖြစ်မည်ဟု ဒေါက်တာ သန်းထွန်း နှင့် သိန်းသန်းထွန်း ရေးသား ပြုစုထားသော ပင်းတယ ရွှေဥမင် စေတီနှင့် ပင်းတယဂူ သမိုင်းစု စာအုပ်မှ သိရသည်။ ထို့ပြင် ထိုစာအုပ် ထဲ၌ ၁၉၂၇ - ၁၉၂၈ ခုနှစ်တွင် သံပြာသာဒ်ကြီး ဖြစ်လာသော အခါ တိုးတက် လာသည်များ ရှိသကဲ့သို့ ယမ်းနှင့် ခွဲပြီး ဂူပေါက် ချဲ့သည်မှ စ၍ ရှေးလက်ရာ အချို့ ပျက်စီး ရသည်မှာ နှမြောစရာ ဖြစ်ကြောင်း၊ နောက်ပိုင်း လူများ အရောက်အပေါက် များလာသော အခါတွင် ရှေးဟောင်း လက်ရာများ ပျောက်ပျက်မည် စိုးသောကြောင့် ထိန်းသိမ်းသည့် ဂေါပကအဖွဲ့ မှ အဆိုပါ အချက်ကို ဂရုပြုရန် လိုအပ်ကြောင်း အကြံပြု ထားသည်။ 

ပင်းတယဟူသည်မှာ စွန်တော်ပန်း အဖြူပင် ပေါသည့် မြေပြန့် လွင်ပြင်ကျယ် ရှိရာ အရပ်ဟု ခေါ်တွင်ပြီး ဂူသုံးလုံး ရှိရာတွင် အရှေ့ဘက် အပေါက်မှ ဝင်ရသည့် ဂူများဖြစ်ကြောင်း၊ တောင်ဘက် အကျဆုံးဂူမှာ ပင်လယ် ရေမျက်နှာပြင် အထက် ပေပေါင်း ၄၉၇ဝ မြင့်ပြီး ပင်းတယမြို့ ၏ ပင်လယ် ရေမျက်နှာပြင် အမြင့်ပေမှာ ၃၈၈ဝ ဖြစ်ကြောင်း သိရသည်။ (၃၃၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...