Social Icons

Pages

Showing posts with label လမ်းပန်းဆက်သွယ်ရေး. Show all posts
Showing posts with label လမ်းပန်းဆက်သွယ်ရေး. Show all posts

Tuesday, April 2, 2019

ရှားတောမြို့တွင်း လမ်းများအား အဆင့်မြှင့်ခြင်း လုပ်ငန်း ဆောင်ရွက်

ရှားတောမြို့တွင်း လမ်းများအား အဆင့်မြှင့်ခြင်း လုပ်ငန်း ဆောင်ရွက်
-
ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ လမ်းများအား ယခုအခါ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ခြင်း၊လမ်းဘေးဝဲယာ ရေနုတ်မြောင်း တည်ဆောက်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့်ဓာတ်တိုင်များ ရွှေ့ပြောင်းခြင်း၊ လမ်းနယ်နိမိတ် မှတ်တိုင်များ စိုက်ထူခြင်း၊ လမ်းနယ်နိမိတ် အတွင်း ကျရောက်နေသည့် ခြံစည်းရိုးများ ရွှေ့ပြောင်းခြင်း၊ အရှိန်လျှော့ခုံးများတည်ဆောက်ခြင်း အစရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လွိုင်ကော်-ရှားတော-တာတမော့လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
-
ကြီးမြင့်နိုင်(လွိုင်ကော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, April 1, 2019

ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သံဘို- မူသဲ- ဘော်စဲခို- ပလပ်ခို- ယွန်းစလင်းဖွံ့ဖြိုးရေး လမ်းပေါ်ရှိ မူသဲ တံတားဆောက်လုပ်နေမှုအား နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက်ဆက်လက် ဆောင်ရွက်သွားမည်

ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သံဘို- မူသဲ- ဘော်စဲခို- ပလပ်ခို- ယွန်းစလင်း ဖွံ့ဖြိုးရေး လမ်းပေါ်ရှိ မူသဲ တံတား ဆောက်လုပ်နေမှုအား နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်
-
နေပြည်တော်၊ မတ် - ၃၁
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ခေတ်အဆက်ဆက် ဖောက်လုပ်ထားသည့် သံဘို-မူသဲ-ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း ၅၁ မိုင် ၇ ဖာလုံ လမ်းကြောင်းအား ဒေသခံ ပြည်သူလူထု အနေဖြင့်ရာသီမရွေး အချိန်တိုအတွင်း ကျောက်ကြီးနှင့် တောင်ငူမြို့များသို့ သွားလာနိုင်စေရေး တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ၁၂ ပေလမ်းမှ ၃၄ ပေ အကျယ်လမ်းကြောင်းအဖြစ် နှစ်အလိုက်စီမံချက်ချမှတ်၍ ပြုပြင်ပေးလျက်ရှိပါသည်။
-
သို့သော်လည်း ဒေသခံပြည်သူလူထု အကျိုးစီးပွား ကောင်းမွန်ရေးကိုမလိုလားသော အဖွဲ့အစည်းတချို့မှ  ဒေသခံ ပြည်သူများအား ၎င်းလမ်း ဖောက်လုပ်ခြင်းနှင့် အခိုင်အမာတံတားများဆောက်လုပ်ခြင်းသည် ဒေသခံ ပြည်သူများ၏ အကျိုးအတွက်မဟုတ်ဘဲ တပ်မတော်မှ စစ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ဖောက်လုပ်နေခြင်းသာဖြစ်ကြောင်း လှုံ့ဆော်သွေးထိုးမှုများပြုလုပ်လာခဲ့သောကြောင့် မတ် ၂၁ ရက်တွင် မူသဲကျေးရွာ အရှေ့ဘက်တွင် တည်ဆောက်နေသော အရှည် ၄ဝ ပေ၊ အကျယ် ၁၄ ပေ သံကူကွန် ကရစ်တံတား ဆောက်လုပ်မှုအား ဒေသခံအချို့နှင့်သွေးထိုးလှုံ့ဆော်သူ အချို့မှ ကန့်ကွက်ဆန္ဒပြခြင်း၊ ကန့်ကွက်စာသားများ ရေးသားထားသည့်ဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့လာရောက်စဉ်တွင်လည်းလမ်းကြောင်းဖောက်လုပ်မှုအား ကန့်ကွက်ကြောင်းတင်ပြခြင်းများ ပြုလုပ်လာခဲ့သည်။
-
လက်ရှိ မူသဲကျေးရွာ၏ အရှေ့ဘက်တွင် ဆောက်လုပ်နေသော တံတားသည် မူသဲ ချောင်းအား ရာသီမရွေး အသုံးပြု၍ ရအောင် ဖောက်လုပ်ပေးနေသည့် တံတားဖြစ်သည်။ မူသဲ ချောင်းသည် နွေရာသီရေနည်းချိန်၌ လမ်းဖြတ်ကူးသည့် နေရာတွင် အကျယ် ၁၂ ပေ၊ အနက် ၂ ပေခန့်ရှိသည့် ချောင်းဖြစ်ပြီး မိုးရာသီ၌ နှစ်စဉ်မိုးရေချိန် ပျမ်းမျှ(၁၁ဝ) လက်မခန့် အထိ ရွာသွန်းသည့် ဒေသဖြစ်၍ အကျယ် ၃ဝ ပေ၊ အနက် ၇ ပေခန့်ရှိသဖြင့် လူ၊ ယာဉ်များ ဖြတ်ကူးရန် ခက်ခဲသော ချောင်းဖြစ်သည်။ ၎င်းအခက်အခဲများကို ကျော်လွှားနိုင်ရန်၊  ဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အတွက် မူသဲချောင်းကူး တံတားအား ဆောက်လုပ်နေခြင်းဖြစ်ပြီး တံတားပြီးဆုံး သွားပါက မိုးရာသီ၌ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်သည့် အခက်အခဲအား ကျော်လွှားနိုင်ကာ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် ဒေသထွက်ကုန် များအား အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ရာသီမရွေး၊ အချိန်မရွေး အသုံးပြု သွားနိုင် မည်ဖြစ်သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လျှင်မြန် ချောမွေ့လာသည့်အတွက် ကုန်ဈေးနှုန်းများ ကျဆင်းပြီး ကုန်စည်များအား ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သဖြင့် ဒေသခံ ပြည်သူများ၏ လူမှုဘဝ ယခုထက် ပို၍ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ 
-
သံဘို- မူသဲ- ဘော်စဲခို-ပလပ်ခို-ယွန်းစလင်းလမ်းပိုင်းသည် ယခင်ကတည်းက ရှိပြီးဖြစ်သည့် တစ်ဖက်နိုင်ငံနယ်စပ် ထီးထ- ယွန်းစလင်း- ဗျက္ကောပု- ဘော်စဲခို- မူသဲ- ကျောက်ကြီး လမ်းကြောင်းပေါ်၌ ရှိနေသောလမ်းကြောင်းဖြစ်ပြီး ဒေသ ဖွံ့ဖြိုးရေးကို များစွာ အထောက် အကူ ပြုနိုင်သော လမ်းဖြစ်သည်။ ၎င်းကဲ့သို့ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လက်တွေ့ ခံစားရမည့် အကျိုးကျေးဇူးများကို လျစ်လျူရှု၍ တစ်ဖက်သတ် ကျဉ်းမြောင်းသော အမြင်ဖြင့် သွေးထိုး လှုံ့ဆော်နေခြင်းသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံ ပြည်သူများ ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအနှောင့် အယှက်ပြုနေခြင်းပင် ဖြစ်သည်။
-
-
၎င်းဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KNU အဖွဲ့အနေဖြင့် ၂ဝ၁၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)၌ လက်မှတ်ရေးထိုး ခဲ့သည်။ တပ်မတော် အနေဖြင့် လက်မှတ်ရေး ထိုးပြီးသည့်နေ့မှစ၍ ၎င်းနယ်မြေအတွင်း KNU အဖွဲ့၏ စခန်း ဌာနချုပ်များ၊ ရွာပုန်းနေရာ များအား အတိအကျ သိရှိသော်လည်းစာချုပ်ပါ ကတိကဝတ်များ အတိုင်း စစ်ဆင်ရေး ပြုလုပ်ခြင်းနှင့်  နှောင့်ယှက်မှုများ လုံးဝပြုလုပ်ခဲ့ခြင်း မရှိသည်မှာ အထင်အရှား ဖြစ်ပါသည်။ သို့သော် KNU အဖွဲ့မှ အချို့အောက်ခြေ အဖွဲ့အစည်းများကမူဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများနှင့် နှစ်စဉ်ပို့ဆောင်နေကျ ရိက္ခာ ပို့ဆောင်ခြင်း၊ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ခြင်း လုပ်ငန်းများတွင်လည်း မကြာခဏ နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ သံဘို- မူသဲ- ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း လမ်းကြောင်းနှင့် တံတားများ ပြီးစီးသွားပါက အဓိက အကျိုး ခံစားရမည့်သူများမှာ လမ်းပမ်းဆက်သွယ်ရေး အခက် အခဲကြောင့် ကျောက်ကြီး မြို့နှင့် ဆက် သွယ်ရန်ခက်ခဲနေသည့် ဒေသခံ ကျေးရွာသူ၊ ရွာသားများသာ ဖြစ်ပါသည်။
-
ထို့ကြောင့် မူသဲတံတား ဆောက်လုပ်မှုနှင့် ဒေသဖွံ့ဖြိုးရေးလမ်းဖောက်လုပ်မှုတို့အား ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မလို လားသောအဖွဲ့အစည်း တချို့၏ မဟုတ်မမှန် လှုံ့ဆော် သွေးထိုးမှုများကြောင့် မည်မျှပင် ကန့်ကွက်ခြင်းများ ပြုလုပ် သည်ဖြစ်စေ  ဒေသခံ ပြည်သူ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအား ရည်မှန်း၍ လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
-
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 27, 2019

