Social Icons

Pages

Friday, October 3, 2014

ရှေးဟောင်း သုတေသနဌာနမှ ပျူမြို့ဟောင်း မိုင်းမော တွင် ကွင်းဆင်းစစ်ဆေး တိုင်းတာမှုများ ပြုလုပ်


ပျူမြို့ဟောင်း " ပင်လယ်မိုင်းမော" တွင် တွေ့ရှိရသည့် ဖောင်းကြွ ရုပ်လုံးပါ အုတ်ချပ်မျိုးစုံ 

မန္တလေး ၊ ၃-၁၀-၂၀၁၄

ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာန (အင်းဝ) ပြတိုက် မှ ဦးနေနိုင်ထွန်း (လက်ထောက် ညွှန်ကြားရေးမှူး) နှင့် အဖွဲ့သည် စက်တင်ဘာ ၂၇ ရက်က ပင်လယ် မိုင်းမော မြို့ဟောင်း နှင့် သီဟသူမင်း ၏ ပင်လယ် မြို့ဟောင်း များသို့ ကွင်းဆင်း စစ်ဆေး တိုင်းတာခြင်း နှင့် ဒေသခံ ရပ်မိရပ်ဖ တို့အား အသိ ပညာပေး ဟောပြော ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

''ပင်လယ်'' မြို့ဟောင်းနှစ်မြို့ ရှိရာ သီဟသူမင်း၏ ပင်လယ်မြို့ဟောင်း နှင့် ပျူယဉ်ကျေးမှု ထွန်းကား ခဲ့ကြောင်း အထောက်အထား များစွာ တွေ့ရှိ ထားသော ''ပင်လယ်မိုင်းမော'' မြို့ဟောင်း ဟူ၍ မြို့ဟောင်း နှစ်မြို့ရှိကြောင်း သိရသည်။ ပျူ၊ပင်လယ် မိုင်းမော မြို့ဟောင်း တွင် သမိုင်း အမွေအနှစ် များစွာ ကျန်ရှိ နေသေးသော မြို့ဟောင်း တစ်မြို့ဖြစ်ပြီး ဆက်လက် တူးဖော် လေ့လာ သုတေသန ပြုရန် နေရာဌာန များလည်း ကျန်ရှိ နေသေးကြောင်း သိရသည်။

ပျူ ပင်လယ်မိုင်းမော မြို့ဟောင်းနှင့် သီဟသူမင်း ၏ ''ပင်လယ်'' မြို့ဟောင်း နှစ်မြို့စလုံးသည် မြစ်သားမြို့နယ် အတွင်း တည်ရှိကြောင်း သိရသည်။

ဦးနေနိုင်ထွန်း နှင့်အဖွဲ့သည် မိုင်းမောမြို့ဟောင်း မြို့ဝင်ပေါက် ထိန်းသိမ်း ထားရှိမှုနှင့် တိုင်းတာ စစ်ဆေးခြင်း၊ တူးဖော် သုတေသနပြု ထားသော ''တင်မြင့်ကုန်း'' အား တိုင်းတာ စစ်ဆေးခြင်း၊ ''ပျူတိုက်'' ထိန်းသိမ်း ထားမှုများ စစ်ဆေး တိုင်းတာခြင်း ''မိုင်းမော'' မြို့ဟောင်းမှ တူးဖော် တွေ့ရှိ ထိန်းသိမ်း ထားသော ''သုခရတနာ'' ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း ပြတိုက်ငယ်ရှိ ပြာအိုး၊ အိုးခြမ်းကွဲ မျိုးစုံ၊ ဖောင်းကြွ ရုပ်လုံးပါ အုတ်ချပ်မျိုးစုံ (ပုံ) ရေအိုးသဏ္ဌာန် အိုးငယ်လေးများ စသည့် ထိန်းသိမ်း ထားသည့် ရှေးဟောင်း ပစ္စည်းများကို တိုင်းတာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးနေနိုင်ထွန်း နှင့် အဖွဲ့သည် သီဟသူမင်း ၏ ပင်လယ် မြို့ဟောင်းမြို့ ဝင်ပေါက် ထိန်းသိမ်း ထားရှိမှု အခြေအနေများ လေ့လာ တိုင်းတာခြင်း၊ ပင်လယ်မြို့ဟောင်း ရှိ နှမ်းခင်းကျေးရွာ ရွာဦးကျောင်းတိုက် အတွင်း ကျောက်စာရုံ ဆောက်၍ ကျောက်စာချပ်များ ထိန်းသိမ်း ထားရှိမှု အခြေအနေ များကို စစ်ဆေးပြီး နှမ်းခင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ အချို့တို့အား ပင်လယ်မြို့ဟောင်း ရှိ ရှေးဟောင်း စေတီပုထိုး အဆောက်အအုံ၊ ကျောက်စာ စသည့် သမိုင်း တန်ဖိုး ကြီးမားသည့် သမိုင်းဝင် ပစ္စည်းများကို ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။ 

သီဟဇော်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...