Social Icons

Pages

Tuesday, October 7, 2014

မြန်မာငွေ ကျပ်ဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ငွေကျပ် ဆယ်သိန်း နှင့် ကျောက်မျက် ငွေကျပ် သုံးသိန်းသတ်မှတ်



နေပြည်တော် ၊ ၇-၁၀-၂၀၁၄

နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာ ငွေကျပ်ဖြင့် ရောင်းချမည့် ကျောက်မျက် ပြပွဲတွင် ကျောက်အတွဲ များ၏ အခြေခံ ဈေးနှုန်းကို ကျောက်စိမ်းတွဲ ငွေကျပ် ဆယ်သိန်း နှင့် ကျောက်မျက် ငွေကျပ် သုံးသိန်း သတ်မှတ် ထားကြောင်း ပြပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

အဆိုပါ ပြပွဲတွင် တန်ဖိုးကြီး ကျောက်စိမ်း ကျောက်မျက်များ မပါဝင်ဘဲ C, D အဆင့်နိမ့် အသားကျောက် များကို လေလံစနစ်၊ တင်ဒါစနစ် များဖြင့် ပြသရောင်း ချမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် မြန်မာ ငွေကျပ်ဖြင့် ရောင်းချမည့် ကျောက်မျက် ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက် အတွဲ ၇ဝဝဝ ခန့် တင်ပြ ရောင်းချမည်ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ကျောက်မျက် ပြပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ပြပွဲ၌ပြသ ရောင်းချမည့် ကျောက်စိမ်း ကျောက်မျက် တွဲများကို အောက်တိုဘာ ၇ ရက် အထိ စိစစ်လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ကျင်းပမည့် ကျောက်မျက် ပြပွဲမှ စတင်ကာ ပြပွဲ စည်းကမ်းချက်များ ပြောင်းလဲ သတ်မှတ်ထား သည်ဟု သတ္တုတွင်း ဝန်ကြီးဌာန၊ ပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ပြပွဲတွင် ကျောက်မျက် ဝယ်ယူမည့် ကုန်သည် များ အနေဖြင့် မိမိ ဝယ်ယူလိုသည့် ပမာဏကို ခန့်မှန်း တွက်ချက်ကာ တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို အာမခံ စပေါ်ငွေ ( Deposit ) ကြိုတင် ပေးသွင်း ထားရမည် ဖြစ်သည်။ သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲများ ကို အရိုင်းအတိုင်းရောင်းချသည့် ကျောက်မျက် ပြပွဲများကို နှစ်စဉ် ကျင်းပလျက် ရှိပြီး ပြပွဲများတွင် မြန်မာငွေဖြင့် ရောင်းချသည့်ပွဲ၊ နိုင်ငံခြား ငွေဖြင့် ရောင်းချသည့်ပွဲ ဟူ၍ ခွဲခြား ကျင်းပသည်။ ယခု ပြပွဲသည် ၂ဝ၁၄ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် ကျင်းပမည့် ကျောက်မျက်ပြပွဲ ဖြစ်သည်။

ယခင်ပြပွဲ များတွင် ပြပွဲ ကျင်းပရေး ကော်မတီ၏ သတ်မှတ်နှုန်း အတိုင်း စပေါ်ငွေ ပေးသွင်း ထားရပြီး အကန့်အသတ် မရှိ ကျောက်မျက် ဝယ်ယူခွင့်ပြု ခဲ့သော်လည်း ယခုပြပွဲတွင် အာမခံ စပေါ်ငွေ ပေးသွင်းထားသည့် ပမာဏပေါ် မူတည်ကာ ကျောက်မျက် ဝယ်ယူ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ဝယ်ယူမည့် ကုန်သည်များ အနေဖြင့် အာမခံ စပေါ်ငွေကို အနည်းဆုံး ငွေကျပ်သိန်း ၂ဝ ပေးသွင်း ရမည်ဟု ပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...