Social Icons

Pages

Friday, October 10, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ်အား ဂုဏ်ပြုကြိုဆို


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် 
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်

နေပြည်တော် ၊ ၁၀-၁၀-၂၀၁၄

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နေပြည်တော်၌ ရောက်ရှိနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ အား နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ယနေ့ညနေ ၅ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဥပစာ မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူကြသည်။

ထို့နောက် နေပြည်တော် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း မှ ကင်းထောက် လူငယ်မောင်မယ် များက နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍ ဂုဏ်ပြုကြိုဆို ကြရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကလည်း ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်သည်။

ဂုဏ်ပြုကြိုဆိုပွဲ အပြီးတွင် နိုင်ငံတော် သမ္မတအား ထိုင်းနိုင်ငံ ဝန်ကြီးချုပ် က အတူ လိုက်ပါလာ ကြသည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့် မိတ်ဆက်ပေး ပြီး နိုင်ငံတော် သမ္မတ ကလည်း မြန်မာ နိုင်ငံဘက်မှ ကြိုဆို နှုတ်ဆက်ကြ သည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးဉာဏ်ထွန်းအောင်၊ ဒေါက်တာကံဇော်၊ ဦးအေးမြင့်၊ သံအမတ်ကြီး ဦးဝင်းမောင် တို့နှင့် ပြန်လည် မိတ်ဆက် ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့သည် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သီးသန့် တွေ့ဆုံကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် 
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်

ယင်းနောက် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရာ နိုင်ငံတော် သမ္မတနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေး၊ ထားဝယ် အထူး 

စီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေး၊ အိန္ဒိယ - မြန်မာ - ထိုင်း ဆက်သွယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား များ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရေး၊ ထိုင်းနိုင်ငံ၌ တရားမဝင် ရောက်ရှိ လုပ်ကိုင်နေသော မြန်မာ အလုပ်သမား များ၏ အရေးကိစ္စ၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် နှင့်အတူ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက် ကြသည်။

ယင်းနောက် နှစ်နိုင်ငံ သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တို့အကြား ညီအစ်မ မြို့များ တည်ထောင်ရေး အတွက် နားလည်မှု စာချွန်လွှာ ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဆူရီရာ ပရာဆတ် ဘွန်တစ်ရာ တို့က လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် မြိတ်မြို့ နှင့် ထိုင်းနိုင်ငံ ပရာချွတ်ကရီခန် မြို့ တို့အကြား ညီအစ်မမြို့များ တည်ထောင်ရေး အတွက် နားလည်မှု စာချွန်လွှာကို တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဝီရ ဆရီဝ သာနထရာခွန် တို့က လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကော့သောင်းမြို့ နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့ တို့အကြား ညီအစ်မ မြို့များ တည်ထောင်ရေး အတွက် နားလည်မှု စာချွန်လွှာကို တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဖိနစ် ဘွန်းလဒ် တို့က လည်းကောင်း လက်မှတ် ရေးထိုးခဲ့ ကြသည်။

ထို့နောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် က မြန်မာနိုင်ငံ ပြည်သူများ အတွက် ထိုင်းနိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပျဉ်းမနားမြို့နယ် သပြေလှ ကျေးရွာ အခြေခံ ပညာ မူလတန်း ကျောင်းဆောင်သစ် တည်ဆောက်ရန် ဘတ်ငွေ ၃ သန်းနှင့် ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ် အတွက် သွေးလှူဒါန်းရေး ယူနစ် မော်တော်ယာဉ် တို့ကို နိုင်ငံတော် သမ္မတ ထံ ပေးအပ် လှူဒါန်းသည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အား နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြု ညစာစားပွဲတွင် နိုင်ငံတော် သမ္မတနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့က နှုတ်ခွန်းဆက် စကားများ ပြောကြား ကြပြီး ဆုတောင်း ပတ္ထနာပြုကြ ကာ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ် အတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင် များက အဆိုအက များဖြင့် ဖျော်ဖြေ တင်ဆက် ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် အနုပညာ ဦးစီးဌာနမှ အနုပညာရှင် များက မြန်မာ့ရိုးရာ အကပဒေသာ များဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့သည် ဖျော်ဖြေ တင်ဆက်ကြသော အနုပညာရှင် များအား လက်ဆောင် ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာရှင် များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား နှင့် ပဒေသာကပွဲ သို့ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သည် ၁၉၄၈ ခုနှစ်မှစ၍ သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး မြန်မာ - ထိုင်း နှစ်ဖက် ကုန်သွယ်မှု ပမာဏ အနေဖြင့် ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရှိပြီး ယခင်နှစ်ထက် ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက် လာကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ ကုန်သွယ်မှု ပမာဏမှာ ၁ ဒသမ ၇ ဘီလီယံ ရှိပြီး ယခင်နှစ် အဆိုပါ ကာလထက် ၈ ဒသမ ၇၃ ရာခိုင်နှုန်း တိုးတက် 

လာကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယ အများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များအား စီးပွားရေး ကဏ္ဍ(၁၀) ခုတွင် လုပ်ငန်းပေါင်း (၇၄) ခု ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၁၀ ဒသမ ၁ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...