Social Icons

Pages

Saturday, October 18, 2014

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေး တိုးမြှင့် ကောက်ခံမည်



နေပြည်တော် ၊ ၁၈-၁၀-၂၀၁၄

ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသသည် သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုး၊ ဗိသုကာ တန်ဖိုးများ မြင့်မားလှသည့် ရှေးဟောင်း အဆောက်အအုံ စေတီပုထိုး များကို နေရာဒေသ တစ်ခုတည်း၌ တစု တဝေးတည်း လေ့လာနိုင်သည့် နေရာဖြစ်ခြင်း၊ ဤသို့ တန်ဖိုးမြင့်မား သည့် ရှေးဟောင်း အဆောက်အအုံ များ ထောင်ချီ၍ တစုတဝေး တည်းတည်ရှိရာ နေရာသည် ကမ္ဘာပေါ်တွင် ပုဂံဒေသ တစ်ခုတည်းသာ ရှိခြင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်းရှိ ရှေးဟောင်း စေတီပုထိုး တစ်ခုချင်းစီသည် တစ်မူထူးခြား ကွဲပြားသော ယဉ်ကျေးမှု အနုပညာ ဗိသုကာ လက်ရာများ အသီးသီး ရှိနေကြပြီး စေတီ တစ်ဆူချင်း စီ၌ လေ့လာစရာ အနုပညာ လက်ရာများစွာ ရှိနေခြင်း၊ မကြာမီ ကာလတွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဒေသဖြစ် လာတော့မည် ဖြစ်ခြင်း စသည့် ဂုဏ်အင်္ဂါ များနှင့် ပြည့်စုံသည့် ဒေသတစ်ခု ဖြစ်သည်။

ထိုသို့ ထူးခြားသော ဂုဏ်အင်္ဂါများ နှင့် ပြည့်စုံပြီး စိတ်ဝင်စားဖွယ်ေ လ့လာနိုင်သည့် ရှေးဟောင်း စေတီပုထိုးများ ရှိရာ ပုဂံဒေသ အတွက် ကောက်ခံသည့် ဇုန်ဝင်ကြေးနှုန်း ထားသည် အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံ နိုင်ငံအချို့တွင် ကောက်ခံ နေသည့် ယဉ်ကျေးမှု အမွေအနှစ် ဒေသ ဝင်ကြေးနှုန်းထား များနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါး လှသည်ကို တွေ့ရသည်။

ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသသည် အမျိုးသား ယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ် ထားခြင်းကြောင့် အခြား ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၏ ဇုန်ဝင်ကြေး များကို မြန်မာ ကျပ်ငွေဖြင့် သတ်မှတ် ရယူသော်လည်း ပုဂံဒေသ တွင်မူ အမေရိကန် ဒေါ်လာဖြင့် ကောက်ခံကာ နိုင်ငံတော် ဘဏ္ဍာအဖြစ် ပေးသွင်းကြောင်း၊ ရှေးဟောင်း အမွေအနှစ်ဇုန် များကိုလည်း နိုင်ငံတော်က နှစ်စဉ် ငွေကျပ် သိန်းပေါင်းများစွာ အကုန်ကျခံ၍ ထိန်းသိမ်းလျက် ရှိကြောင်း၊ ပုဂံဒေသကို ပိုမို တိုးတက် လှပရေး ဆောင်ရွက်ရန် ရှိကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း၊ ပုဂံဒေသသို့ ပြည်ပ ဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် ပိုမို ရောက်ရှိရန် မျှော်မှန်း ရကြောင်း၊ ပုဂံ ဇုန်ဝင်ကြေးကို ယခုလက်ရှိ နိုင်ငံခြားသား တစ်ဦးလျှင် ၁၅ ဒေါ်လာ ကောက်ခံနေရာ မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နိုင်ငံခြားသား တစ်ဦးလျှင် ဒေါ်လာ ၂ဝ ကောက်ခံပြီး ငါးရက်အထိ နေထိုင် လည်ပတ်ခွင့် ပြုမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ခရီးသွား ကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ ဆက်စပ် ဝန်ကြီးဌာနများ ကလည်း ပုဂံဒေသ တွင် ဇုန်ဝင်ကြေး တိုးမြှင့် ကောက်ခံခြင်း ကို ကြိုတင် သိရှိနိုင် စေရန်နှင့် နိုင်ငံအကျိုး အတွက် ပူးပေါင်း ကူညီ ဆောင်ရွက်ရန် ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက မေတ္တာရပ်ခံ ထားကြောင်း သိရှိရသည်။ (၄၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...