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ

ရထားခရီးစဉ်တချို့ ရပ်နားပြီး ခရီးသည် တိုးလာသည့် လမ်းပိုင်းများတွင် တိုးချဲ့ပြေးဆွဲ
-
ရန်ကုန်  ဖေဖော်ဝါရီ   ၂၆ 
-
မြန်မာ့မီးရထား အနေဖြင့် လူစီးနည်းပြီး စီးပွားရေး တွက်ခြေမကိုက်သည့်ရထား ခရီးစဉ်တချို့ ရပ်နားထားပြီး ခရီးသည်စီးနင်းမှုများပြားသည့်လမ်းပိုင်းများ၌တိုးချဲ့ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်သူလတ်၏ပြောပြချက်အရသိရသည်။ လက်ရှိတွင် ရထားစီးခရီးသည်များသည် ခရီးစဉ်တချို့၌ လိုက်ပါစီးနင်းမှု နည်းပါးလာသည့် အတွက် တွက်ခြေမကိုက်သော ရထား ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။ 
-
''ကားလမ်းဘက်တွေက ခရိုင်ချင်းဆက် လမ်းတွေပြုလုပ်နေတာ ဖွံ့ဖြိုးလာတဲ့ အတွက် ရထားစီးတာ နည်းသွားကြတယ်။ဒါ့ပြင်ကားလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေ ရင်ကထက်ပိုပြီးကောင်းမွန်လာတယ်။ ဒီတော့ ဒေသခံတွေက ရထားထက်ကားကို ပိုစီးလာကြတယ်'' ဟု ဦးအောင်သူလတ် ကပြောသည်။ 
-
လက်ရှိတွင် ခရီးသည်များလာသည့် လမ်းဘူတာများကို  ထပ်မံတိုးချဲ့ပြေးဆွဲပေးနေကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းကို ပြေးဆွဲနေသည့် လမ်းဘူတာရှိဘူတာငယ်များမှအဆိုပါ ရထားကို စောင့်စီးရခြင်းသည်အဆင်မပြေသဖြင့်စီးနင်းသည့်ခရီးသည်များပြီး ဝင်ငွေတိုးသောကြောင့်ထပ်မံတိုးချဲ့ ပြေးဆွဲပေးရခြင်းဖြစ်ကြောင်းသိရသည်။ 
-
တစ်နိုင်ငံလုံး အတိုင်းအတာအရ ရထားစီးခရီးသည် လျော့နည်းလာသော်လည်းလမ်းပိုင်းအလိုက်  မန္တလေး - မြစ်ကြီးနားလမ်းပိုင်းသည် ခရီးသည်တိုးတက်လာသည့်အတွက် ရထားများတိုးချဲ့ပြေးဆွဲခဲ့ရကြောင်း၊ ခရီးသည် စီးနင်းမှု လျော့နည်းသွားသည့်လမ်းပိုင်းများမှာ လားရှိုးလမ်းပိုင်း၊ မော်လမြိုင်လမ်းပိုင်းတို့ ဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထား အနေဖြင့် အမြန်ရထား ၁ဝ စင်း၊ စာပို့ရထား ၁၂ စင်း၊ လူစီးကုန်တင်ရထား ခြောက်စင်း၊ ခရီးတို ရှစ်စင်း စုစုပေါင်း ၃၆ စင်းကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။                     
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး တိုးချဲ့

ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး တိုးချဲ့
-
ရွှေသောင်ယံ  ဖေဖော်ဝါရီ ၁၉ 
-
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံ-ချောင်းသာသွား ကားလမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ဖောက်လုပ်ခြင်းကို ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီနှင့်ချောင်းသာမှ  GERIZIM HOTELတို့ ဦးဆောင်၍  ရွှေသောင်ယံ-ချောင်းသာလမ်းပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းကာ ပေ ၅ဝ အကျယ်မြေသား လမ်းမကြီးကိုဖောက်လုပ်လှူဒါန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 
-
အဆိုပါ ရွှေသောင်ယံ-ချောင်းသာ ကားလမ်းသည် လမ်းအရှည် ၈ မိုင်ရှိပြီး ပထမလမ်းသားမှာ ကျဉ်းမြောင်းလွန်းသည့်အတွက်ရွှေသောင်ယံရှိ ဒေသခံပြည်သူများ၏ တောင်းဆိုမှုကြောင့်ယခုလိုလမ်းချဲ့ဖောက်လုပ်ခြင်းဖြစ်ပြီး ယခုဖေဖော်ဝါရီလထဲတွင် အပြီးသတ် ဆောင်ရွက်မည့် ဖြစ်ကြောင်းသိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 11, 2019

