Social Icons

Pages

Friday, September 12, 2014

မြန်မာနိုင်ငံမှ အမျိုးသမီး အလုပ်သမား စေလွှတ်မှု တွင် အိမ်အကူအဖြစ် ပြည်ပသို့စေလွှတ်မှု အပြီးရပ်ဆိုင်း


ရန်ကုန် ၊ ၁၂-၉-၂၀၁၄

ပည်ပသို့ အမျိုးသမီး အလုပ်သမား စေလွှတ်မှုတွင် အိမ်အကူ အဖြစ် စေလွှတ်မှုကို အပြီး ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် မှ သိရသည်။

မြန်မာနိုင်ငံမှ အိမ်အကူ လုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့် လပိုင်းက ယာယီရပ်နား ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လုံးဝ စေလွှတ်ခြင်း မပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလှုံရေး ဝန်ကြီးဌာန က ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ က ပြောပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်အကူ လုပ်သား စေလွှတ်မှုကို စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်း ကိုသာ တရားဝင် ခွင့်ပြု ပေးထားခဲ့ပြီး မလေးရှား၊ ဟောင်ကောင် နိုင်ငံ တို့မှလည်း မြန်မာ အိမ်အကူ လုပ်သား ထောင်နှင့်ချီ ခေါ်ယူရန် ကမ်းလှမ်း ထားမှုများ ရှိခဲ့သော်လည်း ညှိနှိုင်း ဆွေးနွေးဆဲ အဆင့်မှာပင် ရပ်ဆိုင်းမှုများ ရှိခဲ့သည်ဟု သိရသည်။

မကြာသေးမီ လပိုင်းက စင်ကာပူ အိမ်အကူ လုပ်သား အေဂျင်စီ တစ်ခုက မြန်မာ အပါအဝင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိသော နိုင်ငံများမှ အိမ်အကူ များကို ဈေးဝယ် စင်တာ တစ်ခု၌ လူသုံးကုန် သဖွယ် လျော့ဈေးပေး အရောင်း မြှင့်တင်မှု ပြုလုပ်ခဲ့ခြင်း၊ မြန်မာ အမျိုးသမီးများ အနေဖြင့် ပြည်ပ နိုင်ငံများတွင် အိမ်အကူ လုပ်သားအဖြစ် သွားရောက် လုပ်ကိုင် နေခြင်းကြောင့် ဖိနှိပ် ညှင်းပန်း ခံရမှု များလည်း မကြာခဏ ထွက်ပေါ် နေခဲ့ကာ ၄င်းဖြစ်ရပ် များကြောင့် ယခုကဲ့သို့ ပြည်ပသို့ အမျိုးသမီး အလုပ်သမား စေလွှတ်မှုတွင် အိမ်အကူ အဖြစ် စေလွှတ်မှုကို အပြီးရပ်ဆိုင်း လိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာ သူများက ပြောပြသည်။

ထိုကဲ့သို့ အမျိုးသမီး အလုပ်သမား ပြည်ပသို့ စေလွှတ် မှုတွင် အိမ်အကူ အဖြစ် စေလွှတ်ခြင်း သာ ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သော်လည်း အခြား အသက်မွေး ဝမ်းကျောင်း လုပ်ငန်း များဖြင့် သွားရောက် လုပ်ကိုင်ခြင်း ကို ခွင့်ပြု ထားသည်ဟု မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင် များအဖွဲ့ချုပ် မှ သိရသည်။

လတ်တလော တွင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန က ခွင့်ပြုချက် ရရှိပြီး ဖြစ်သည့် Virtue International Limited Coverseas Employment Agency က ဂျပန်နိုင်ငံရှိ အထည်ချုပ် စက်ရုံများတွင် အလုပ် လုပ်ကိုင်ရန် အမျိုးသမီး ကျွမ်းကျင် အလုပ် သမား ဦးရေ ၂ဝဝ ကို စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်ရန် အမျိုးသမီး အလုပ်သမား ဦးရေ ၂ဝဝ လိုအပ်နေပြီး အသက် (၁၉) နှစ်မှ (၃၅) နှစ်ကြား အမျိုးသမီးများ ဖြစ်ရမည် ဟုလည်း သိရသည်။ 

ထို့ပြင် လုပ်ငန်း အတွေ့အကြုံ အနေဖြင့် မော်တာ အထည်ချုပ် ကျွမ်းကျင်မှု လုပ်သက် အနည်းဆုံး (၂)နှစ် ရှိရမည် ဖြစ်ပြီး လစာကို တစ်လလျှင် ယန်း ၁၂၅ဝဝဝ ပေးသွားမည် ဟုလည်း သိရသည်။ ထိုသို့ ဂျပန်နိုင်ငံ တွင် သွားရောက် လုပ်ကိုင် လိုသူများ အနေဖြင့် ဂျပန် ဘာသာကို အနည်းဆုံး အချိန်လေးလ ပေးသင်ကြား ရမည်ဖြစ်ပြီး စက်တင်ဘာ (၂၁) ရက်တွင် လူတွေ့ အင်တာဗျူး ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...