Social Icons

Pages

Monday, April 29, 2013

တောထိုင်သော ဓလေ့ကျင့်သုံးနေသော ရန်ကုန်မြို့လည်မှ လမ်းတစ်လမ်း


ရန်ကုန် ၊ ၂၉-၄-၂၀၁၃

ရန်ကုန်မြို့တော် ၏ အချက်အခြာ နေရာဟု ဆိုအပ်သော ဆူးလေဘုရား မှ မဟာဗန္ဓုလ လမ်းမကြီး အတိုင်း လာပါက တစ်မိုင်ကျော် ခန့်ရှိ ပုဇွန်တောင် မြို့နယ် ရပ်ကွက် တစ်ခုတွင် တောထိုင်ဓလေ့ ကို ယနေ့တိုင် ကျင့်သုံး နေသည်ဟု ဆိုပါလျှင် စာဖတ်သူ အံ့သြ သွားမည်ဟု ထင်ပါသည်။ ယင်လုံ အိမ်သာ ရာနှုန်းပြည့် လွှမ်းခြုံရေး စီမံချက် တွင် မည်သည့် ရာခိုင်နှုန်း ဖြင့် ဖော်ပြ ထားသည်ကို မသိရှိ သော်လည်း ယနေ့အထိ ကလေးများစွာ နှင့် လူကြီး အချို့မှာ အိမ်သာကို အသုံးပြုခြင်း မရှိဘဲ ဌာနဆိုင်ရာ အုတ်နံရံ နှင့် မီးရထားလမ်း အကြားရှိ ခြုံနွယ် ပိတ်ပေါင်းများ အကြားတွင် အပေါ့ အလေး စွန့်နေကြ သည်မှာ ကြာပြီ ဖြစ်သည်။ ရထားလမ်း နှင့် မျက်နှာချင်း ဆိုင်ရှိ အိမ်တန်းများမှ အနံ့အသက် မခံနိုင်၍ ဟန့်တား သော်လည်း မရဘဲ ယနေ့တိုင် တောထိုင် နေကြသည်။

အဆိုပါ နေရာသည် ရန်ကုန်မြို့၏ နာမည်ကြီး ကုန်တိုက်ကြီး နှင့် အဆင့်မြင့် ကွန်ဒို မီနီယံ တစ်ခု၏ ပတ်ဝန်းကျင် ၌ဖြစ်ပြီး ဌာနဆိုင်ရာ နှစ်ဌာန၏ မိသားစု နေထိုင်ရာ အနီးတွင် ဖြစ်သည်။ ဌာနဆိုင်ရာ အိမ်တန်းလျား များအနီး တွင် ရေလောင်း အိမ်သာများ တည်ဆောက် ထားသော်လည်း လူဦးရေ နှင့် အိမ်သာ အချိုးအစား မညီမျှ၍လား ၊ လမ်းဘေး တောထိုင် သည့်ဓလေ့ကို မပစ်ပယ် နိုင်၍လား မသိနိုင်ပေ။

ယခုအခါ မိုးရာသီ ဥတု နီးလာပြီဖြစ်၍ ရာသီပေါ် သစ်သီးများလည်း မှည့်စပြု တော့မည် ဖြစ်သည်။ မိုးဦးကာလ နှင့်အတူ ၀မ်းရောဂါ ဖြစ်စေသော ယင်ကောင် များလည်း ပေါများ လာတော့မည် ဖြစ်သည်။ မကြာမီ ကျောင်းဖွင့် ရာသီလည်း ရောက်တော့မည် ဖြစ်သဖြင့် ၄င်း အနီးရှိ မူလတန်း ကျောင်းမှ ကျောင်းသားငယ် များ အတွက်လည်း ၀မ်းပျက် ၀မ်းလျှော ရောဂါ အန္တရာယ် ရှိလာမည် ဖြစ်သည်။ အဆိုပါ လမ်းတွင် သွေးလွန် တုတ်ကွေး ရောဂါလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ ကူးစက် ရောဂါ ပြန့်ပွားခြင်း ဆိုသည်မှာ လူအနည်းစု တွင် ရောဂါ ဖြစ်ပွား နေရာမှ ပတ်ဝန်းကျင် ၏ အခြေအနေ ကြောင့် တားဆီး၍ မရနိုင်သည့် အခြေအနေ သို့ ရုတ်တရက် ရောက်ရှိ သွားခြင်းပင် ဖြစ်ကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် လေ့လာခဲ့ဖူး ပါသည်။

သို့ဖြစ်၍ ၀မ်းရောဂါ ပြန့်ပွား လွယ်သော မိုးဦးကျ ကာလ အခြေအနေ သို့ မရောက်မီ တောထိုင် ဓလေ့ ကျင့်သုံး နေသော လူအများ အတွက် ယင်လုံ အိမ်သာ အလုံအလောက် ဖန်တီး ပေးရေး နှင့် ကျန်းမာရေး အသိ ပညာပေး ရေးအတွက် မိုးဦးမကျမီ အချိန်မီ ဆောင်ရွက် သင့်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။

( လင်းကိုကို )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...