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်- ပြည်လမ်း (မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ကတ္တရာ ကွန်ကရစ် လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ရန်ကုန်- ပြည်လမ်း (မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ကတ္တရာ ကွန်ကရစ် လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
-
မက်(စ်)ဟိုက်ဝေး ကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် ရန်ကုန်- ပြည်လမ်း(မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ၄၈ ပေ လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်  ရန်ကုန် တိုင်းဒေသကြီး   တိုက်ကြီးမြို့နယ်  တာခွ ကျေးရွာအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်က ဝန်ကြီးဌာနအနေဖြင့် လမ်း-တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူတိုင်းရင်းသားပြည်သူများ လိုရာခရီးကို ချောမွေ့မြန်ဆန်ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လမ်း- တံတား လုပ်ငန်းများကို B.O.T ကုမ္ပဏီများဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ  B.O.T လမ်း-တံတားလုပ်ငန်းများတွင်ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲရန်မလိုဘဲပြည်သူများ၏အခြားသောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင်အသုံးပြုခြင်းဖြင့်ကဏ္ဍပေါင်းစုံ အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံ၏ လမ်း-တံတားလုပ်ငန်းများကို B.O.T စနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် လားရှိုး-မူဆယ်လမ်း အပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုတိုင်းရင်းသား  B.O.T ကုမ္ပဏီပေါင်း၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်ကိုအဆင့် မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီများ၏ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတကာ စံနှုန်းများနှင့် တွက်ချက်ပြီး ပူးပေါင်း ဆောင်ရွက်မှသာ P.P.P ပုံစံဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း။
-
ခေတ်စနစ်နှင့် မကိုက်ညီသည့် ပဋိညာဉ်စာချုပ်များကို  နိုင်ငံတကာစံနှုန်းနှင့် ညီညွတ်သော စာချုပ်တွေဖြစ်ရန်အာရှဖွံ့ဖြိုးရေး ဘဏ်၏ နည်းပညာ အထောက်အပံ့ဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအတိုင်ပင်ခံ အဖွဲ့များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊  အစိုးရ အဖွဲ့ဝင်များ၊ B.O.T ကုမ္ပဏီများပါဝင်သည့်အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပခဲ့ကြောင်း၊ နိုင်ငံ တကာ စာချုပ် စာတမ်းစံနှုန်းများ နှင့်အညီ B.O.Tကုမ္ပဏီများ၏ စာချုပ်စာတမ်းများကို ပြန်လည်ပြင်ဆင်ရန် စီစဉ် နေကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် ခေတ်စနစ်နှင့် လျော်ညီသော စီးပွားရေးအရ တွက်ခြေကိုက်ရန် ပြည်သူများမှ ပေးဆောင်ရမည့်လမ်းအသုံးပြုခများကို ရှာဖွေဆန်းစစ်ပြီး ဆောင်ရွက်နေကြောင်း ပြောကြားသည်။ 
-
ထို့နောက် တာဝန်ရှိသူများက ရန်ကုန်- ပြည်လမ်း(မှော်ဘီ-တိုက်ကြီး)  လမ်းပိုင်း ၄၈ ပေလေးလမ်းသွား ကတ္တရာကွန် ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 7, 2019

ထောက်ကြန့်ခုံးကျော် တံတားနှင့် မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအစား လမ်းပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ထား

-
ရန်ကုန်  ဖေဖော်ဝါရီ  ၆ 
-
ရန်ကုန်တိုင်းဒေသကြီး အတွင်း ထောက်ကြန့်ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း နှစ်ခုအစား လမ်းပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ထားကြောင်းရန်ကုန် တိုင်းဒေသကြီး  အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးမြင့်သောင်း ကပြောသည်။ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေ နောက်ဆက်တွဲ (၂)အဖြစ် ယင်းလုပ်ငန်းနှစ်ခုအစားတခြားလုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ထောက်ကြန့်ခုံးကျော် တံတား တည်ဆောက်ရန် လျာထားသည့် ငွေကျပ်၂ ဘီလီယံကို  တိုင်းဒေသချင်း ဆက်သွယ်လမ်းမကြီးများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် မြို့တော်ဘဏ်တွင် ရင်းနှီးငွေ ထည့်ဝင်မည့် ငွေကျပ် ၆ ဒသမ ၈ ဘီလီယံကို ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ရှိ လမ်းမကြီးများ တိုးချဲ့ပြုပြင်ခြင်းများ အတွက် အသုံးပြုမည်ဖြစ်သည်။ 
-
ယင်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းပြောင်းလဲ အသုံးပြုမည့် တင်ပြတောင်းခံချက်နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ရက်ပိုင်းအတွင်း ပြန်လည်ဆွေးနွေးပြီး အဆုံးအဖြတ် ရယူရန်ရှိကြောင်း သိရသည်။ ''ဒီလုပ်ငန်းနှစ်ခုကို   တိုင်းလွှတ်တော် ကန့်ကွက်လို့  ဆောင်ရွက်မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေအစား တခြားလုပ်ငန်းခေါင်းစဉ်ကိုပြောင်းလဲအသုံးပြုဖို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်ချက် ရယူမှာ ဖြစ်ပါတယ်။  တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒါကိုလွှတ်တော်မှာချပြတာပါ'' ဟု   ဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေတွင် ထောက်ကြန့်ခုံးကျော်တံတား တည်ဆောက်ရန် ငွေကျပ် ၂  ဘီလီယံ၊ မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံရန်  ငွေကျပ်  ၆  ဒသမ  ၈ ဘီလီယံကို ထည့်သွင်းရန်   လျာထားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင်  တိုင်းဒေသကြီး လွှတ်တော်မှ ကန့်ကွက်သဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှစ်ခု ပျက်ပြယ်ခဲ့သောကြောင့်အစားထိုး အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။ လုပ်ငန်းပြောင်းရွှေ့ရာတွင် ဆောင်ရွက်လိုသည့် လုပ်ငန်းများသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဒေသအတွက် အကျိုးဖြစ်ထွန်းနိုင်ရေးတွင် လည်းကောင်းဝန်ကြီးက တိုင်းလွှတ်တော်၌ ဆွေးနွေးအတည်ပြုပေးစေလိုကြောင်း တင်ပြခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ငါ့သရောက်-ကျောက်ပန်းတောင်း ကျေးလက်လမ်း ပျက်စီးနေသော လမ်းပိုင်းများအား ပြုပြင်လျက်ရှိ

ငါ့သရောက်-ကျောက်ပန်းတောင်း ကျေးလက်လမ်း ပျက်စီးနေသော လမ်းပိုင်းများအား ပြုပြင်လျက်ရှိ
-
ငါ့သရောက်  ဖေဖော်ဝါရီ  ၆ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အတွင်းရှိ ကျောက်ပန်းတောင်းမြို့နှင့် ငါ့သရောက်မြို့သို့ ဆက်သွယ်ထားသောပျက်စီးနေသည့် ကျေးလက်လမ်းနေရာများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြုပြင်နေပြီဖြစ်ကြောင်း သိရသည်။ 
-
အဆိုပါ ကျောက်ပန်းတောင်းမြို့နှင့် ငါ့သရောက်မြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းသည် ဗျတ္တပန်းဆက်လမ်း ဂျမ်းလှီးကျေးရွာ မြောက်ဘက်နားမှ ငါ့သရောက်မြို့ ဗြူကြီးကျေးရွာအဝင်ဆိုင်းဘုတ်အထိ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသည်။ ''ဘက်ဟိုးတစ်စီး၊ မြေသယ်ထော်လာဂျီ သုံးစီး၊ ဖောကား နှစ်စီး အားလုံးခြောက်စီးနဲ့ ဝိုင်းဝန်းပြုပြင်နေတာပါ။ အလှူငွေပေါ်မူတည်ပြီးပြုလုပ်သွားမှာဖြစ်ပါတယ်''ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
-
ငါ့သရောက်မြို့ တောင်ဘက်ခြမ်းကျေးရွာများသည် ဈေးရောင်းဈေးဝယ်ရာတွင်ယင်းကျေးလက်လမ်း တစ်လမ်းကိုသာ မှီခိုအားထားနေရပြီး ကုန်ပစ္စည်းများ ကျောက်ပန်းတောင်း မြို့သို့သွားရောက်ရောင်းချရာတွင် လမ်းမကောင်းသည့် အတွက်အချိန်ကြန့်ကြာကြောင်း၊ ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်လျှင် ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ ကျေးလက်နေပြည်သူတို့ဘဝတစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း နယ်စပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း နယ်စပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး
-
နေပြည်တော်  ဖေဖော်ဝါရီ  ၆
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်သည် ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ   နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
-
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျောက်ဂူ-နောင်ဝိုး လမ်းသို့ ရောက်ရှိခဲ့ရာ အဆိုပါလမ်းပေါ်ရှိ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ကတ္တရာ လမ်း (၅/ဝ)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊  ကျောက်လမ်း (၁၅/ဝ)မိုင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကိုလည်းကောင်း၊  ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့်  ၂၅ ပေ ကွန်ကရစ် တံတားနှစ်စင်း၊ ၈ ပေ Box Culvert သုံးစင်းတို့အား လည်းကောင်း ဝန်ကြီးဌာန၏ မူဝါဒ၊ စံချိန် စံညွှန်းများ နှင့်အညီတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
-
ဆက်လက်၍ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီး- ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ် - သဘာဝ တံတား - နမ့်လန် - သီပေါ- လားရှိုး လမ်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  နောင်ဝိုး- ညဥ့်စဉ်ကျောက် ချော လမ်း(၂/ဝ)မိုင်ပြီးစီးမှုကို လည်းကောင်း၊ ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျောက်ချောလမ်း(၇/ဝ)မိုင်နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကွန်ကော့မှ သဘာဝ တံတား အထိ  ကျောက် ချောလမ်း (၃/ဝ) မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းခွင်ကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ်- သဘာဝ တံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့ ပူးပေါင်း၍ လည်းကောင်း၊ သဘာဝတံတား- နမ့်လန်- သီပေါ-လားရှိုးလမ်း အပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်းကောင်း တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
-
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ယခုဖောက်လုပ်နေသောတောင်ကြီး-ရပ်စောက်- ကျောက်ဂူ- ညဥ့်စဉ်- ပန်ဝပ်- သဘာဝတံတား- နမ့်လန်- သီပေါ- လားရှိုးလမ်းပြီးစီးပါကရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ-လားရှိုး-မူဆယ်သို့ အချိန်တိုအတွင်း  လွယ်ကူ ချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (မြောက်ပိုင်း)သို့ကူးလူးသွားလာရာ၌ တောင်ကြီး- မန္တလေး- နောင်ချို- သီပေါ ကားလမ်း၏ ဂုတ်တွင်း (ဂုတ်ထိပ်)ဒေသ၌ မော်တော်ယာဉ်များ ယာဉ် ကြော ပိတ်ဆို့မှု အခက်အခဲများစွာ ကြုံတွေ့မှု ကင်းဝေးပြီး အချိန်တို အတွင်းတောင်ကြီးမှ  လားရှိုး-မူဆယ်အထိ ရောက်ရှိနိုင်မည် ဖြစ်သဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသရှိ ပြည်သူ လူထု အတွက် များစွာအကျိုးပြုမည့်လမ်း ဖြစ်ကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 30, 2019

