ရန်ကုန် ၊ ၂၅-၈-၂၀၁၃
ယာဉ်အသုံးပြု သူများ၏ အသက် အန္တရာယ်
ဘေးကင်း လုံခြုံမှု မမြဲရှိစေရန် အတွက် ယာဉ်စစ်ဆေးရေး အဖွဲ့များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့
၏ လမ်းညွှန် ကြီးကြပ်မှု များကို ခံယူ၍ နေ့စဉ် ယာဉ်သွား ယာဉ်လာ များသည့် နေရာများမှ ရှောင်တခင်
ယာဉ်စစ်ဆေးမှု များပြုလုပ် လျက်ရှိရာ ယာဉ်အသုံးပြု တစ်ချို့သည် ရှေ့တွင် ယာဉ်စစ်ဆေးရေး
အဖွဲ့များ ရှိသည်ဟု ဆိုကာ ယာဉ်အား စက်အရှိန်မြှင့်၍ တစ်ဟုန်ထိုး ပြန်လှည့် မောင်းနှင်
ထွက်ပြေး လျက်ရှိကြောင်း စောင့်ကြည့် မှတ်တမ်းယူ သူများ၏ အဆိုအရ သိရသည်။
'' လက်ယာဘက် ယာဉ်ကြောကနေ ပုံမှန် အနေအထားနဲ့
ယာဉ်စီးနင်း အသုံးပြု လာသူ တစ်ချို့ကျတော့ ရှေ့မှာ ယာဉ်စစ်အဖွဲ့ရှိတယ်လို့ မြင်လိုက်တာ
နဲ့ ချက်ချင်းပဲ ဘယ်ဘက် ယာဉ်ကြော ဘက်ကို ဂငယ်ကွေ့ ကွေ့ပြီး တစ်ဟုန်ထိုး ပြန်လှည့် မောင်းထွက်ပြေး
လေ့ရှိပါတယ် ၊ အလွန်ကို အန္တရာယ် များတယ် ... '' ဟု ၄င်းစောင့်ကြည့် မှတ်တမ်း ရယူနေသူမှ
ဆက်လက် ပြောကြား ခဲ့သည်။
ယာဉ်စစ်ဆေးရေး အဖွဲ့များသည် ယာဉ်အသုံးပြုသူ
များအပေါ် မိမိတို့၏ မိသားစု များပမာ သဘောထားလျက် ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံရေး အတွက်
စိတ်ရင်း စေတနာ အမှန်ထားပြီး လုပ်ဆောင် ပေးသော်လည်း ယာဉ်အသုံးပြုသူ လူငယ်တချို့သည်
ယာဉ်စစ်ဆေးရေး တို့၏ မျက်မှောက် နေရာ၌ပင် ယာဉ်စစ်ဆေးမှုကို ခံယူခြင်း မရှိဘဲ တစ်ဖက်ယာဉ်ကြော
သို့ အန္တရာယ် များရှိနေသည့် ကြားမှ တစ်ဟုန်ထိုး ကူးပြောင်း၍ မောင်းနှင် ထွက်ပြေးနေခြင်း
ဖြစ်သည်။
'' ယာဉ်အသုံးပြုသူ အများစုကတော့ လူငယ်လေး
တွေဖြစ်ပါတယ် ၊ ယာဉ် မတော်တဆမှု ကြောင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီး သွားတာမျိုး
၊ ငယ်ငယ်ရွယ်ရွယ် နဲ့ အသက် ဆုံးရှုံး သွားတာမျိုး ဒါမျိုးတွေမဖြစ်ရ လေအောင် ညီရင်း အစ်ကိုလို
သဘောထား ခံယူပြီး တည့်မတ် ထိန်းကျောင်း ပေးတာ ဖြစ်ပါတယ် ... '' ဟု ယာဉ်စစ်ဆေးရေး တာဝန်
ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးမှ ပြောကြားခဲ့ သည်။
နိုင်ငံသားတိုင်း ယာဉ်မောင်းတတ် ရမည်ဟု
ဆောင်ပုဒ် ရှိသော်လည်း ယာဉ်မောင်း တတ်သူတိုင်း သည်လည်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ
ကို လေးစား လိုက်နာတတ်ဖို့ ရန် အထူး လိုအပ်ပေမည်။ ယာဉ်အသုံးပြုမည့် လူတိုင်းသည် ယာဉ်နှင့်
ပတ်သက်၍ သော်လည်းကောင်း ၊ ယာဉ်မောင်းသူများ လိုက်နာရမည် စည်းကမ်းများ နှင့်ပတ်သက်၍
သော်လည်းကောင်း ၊ သွန်သင် သတိပေးရမည့် တာဝန်သည် ယာဉ်ထိန်းတာဝန် ထမ်းဆောင်သူများ နှင့်သာ
သက်ဆိုင် နေသည်ဟု ယူဆရန် မသင့်ကြောင်း ၊ မိသားစုဝင်များ မှလည်း မိမိတို့၏ သားသမီးများ
အပေါ် သွန်သင်ရန် လိုအပ်မည် ဖြစ်ကြောင်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များအား လေ့လာ
စောင့်ကြည့် နေသူတစ်ဦး၏ အကြံပြု ပြောကြားချက် များအရ သိရှိရသည်။
No comments:
Post a Comment