Social Icons

Pages

Thursday, September 18, 2014

ကန်တော်ကြီး ကန်ရေပြင် သန့်စင်ရေး အတွက် အမေရိကန်မှ ကူညီမည်



ရန်ကုန် ၊ ၁၈-၉-၂၀၁၄

ရန်ကုန်မြို့ ကန်တော်ကြီး အတွင်းရှိ ရေများကို သောက်သုံးရေ အဖြစ် အသုံးပြု နိုင်သည်အထိ သန့်ရှင်းအောင် ဆောင်ရွက် နိုင်ရေးအတွက် အမေရိကန် နိုင်ငံမှ အမေရိကန် ဒေါ်လာ လေးသန်း အကူအညီ ပေးမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကန်တော်ကြီး အနီး ပတ်ဝန်းကျင်တွင် လူနေအိမ်များ ထူထပ် လာမှုနှင့် စွန့်ထုတ် ရေဆိုးများ ကန်တော်ကြီး အတွင်း ဝင်ရောက်မှု ရှိသကဲ့သို့ ကန်တော်ကြီး အတွင်းရှိ စားသောက်ဆိုင် များမှလည်း စွန့်ထုတ် ရေဆိုး များကြောင့် ကန်ရေပြင် တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရသည်။

ယင်း အတွက်ကြောင့် ကန်ရေပြင် သန့်ရှင်းရေးကို ဆက်တိုက် ပြုလုပ် နေရကြောင်း၊ ထို့အပြင် ရေဆိုးများ ဝင်ရောက်မှု ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ အသုံးပြု ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ ODA ဖြင့် သန့်ရှင်းရေး ပြုလုပ်နိုင်သည့် စက်များကို ထောက်ပံ့ ပေးခဲ့ပြီး ကန်တော်ကြီး ရေပြင်တွင် အယ်လ်ဂျေးများ ပေါက်ပွား မှုကြောင့် ဖြစ်ပေါ် လာသော အစိမ်းရောင် အဖတ်များကို စုပ်ယူကာ ဖယ်ရှား ရှင်းလင်း သန့်စင်ခဲ့ ရကြောင်း သိရသည်။ ယခုအခါတွင် အမေရိကန် နိုင်ငံမှ ကန်တော်ကြီး ကန်ရေပြင် သန့်ရှင်းရေး အတွက် အကူအညီများ ပေးအပ်မည် ဖြစ်ရာ ယင်း အကူအညီ များရယူပြီး သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ကန်တော်ကြီး ကို ရန်ကုန်မြို့တော် ၏ ရေပေးဝေရေး လုပ်ငန်းအတွက် အသုံးပြုခဲ့ပြီး နောက်ပိုင်း ကာလများတွင် ရန်ကုန်မြို့ လူဦးရေ တိုးပွားမှုနှုန်း မြင့်တက် လာသောကြောင့် ရေပေးဝေရန် မလုံလောက် သဖြင့် ၁၉၀၄ ခုနှစ်က ရေပေးဝေမှု အား ရပ်ဆိုင်းခဲ့ပြီး လှော်ကားကန် မှ စတင် ပေးဝေခဲ့ကြောင်း သိရသည်။ ယခုအခါ ကန်တော်ကြီး ကန်ရေပြင် အား သောက်သုံးရေ အဖြစ် ပြန်လည် အသုံးပြု နိုင်သည်အထိ သန့်စင်အောင် ပြုလုပ်မည် ဖြစ်သော်လည်း ရန်ကုန်မြို့ အတွက် ရေပေးဝေရန် အစီအစဉ် မရှိသေးကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...