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ် မောတောင်မြို့ သွားရာလမ်း ထုံခါ-မောတောင်လမ်းပိုင်း ဆောင်ရွက်နေမှု ၉၃ ရာခိုင်နှုန်း ပြီးစီး
-
တနင်္သာရီ  ဇန်နဝါရီ  ၂၉  
-
ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်က ဆောင်ရွက်လျက် ရှိသော တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ  မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် မောတောင်မြို့သွား လမ်းအပိုင်းဖြစ်သည့် ထုံခါ-မောတောင်လမ်း အပိုင်းလုပ်ငန်းဆောင်ရွက်နေမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 
-
''ထုံခါ-မောတောင်   လမ်းအပိုင်းကို ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပြီး BOT စနစ်နဲ့ ၂ဝ၁၃ ခုနှစ်ကစပြီး ဖောက်လုပ်တာပါ။  လမ်းအရှည်က ၄၈ မိုင် ၆ ဖာလုံ၊ အကျယ် ၂၄ ပေ ရှိပါတယ်။ အရင်ကသစ်ထုတ်တဲ့ လမ်းကျဉ်းလေးကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်နိုင်တဲ့ လမ်းအဖြစ်  ဆောင်ရွက်နေတာ အခုဆိုရင် ဒီလမ်းက ၉၃ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။အချောသပ်ရမယ့် အပိုင်းအနေနဲ့ကျန်ပါသေးတယ်။ ဖေဖော်ဝါရီလအတွင်း အားလုံး ပြီးစီးလိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။ ဒီလမ်းပြီးသွားရင် BOT စနစ်နဲ့ လုပ်ထားတာကြောင့် တိုးဂိတ်နှစ်ခု ဆောက်လုပ်မှာဖြစ်ပြီး တိုးဂိတ်အမှတ်(၁)ကတော့ မြိတ်ကနေလာရင် ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက် တံတားအနီး တစ်ခုနဲ့  တိုးဂိတ်အမှတ်(၂)ကတော့ မောတောင်မြို့ အမှတ်(၁)ရပ်ကွက် တံတားအနီးမှာ တစ်ခုဆောက်လုပ်သွားပါမယ်။ ဒီလမ်းပြီးသွားရင် ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ဒီလမ်းမကြီးကနေတစ်ဆင့်  ထိုင်းနိုင်ငံရဲ့ အဓိက ငါးဈေးကွက် မဟာချိုင်ကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့နိုင်မှာဖြစ်ပါတယ်။  နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမယ်။လမ်းပြီးသွားရင်တရားဝင်ဂိတ်အဖြစ် ထိုင်းနိုင်ငံနဲ့ လုပ်မယ့် ဝင်ပေါက်၊ ထွက်ပေါက်အနေနဲ့  နယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုကို ကျွန်တော်တို့က အမြဲတမ်းဂိတ် အနေနဲ့ ဖွင့်ဖို့ကြိုးစားနေပါတယ်''ဟု   မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ မောတောင်-ထုံခါလမ်းစီမံကိန်း ဒါရိုက်တာ ဦးသန်းလွင် ကပြောသည်။ 
-
အဆိုပါလမ်းပိုင်းမှာ  မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက်အဓိကကျသည့်လမ်းဖြစ်သောကြောင့် ထုံခါကျေးရွာမှ မောတောင်မြို့အထိ ၄၈ မိုင် ၆ ဖာလုံကို မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ယူကာ ထိုင်းနိုင်ငံက ပညာရှင်များနှင့် လမ်းခင်းသည့် အပိုင်းများကိုပူးတွဲ လုပ်ဆောင်နေခြင်းဖြစ်သည်။ 
-
မိုးတွင်းကာလတွင်  မောတောင်ငယ် တောင်ကြောတစ်လျှောက်  မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသောကြောင့်  တောင်ကြော တစ်လျှောက်တွင် ကွန်ကရစ်လမ်း ခင်းထားကြောင်းနှင့် မြိတ်မြို့မှ ၁၂၃ မိုင် ကွာဝေးသည့် မြန်မာ-ထိုင်းနယ်စပ်  မောတောင်မြို့သို့ သုံးနာရီကြာ ခရီးဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 18, 2018

အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနှင့် တညင်းကုန်း-ပုရွက်ဆိတ်ကုန်း လမ်းပိုင်းကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပြိုင်တည်းပြုပြင်မည်

အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနှင့် တညင်းကုန်း-ပုရွက်ဆိတ်ကုန်း လမ်းပိုင်းကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပြိုင်တည်းပြုပြင်မည်
-
ရန်ကုန် ဒီဇင်ဘာ ၁၇ 
-
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် ရန်ကုန်မြို့ပတ် အနောက် ဘက်ခြမ်း အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ် အရှေ့ဘက်ခြမ်း တညင်း ကုန်း-ပုရွက်ဆိတ်ကုန်း လမ်းပိုင်းကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပြိုင်တည်း ပြုပြင်မည်ဖြစ် ကြောင်း မြန်မာ့မီးရထား လုပ်ငန်းတိုင်း(၇)အထွေထွေ မန်နေဂျာ ဦးဇော်လွင် ထံမှ သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ် အနောက်ဘက်ခြမ်းဖြစ်သည့် တညင်းကုန်း-အင်းစိန်ကြား လမ်း ပိုင်းပြုပြင်ခြင်း လုပ်ငန်းများ ဒီဇင်ဘာ ၂ဝ ရက်တွင် အားလုံးပြီးစီးမည်ဖြစ်သည့် အတွက် ဒီဇင်ဘာ ၂၁ ရက်မှစ၍ မြို့ပတ်လမ်းပိုင်း အနောက်ဘက်ခြမ်းဖြစ်သော အင်းစိန်-ကြည့်မြင် တိုင်ကြား ၅ ဒသမ ၅ မိုင် အကွာအဝေးနှင့် မြို့ပတ်လမ်းပိုင်း အရှေ့ဘက်ခြမ်း ဖြစ်သော တညင်းကုန်း-ပုရွက်ဆိတ် ကုန်းကြား ၇ ဒသမ၂၅ မိုင်အကွာ အဝေးကို တစ်ပြိုင်တည်း အဆင့် မြှင့်တင်မည် ဖြစ်သည်။ 
-
အင်းစိန်-ကြည့်မြင်တိုင်ကြား ရထားလမ်းပိုင်းကို ပြုပြင်ပါက လမ်းတစ်လမ်းကို ပိတ်၍ ပြုပြင်မည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းတစ်လမ်းဖြင့် မြို့ပတ်ရထားများကို အစုန်အဆန်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ လမ်းတစ်လမ်းတည်းပေါ်၌ အစုန်အဆန် ပြေးဆွဲပေးရမည် ဖြစ်သည့် အတွက် စီမံကိန်း ကာလအတွင်း အင်းစိန်-ကြည့်မြင်တိုင်ကြားတွင် လှည်းတန်း၊ သီရိမြိုင်နှင့် သမိုင်းမြို့သစ် ဘူတာများကို ရုံပိုင်ဘူတာများအဖြစ် ယာယီဖွင့်လှစ်မည်ဖြစ်ပြီး စီမံကိန်းကာလ လေးလအတွင်း အပြီးဆောင်ရွက်ရန် ခန့်မှန်းထားကြောင်း သိရသည်။ 
-
ထို့ပြင် မြို့ပတ်လမ်းပိုင်း အရှေ့ဘက်ခြမ်း ဖြစ်သည့် တညင်းကုန်း-ပုရွက်ဆိတ်ကုန်းကြား ကို လည်း တညင်းကုန်း-ကျိုက္ကလဲ့ကြား ၃ ဒသမ ၅ မိုင်ကို လမ်းတစ်လမ်းစီပိတ်၍ အလှည့်ကျ ပြင်ဆင်မည်ဖြစ်ပြီး ကျိုက္ကလဲ့မှ အင်းစိန်အထိ ရထားပြေးဆွဲ ပေးမည်ဖြစ်ကာ စီမံကိန်းကာလ မှာ လေးလကြာမည်ဖြစ်သည်။ ''တစ်လမ်းသွားလုပ်မယ့် နေရာမှာ ရထားစင်းရေတော့ လျော့သွားမယ်။ ဒါပေမဲ့ ခရီးစဉ်အတို လေးတွေပိုများလာမယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို တစ်ပြိုင်တည်း လုပ်မယ် ဆိုတာက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမြန်ပြီးစီးအောင် ဖြစ်ပါတယ်''ဟု ဦးဇော်လွင် ကပြောသည်။
-
ကျိုက္ကလဲ့-ပုရွက်ဆိတ်ကုန်းကြား ၃ ဒသမ ၇၅ မိုင်အကွာအဝေးကို လမ်းနှစ်လမ်းစလုံးပိတ်၍ ပြင်ဆင်မည်ဖြစ်သည့်အတွက် ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ပြီး စီမံကိန်းကာလ မှာ ခြောက်လကြာမည်ဟု သတ်မှတ်ထားသည်။ ထိုသို့ လမ်းနှစ်လမ်းစလုံး ပိတ်ရမည်ဖြစ်သည့်အတွက် လက်ဝဲရစ်နှင့် လက်ယာရစ်မြို့ တစ်ပတ်လုံး ပြေးဆွဲလျက်ရှိသည့် ရထားများကို ယာယီရပ်နား ထားမည်ဖြစ်ကြောင်း၊ မြန်မာ့ မီးရထားအနေဖြင့် ရထားလမ်းပြုပြင်ခြင်း လုပ်ငန်းများကို အနောက်ဘက်ခြမ်း တွင် A-1 ကုမ္ပဏီ နှင့်လည်းကောင်း၊ အရှေ့ဘက်ခြမ်းတွင် ရွှေတောင်ကုမ္ပဏီနှင့် လည်းကောင်း ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိပူရ်မြစ်ကူးဗားရ်တံတား တည်ဆောက်ရန် လျာထားသည့် နေရာ၊ ဝေဘူလလမ်း၊ ဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မဏိပူရ ရေလှောင်တမံတို့အား ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁
-
ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့  နံနက်ပိုင်းက  ကလေး-ဖလမ်း-ဟားခါးလမ်း  မိုင်တိုင်အမှတ် (၆၈/၅) အနီး မဏိပူရ်မြစ်ကူးဗားရ် တံတားအသစ် တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် နေရာရွေးချယ်ထားမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေး-နတ်ချောင်း-ဗားရ်-ဖလမ်းကို ဆက်သွယ်ပေးသည့် ဝေဘူလလမ်းပြုပြင်ခြင်း၊ လမ်းသားချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လမ်း၏ အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
-
ထို့နောက် ယင်းလမ်းပေါ်ရှိဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
-
ယင်းနောက် ဝေဘူလမြို့သို့ ရောက်ရှိရာ ဒေသခံများက ရိုးရာယဉ်ကျေးမှု အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေ လိုအပ်ချက်နှင့် နှစ်အလိုက် ရန်ပုံငွေသုံးစွဲမှု၊ စီမံကိန်း အကောင်အထည်ဖော် ပြီးစီးမှု၊ B.O.T  စနစ်ဖြင့် လွှဲပြောင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်  ဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြ သည်။
-
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက မဏိပူရရေလှောင်တမံ စီမံကိန်းသည် စိုက်ပျိုးရေအတွက်သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရ်မြစ် ရေလမ်းကြောင်း ကောင်းမွန်လာမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှု လုပ်ငန်းများကိုပါ များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပြီး ရှုရပ်မှနေ၍ မဏိပူရရေလှောင်တမံ စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
-
မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း၌ ရှိပြီး မြစ်သာမြစ်၏ အကြီးဆုံး မြစ်လက်တက် ဖြစ်သော မဏိပူရ်မြစ်ပေါ်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာဧက ၈ဝဝဝဝ ခန့် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း၊မူလဒီဇိုင်းအတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် ၃၈ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ  ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ စေမည်ဖြစ်ကြောင်း သိရသည်။
-
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေးမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ  မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
-
(သတင်းစဉ်)

Tuesday, September 11, 2018

ရှုခင်းသာလမ်းပိုင်းရှိ ရေနုတ်မြောင်းကျိုးပေါက်ပြိုလဲမည်ကို ခရီးသွားများ စိုးရိမ်နေ



လားရှိုး ၁၁-၉-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီး ကွတ်ခိုင်နှင့် မူဆယ်ကြား ရှုခင်းသာလမ်းပိုင်းရှိ ရေနုတ်မြောင်း ကျိုးပေါက်ကာပြိုလဲမည်ကို ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ စိုးရိမ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မူဆယ်-ကွတ်ခိုင်လမ်းပိုင်း မိုင်တိုင်အမှတ် (၂၃၄/၄)နှင့် (၂၃၄/၅) ကြားရှိ ရေနုတ်မြောင်းမှာ အက်ကွဲနေခြင်းကြောင့် ခရီးသွားပြည်သူများ သွားလာရာတွင် စိုးရိမ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။"တွေ့နေတာ ကြာပါပြီ။ တဖြည်းဖြည်းနဲ့ အက်ရာက ကြီးလာတယ်။ ပြိုကျရင် ချောက်ထဲကိုကျမှာပါ။ ကားကြီးတွေနဲ့ ခရီးသည် တင်လေအိတ်တွေရော အားလုံးအတွက် စိုးရိမ်ရပါတယ်"ဟု ကားလေးယာဉ်မောင်း ကိုဇေယျာစိုးက ပြောပြသည်။

အဆိုပါ ပြည်ထောင်စု လမ်းမကြီးတွင် လမ်းချဲ့ခြင်း၊ လမ်းပြုပြင်ခြင်းများ ပြုလုပ်နေခြင်းကြောင့် မိုးရွာချိန်များတွင် မြေပြိုခြင်းမှ လမ်းပေါ်ရောက်ကာ လမ်းချော်ခြင်းများ ဖြစ်ပွားနေကြောင်း၊ ယခုတွင်လည်း မြေသာများပါ အက်လိုက်နေကြောင်း ၎င်းက ပြောပြသည်။

