Social Icons

Pages

Tuesday, August 12, 2014

ဒုတိယကမ္ဘာစစ် အတွင်း ချင်းတောင် စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သားများ၏ ရုပ်ကြွင်းကို ပထမအကြိမ် စတင်ရှာဖွေ


တီးတိန် ၊ ၁၂-၈-၂၀၁၄

အိန္ဒိယ - မြန်မာနယ်စပ် မိုရေး နှင့် အင်ဖာလ် ဒေသတွင် ဒုတိယ ကမ္ဘာစစ်အတွင်း က ဗြိတိသျှတပ် များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ချင်းတောင်ဒေသ ၌ ဂျပန်စစ်သား အလုံးအရင်း ကျဆုံးမြှုပ်နှံ ခဲ့သည့် နေရာများကို သြဂုတ် ၁ ရက်မှ ယမန်နေ့ အထိ ရုပ်ကြွင်း ရှာဖွေရေး အဖွဲ့က စူးစမ်းရှာဖွေ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်စစ်သား အများဆုံး ကျဆုံးခဲ့သည့် ချင်းပြည်နယ် (မြောက်ပိုင်း) ဇိုမီး တိုင်းရင်းသားများ နေထိုင်သည့် တီးတိန်မြို့၊ တွန်းဇံမြို့ နှင့် အိန္ဒိယနိုင်ငံ အင်ဖာလ်မြို့ တစ်လျှောက် ယင်းတို့၏ ရုပ်ကြွင်းများ ပြန်လည် ရရှိရေး ကွင်းဆင်း လေ့လာ ခဲ့ကြောင်း၊ ရုပ်ကြွင်း အစုလိုက် အပြုံလိုက် မြှုပ်နှံ ထားသည့် နေရာကို ဦးစားပေး ရှာဖွေပြီး တွေ့ရှိမှု အခြေအနေကို အဆိုပါ အဖွဲ့က ဂျပန် အစိုးရထံ တင်ပြ သွားမည် ဖြစ်ကြောင်း၊ ယခု တောင်တန်းဒေသ များတွင် ပထမအကြိမ် ရှာဖွေခွင့် ရရှိခြင်း ဖြစ်ကြောင်း နှင့် သမိုင်းမှတ်တမ်း များအရ ၁၉၄၃ ခုနှစ် မတ်လ အတွင်း ဂျပန်စစ်သား သုံးသိန်းခန့် အိန္ဒိယနိုင်ငံ ကို ကျူးကျော်ရန် ချင်းပြည်နယ် (မြောက်ပိုင်း) ကို ဖြတ်၍ အင်ဖာလ်မြို့ သို့ အသွား ဗြိတိသျှ မဟာမိတ်တပ် များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ရှုံးနိမ့်ခဲ့ပြီး အစာရေစာ ပြတ်လပ်မှု၊ ရောဂါဘယ ဖြစ်ပွားမှုဖြင့် တီးတိန် - အင်ဖာလ် လမ်းတစ်လျှောက် အများအပြား သေဆုံး ခဲ့ကြောင်းနှင့် ရရှိထားသည့် ဒဏ်ရာ များကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်အတွင်း ဖြစ်ရပ်များကို ကိုယ်တိုင် တွေ့ကြုံခဲ့သူ ၉၁ နှစ်အရွယ်ရှိ တီးတိန် ဒေသခံ တစ်ဦးက ပြောသည်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည့် နှစ် ၇ဝ ပြည့် အထိမ်းအမှတ် ကျင်းပရန် စီစဉ်နေသည့် ဂျပန်အစိုးရက စစ်အတွင်း ချင်းတောင် စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သား များ၏ ရုပ်ကြွင်း များကို မိခင် ဂျပန်နိုင်ငံသို့ ပြန်ပို့နိုင်ရန် ရုပ်ကြွင်း ရှာဖွေရေး အဖွဲ့သည် ချင်းပြည်နယ်သို့ ရောက်ရှိ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထယ်လ်ဏ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...