"ကျွန်တော်တို့က ရှုခင်းသာ လမ်းအမြန်ပွင့်အောင် ဆောင်ရွက်ခဲ့တာပါ။ အခုပြန်ပြီးတော့ လိုက်လုပ်နေပါတယ်။ ဖို့မြေတွေဖြစ်လို့ မြေကျွံတာတွေ ဖြစ်တတ်ပါတယ်"ဟု အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပြည်ထောင်စု လမ်းမကြီးကို လေးလမ်းသွား ခင်းနေခြင်းကြောင့် အချိုးကွေ့နေရာများတွင် နံရံများကို ဖောက်လုပ်ကာ မြေဖို့ခြင်းများ၊ ပြန်လည်ပြုပြင်ခြင်းများကို လိုက်လံ ဆောင်ရွက်နေကြောင်း ၎င်းကပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Monday, September 10, 2018

ကလေး-ဖလမ်း-ဟားခါးကားလမ်းကို ကန်ဒေါ်လာ ၆၆ သန်းဖြင့် အဆင့်မြှင့်မည်



ကလေး ၁ဝ-၉-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့ထိ ဆက်သွယ် သွားလာရာတွင် အသုံးပြုသည့် ကလေး-ဖလမ်း-ဟားခါးကားလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းဖြင့် ၂ဝ၁၉ခုနှစ်ပွင့်လင်း ရာသီ၌ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

ကလေးမြို့နှင့် ဟားခါးမြို့ကြား အရှည်၁၂၄ မိုင်၊ အကျယ်၂၄ မိုင်ရှိ လမ်းမကြီးကို လမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ရာ ကလေး-ဟားခါး လမ်းပိုင်း အဆင့်မြှင့်တင်မည့် အမေရိကန်ဒေါ်လာ ၆၆ သန်းမှာ ကမ္ဘာ့ဘဏ်က ပြည်ထောင်စု အစိုးရထံ ဒေါ်လာသန်း ၂ဝဝ ထုတ်ချေးမည့်အနက်မှ လမ်းပိုင်းအဆင့် မြှင့်တင်ရန်အတွက် ယခုနှစ် မတ်၂ဝရက်က သဘောတူညီမှုဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့က ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

"သူတို့ကတော့ တင်ဒါခေါ်ယူတာကအစ သူတို့ပဲ အစအဆုံး တာဝန်ယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရရင် ငွေထုတ်ချေးဖို့ ကွင်းဆင်းလေ့လာမှု တွေပြုလုပ်တဲ့အခါ ကလေး-ဟားခါး လမ်းဘေးဝဲယာ တစ်လျှောက် မြေယာနစ်နာကြေးကိစ္စ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာမှု စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကမ္ဘာ့ဘဏ်က ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို ငွေပေးရေးကိစ္စဆွေးနွေးခဲ့တယ်။ နောက်ပိုင်း ချင်းပြည်နယ် အစိုးရနဲ့ ကမ္ဘာ့ဘဏ်အကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ဆောင်ရွက်ပြီးမှ ရရှိခဲ့တဲ့ငွေ ဖြစ်ပါတယ်"ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Thursday, September 6, 2018

မိုးရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံသွားလမ်းတွင် တောင်ကမ်းပါးယံပြို၍ လမ်းပိတ်ဆို့မြှုဖစ်



မိုင်းဖြတ် ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စု လမ်းမကြီးဆိုင်းလေ ကျေးရွာအနီး မိုင်တိုင်အမှတ် (၆၉၇-၆၉၈)Km ကြား၌တောင်ကမ်းပါးယံ ပြိုကျ၍ ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကမ်းပါးယံ ပြိုကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ်လမ်း ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ကေခိုင်ဇော်၊ အငယ်တန်းအင်ဂျင်နီယာ(၂) (မြို့ပြ)ဦးအောင်ဇော်ထွန်းတို့၏ ကြီးကြပ်မှုဖြင့် ခရီးသွားယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေရန်နှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့၍ အဆင်ပြေမှုရှိစေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက် ရာတွင်ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Tuesday, August 28, 2018

ရက် ၃ဝ ကျော်သည့်တိုင် ယာဉ်သွားလာမှု ခက်ခဲနေသည့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ယာဉ်လမ်းချော်ပိတ်ဆို့မှုများ ဆက်လက်ကြုံတွေ့နေ



ဘားအံ့ ၂၈-၈-၂ဝ၁၈

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှုမှာ ရက် ၃ဝကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ ပြုပြင်မည့် သူမရှိသေးသည့် အိန္ဒုကော့ကရိတ် လမ်းတွင် ခရီးသွားလာမှု ခက်ခဲခြင်းများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရသည်။

"ဒီနေ့နေ့လယ်ပိုင်းကလဲ တွဲကားတစ်စီး မြေကျွံနစ်မြုပ်လို့ လမ်းပိတ်ဆို့မှု ဖြစ်တယ်။ လုံခြုံရေးတာဝန် ကျအဖွဲ့တွေနဲ့ လက်ရှိယာဉ်ကြောကို ယာဉ်တွေတစ်စီးချင်း လွှတ်ပေးလိုက်၊ လမ်းချော်မြေကျွံရင် ယာဉ်ကြောခဏပိတ်ပြီး ဝိုင်းပြင်လိုက်ကြနဲ့ ယာဉ်သွားလာမှုက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာသလား ထင်ရပါတယ်။ ခရီးသွားမယ်ဆို ဒီလမ်းအသုံးပြု သူတွေအနေနဲ့ အရေးတကြီး သွားစရာမရှိရင် မသွားဖို့တောင် အကြံပြုချင်ပါတယ်"ဟု ယာဉ်မောင်း တစ်ဦးက လမ်းခရီးသွားလာမှု ခက်ခဲခြင်းအပေါ် ရင်ဖွင့်ပြောကြား ခဲ့သည်။

ယနေ့နံနက် ၂ နာရီခွဲကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘားအံမြို့နယ် ဂျိုင်းကျေးရွာအုပ်စု ရိုးမဟာကျေးရွာ အနီးမြေဖို့ထားသည့် မြေသားလမ်းများမှာ မြေသားပျော့နေသည့်အပြင် ညအချိန် ဖြစ်သည့်အတွက် ဖြတ်သန်းနိုင်ခြင်း မရှိသဖြင့် ဘားအံ-မြဝတီကား လမ်းတစ်လျှောက် ၁၃ တန်အထက် ယာဉ်ကြီးများတန်းစီ ရပ်တန့်ထားပြီး တစ်စီးချင်းစေလွှတ် သွားလာနေရကြောင်း ၊နံနက် ၁ဝနာရီခန့်တွင် လမ်းပေါ်၌ တစ်ပေခန့်အနက် ရှိသော ချိုင့်ခွက်ကြီးများဖြစ်လာ၍ ယာဉ်ကြောခေတ္တပိတ်ကာ လမ်းပြုပြင်ခြင်းများ ဝိုင်းဝန်းဆောင်ရွက် ခဲ့ရာနံနက် ၁ဝနာရီခွဲကျော်တွင် ယာဉ်များပြန်လည် ဖြတ်သန်းသွားလာ နိုင်ခဲ့ကြောင်း၊နံနက် ၁၁နာရီ ၂၅မိနစ်တွင် ရိုးမဟာကျေးရွာအနီး မိုင်တိုင်အမှတ် ၃၅နှင့် ၃၆ ကြား မြဝတီဘက်မှ ဘားအံဘက်သို့ ဆင်းလာသည့် 5P/----တွဲယာဉ်တစ်စီး ချိုင့်ခွက်အတွင်း မြေကျွံနစ်ကာ လမ်းပိတ်ဆို့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့သည့် နေရာသို့ ဂျိုင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အိန္ဒုနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် မျိုးဦးနှင့်တပ်ဖွဲ့ဝင်များ၊ သာယာကုန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းကြောင်းလုံခြုံရေး တာဝန်ကျ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ ဂျိုင်းတံတားလုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ဝင်တို့က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းများ ချိုင့်ခွက်ဖြစ်ပေါ် နေမှုများကို ကျေးရွာလူငယ်အဖွဲ့များ၊ ယာဉ်မောင်းများဖြင့် ပူးပေါင်းပြင် ဆင်ဆောင်ရွက်ကာ ယာဉ်ငယ်များကို အလှည့်ကျ စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရီးသွားပြည်သူများကြား အိန္ဒုကော့ကရိတ်လမ်းပိုင်းနှင့် ပတ်သက်၍ ဝေဖန်မှုများဖြင့် ဆူညံစွာအော်ဟစ်နေ သော်လည်း ယနေ့တိုင် အကောင်အထည် ဖော်ပြုပြင်ပေးခြင်းမရှိ၍ နေ့စဉ်နီးပါး ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုများ ကိုလည်း ဆက်လက်ကြုံတွေ့ နေရဦးမည် ဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

#Themyawadydaily

Tuesday, August 21, 2018

ဘားအံမြို့နယ်အတွင်း မြစ်ရေတက်၍ လမ်းများရေကျော်နေ အချို့နေရာများတွင် ယာဉ်ငယ်များသွားလာရန် ခက်ခဲလျက်ရှိ



ဘားအံ ၂၁-၈-၂ဝ၁၈

သံလွင်မြစ်ရေ တက်လာသည့်အတွက် ကရင်ပြည်နယ် ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ဘားအံမြို့နယ် အတွင်းရှိ ကားလမ်းအချို့ ရေကျော်၍ ယာဉ်ငယ်များ သွားလာရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂နာရီ မိနစ် ၃ဝ ထိ မိုးလေဝသနှင့် ဇလဗေဒ၏ တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေ အမှတ် ၇၅ဝ စင်တီမီတာ အထက် ၉၁၄ စင်တီမီတာသို့ ရောက်ရှိလျက်ရှိရာ ဘားအံမြို့ပေါ်တွင် အမှတ် (၄) ရပ်ကွက်အတွင်းရှိ လမ်းအချို့တွင် ရေသုံးပေခန့်၊ အမှတ်(၈) ရပ်ကွက်ရှိဘားအံ-ထုံးအိုင် လမ်းမပေါ်တွင် ရေတစ်ပေခန့်၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ လမ်းတချို့တွင် ရေတစ်ပေခန့်နှင့် ဥယျာဉ်(၂)လမ်းနှင့်ဥယျာဉ်(၃) လမ်းပေါ်တွင် ရေအနက် သုံးပေခန့်၊ အမှတ် (၇) ရပ်ကွက်ရှိ လမ်းတချို့တွင် ရေသုံးပေခန့် အသီးသီး ရေကျော်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဝါးဘိုးတော- ကမမောင်း-ဖာပွန်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၃နှင့် ၂၄ကြားတွင် ရေနှစ်ပေခွဲခန့်နှင့် မိုင်တိုင်အမှတ် ၄၈ နှင့် ၄၉ကြားတွင် ရေသုံးပေခွဲခန့်၊ ဘားအံ-ဝင်းကျန်လမ်းတွင် ရေနှစ်ပေခန့်၊ လှာကာ-ဖားပု-ကျုံပိုက်မုက္ကဒိကား လမ်းမပေါ်ရှိ ကျုံပိုက် ကျေးရွာအနီးတွင် ရေအနက် သုံးပေခန့်၊ ဖားပုကျေးရွာ အနီးတွင်ရေ သုံးပေခန့်၊ လှာကာအုပ်ချုပ်ရေး မှူးရုံးရှေ့တွင် ရေနှစ်ပေခွဲခန့် အသီးသီးရေကျော် လျက်ရှိကြောင်းနှင့် ဘားအံ မြို့နယ်အတွင်းရှိ အချို့ကျေးရွာ များတွင်လည်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ သံလွင်မြစ်ရေတိုး လာခြင်းကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေဘေးရှောင်စခန်း ၁၁ခု ဖွင့်လှစ်ထားပြီး ရေဘေးရှောင် အိမ်ထောင်စု ၁၅ဝဝကျော်မှ ရေဘေးရှောင်ပြည်သူ အမျိုးသား၊အမျိုးသမီးဦးရေ ၈ဝဝဝ ကျော် ခိုလှုံနေရကြောင်း၊ လမ်းများရေကျော် နေသည့်အတွက် အချို့နေရာများတွင် ယာဉ်ငယ်များနှင့် ဆိုင်ကယ်များသွားလာရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Friday, August 17, 2018

သာကေတ (ဒေါပုံတံတားသစ်) ဖွင့်ပွဲ သြဂုတ်လ ၂၅ ရက်တွင် ကျင်းပမည်



နေပြည်တော် ၁၇-၈-၂ဝ၁၈

သာကေတ (ဒေါပုံတံတားသစ်) ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ သတင်းများအရ သိရသည်။

သာကေတ (ဒေါပုံတံတားသစ်) သည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်ချောင်းကိုဖြတ်ကာ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဖြတ်သန်းဆောက်လုပ် ထားသည်။

အဆိုပါနေရာတွင် မူလကတည်းက တံတားဟောင်းတစ်ခု ရှိခဲ့သော်လည်း မော်တော်ယာဉ်များ တိုးတက်များပြားလာမှု အခြေအနေများအရ တံတားသစ်တစ်ခု ထပ်မံတည်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါပုံတံတားသစ်ကို ဂျပန်ယန်းငွေ ၄၂၁၆ သန်း အကုန်အကျခံကာ ဂျပန်နိုင်ငံ၏ ပံ့ပိုးငွေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၅ ခုနှစ် ဧပြီလက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းပိုင်းတွင် ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအပြင် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တံတား၏ အရှည်မှာ ၂၅၃ မီတာ၊ ပေအားဖြင့် ပေ ၈၃ဝရှိပြီးအကျယ် ၂၁ ဒသမ ၅မီတာရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြိုး ဆိုင်းတံတား အမျိုးအစားဖြစ်သည်။ အဆိုပါ ဒေါပုံတံတားသစ်ပေါ်မှ ၂ဝ၁၈ခုနှစ် ဇွန် ၁ဝရက်က မော်တော်ယာဉ်များ ယာယီဖြတ်သန်းခွင့် ပြုပေးခဲ့သည်။

ဒေါပုံတံတားသစ်ဖွင့်ပွဲကို ဒေါပုံတံတားသစ်အဆင်း ယမုံနာလမ်းပေါ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သောကြောင့် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် နံနက် ၆နာရီ မိနစ်၃ဝမှ နံနက်၁ဝနာရီထိ ခေတ္တလမ်းပိတ်ထားမည် ဖြစ်သဖြင့် ယမုံနာလမ်းမှ ၁၅ ပေတံတားသို့ မောင်းနှင်ကြမည့် မော်တော်ယာဉ်များ အနေဖြင့် မဟာဗန္ဓုလတံတား ပေါ်မှလည်းကောင်း၊ စက်ရုံလမ်းမှ ၁၅ပေတံတားပေါ်သို့ မောင်းနှင်ကြမည့် မော်တော်ယာဉ်များ အနေဖြင့် အထက်ပုစွန် တောင်လမ်းဖက်သို့ လည်းကောင်း၊ စက်ဆန်းလမ်းနှင့် အထက်ပုဇွန်တောင် လမ်းဘက်မှ တံတားပေါ်သို့ ဘယ်ကွေ့၊ညာကွေ့ မော်တော်ယာဉ်များအနေဖြင့် စက်ဆန်းလမ်း၊ အထက်ပုဇွန်တောင် လမ်းတို့မှလည်းကောင်း မောင်းနှင်ကြရန်လမ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

Monday, August 13, 2018

မိုးရွာသွန်းမှုများ၍ ကားလမ်းများ ဗွက်ထကာ ယာဉ်သွားလာမှုခက်ခဲ၍ ယာဉ်ကြောပိတ်ခြင်းများ မကြာခဏဖြစ်



ဘားအံ ၁၃-၈-၂ဝ၁၈

ဘားအံ-မြဝတီကားလမ်း မိုးရွာသွန်းမှုကြောင့် ကားလမ်းများ ဗွက်ထကာ ယာဉ်သွားလာမှု ခက်ခဲသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ် ဝဲကရင်ကျေးရွာအုပ်စု နောင်သရမ်းလမ်းဂွ ဝဲကရင်ကျေးရွာနှင့် ဒူရိန်ကျေးရွာကြား ဘားအံ-မြဝတီကားလမ်းပေါ်တွင် သြဂုတ် ၁ဝရက် မွန်းတည့် ၁၂နာရီခန့်က တွဲယာဉ်တစ်စီး လမ်းချော်ကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ခြင်းကြောင့် မွန်းလွဲ ၂နာရီမှ ဖြတ်သန်း၍ ရရှိခဲ့ကြောင်း၊ ယင်းည ၁၁နရီမိနစ် ၃ဝက လမ်းချော်မှုကြောင့် ယာဉ်လမ်းကြော ပြန်ပိတ်ခဲ့ပြီး သြဂုတ်၁၁ရက် နံနက် ၅နာရီ၌ လမ်းပြန်ပွင့်ခဲ့သော်လည်း ယာဉ်သွားလာမှုခက်ခဲ သည့်အတွက်ယာဉ် ကြောပိတ်ခြင်းများ မကြာခဏ ဖြစ်ပွားခဲ့၍  ကုမ္ပဏီနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းနိုင်သဖြင့် မိနစ်ပိုင်းခန့်သာ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လမ်းဖောက်တာက ရာသီဥတု အခြေအနေအပေါ် ကြိုတင်သုံးသပ်မှုမရှိဘဲ လမ်းဟောင်းက မြေတွေတူးခွာပြီး မြေသစ်တွေဖို့တော့ ခုလိုမိုးများတော့ ကားကြီးသမားတွေ အခက်အခဲဖြစ်ကုန်ပါတယ်။ ပြီးနိုင်တဲ့အနေအထားလောက်ပဲ ချိန်ဆလုပ်ရင် ဒီလောက် အခက်အခဲဖြစ်မှာ မဟုတ်ပါဘူး" ဟု ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

လမ်းပိတ်ဆို့မှု ဖြစ်ပွားရခြင်းမှာ ယခင်လမ်းဟောင်းကို CRBC ကုမ္ပဏီက မြေတူးခွာထုတ်ပြီး မြေနီများဖြင့် ကြိတ်ခင်းထားရာ မိုးအဆက်မပြတ်ရွာသွန်းပြီး ယာဉ်သွားလာမှုများ သည့်အတွက် လမ်းခင်းထားသည့် မြေနီများမှာ ဗွက်ထ၍ ယာဉ်ကြီးများ လမ်းချော်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှာလည်း သြဂုတ်၁၁ရက် မွန်းလွဲ ၂နာရီက ချဉ်းကပ်လမ်းအတက် ပြန်လည်ပြုပြင်ခြင်း များဆောင်ရွက်ခဲ့သဖြင့် ယာဉ်သွားလာမှု ခေတ္တရပ်ဆိုင်းထားကာ ညနေ ၃နာရီ မိနစ် ၃ဝမှသာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Friday, August 3, 2018

ရေနစ်မြုပ်ခဲ့သည့် လာရှိုး-မိုင်းယော်ကားလမ်း ပြန်လည်ဖြတ်သန်းသွားလာနိုင်



လားရှိုး ၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရေကြီးရေလျှံမှုများကြောင့် ရေကျော်နစ်မြုပ်ခဲ့သည့် လားရှိုး- မိုင်းယော်သွား ကားလမ်းနှင့် မဲလုံးတံတားတို့မှာ ရေပြန်လည် ကျသွားသဖြင့် သြဂုတ် ၁ရက်မှစ၍ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇူလိုင် ၂၈ရက် ညပိုင်းက စတင်ရွာသွန်း ခဲ့သောမိုးကြောင့် တောင်ကျချောင်းရေများ ကျဆင်းလာခဲ့ရာမှ လားရှိုးမြို့တွင် ရပ်ကွက်အတော်များများ ရေမြုပ်ခြင်း၊ ရပ်ကွက်(၁၂) နယ်မြေ(၂ဝ) စမ်းချောင်းရပ်ရှိ မဲလုံးတံတား ရေမြုပ်ခြင်း၊ လားရှိုး-မိုင်းယော်သွားကားလမ်း ရေကျော်ခြင်းကြောင့် ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲခြင်းကို ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"သြဂုတ် ၁ရက်ကစပြီး သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေကိုတော့ တချို့က တွန်းသွားကြပါတယ်။ မဲလုံးတံတားပေါ်မှာတော့ ရေကခြေသလုံးအောက် မှာပဲရှိတော့တယ်"ဟု ရေဘေးရှောင်များကို ကူညီပေးနေသူ ဦးမျိုးကပြောပြသည်။

မဲလုံးတံတားရေမြုပ်၍ ကားလမ်းရေကျော် နေချိန်တွင် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များက ကူညီပေးခဲ့ပြီး လက်ရှိတွင် ရေပြန်လည် ကျသွားခြင်းကြောင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာ နေကြပြီဖြစ်ကြောင်း သိရသည်။

"မိုင်းယော်လမ်းကတော့ သွားလာလို့ရပေမယ့် အီနိုင်းဘက်က နမ္မတူသွားကားတွေ ကတော့ခုချိန်ထိ သွားလို့မရသေးပါဘူး။ ရေက အနည်းငယ်ပိုတက် လာတာတွေ့ရပါတယ်။ ရေဘေးသင့်ပြည်သူ တွေလဲတိုးလာပါတယ်"ဟု အီနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရေကြီးရေလျှံမှုဖြစ်သော အီနိုင်းကျေးရွာမှ ရွာသားများမှာ အီနိုင်းဘုန်းကြီးကျောင်း၊ (၆)မိုင်ဘုန်းကြီး ကျောင်းတို့တွင် ခိုလှုံနေကြပြီး ၎င်းတို့ကို ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက စားသောက်ဖွဲ့ရာများ လာရောက်လှူဒါန်း ပေးနေကြောင်းလည်း သိရသည်။

#Themyawadydaily

Tuesday, July 31, 2018

ကောလင်းမြို့နယ်၌ ကားလမ်းရေကျော်၊ အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုဖြစ်ပေါ်



ကောလင်း ၃၁-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယနေ့တွင် ကားလမ်းရေကျော်ခြင်းနှင့် အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကောလင်း
မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကောလင်း-ဝန်းသို-ပင်လည်ဘူး-ဥက္ကံကားလမ်းတို့ ရေကျော်လျက် ရှိကြောင်း သိရသည်။

"အခုရှေ့ပြေးအနေနဲ့ သဖန်းကုန်း ရေကျော်နေရာကို ရောက်ရှိနေတယ်။ ရေအနည်းငယ်တက်နေ တာတွေ့ရတယ်။ မိုးကရွာနေတယ်ဆိုတော့ သတိထား စောင့်ကြည့် နေပါတယ်။ ကောလင်းမြို့မှာက ခေါပြင်ချောင်းနဲ့ ဒေါင်းမြူးချောင်း တောင်ကျချောင်းရေ ကသတိထားရတယ်"ဟု ကောလင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယတပ်ကြပ် ဖြိုးကျော်က ပြောပြသည်။

ကောလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ခုနစ် ရပ်ကွက်ရှိပြီး မြို့မရဲစခန်း၊ ကျော်ဇေယျာရပ်ကွက်(၁)၊ (၂)၊အနိမ့်ပိုင်းနေရာများတွင် ရေတစ်တောင်ခန့်ထိ ဝင်ရောက်နေကြောင်း၊ မိုးဆက်လက်ရွာနေခြင်းကြောင့် အစိုးရဌာနဆိုင်ရာ များနှင့် လူမှုကူညီရေး အသင်းဝင်များ အနေဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် စီစဉ်နေကြကြောင်း သိရသည်။

"ကောလင်းမြို့မှာ မိုးကဆက်လက် ရွာသွန်းနေပြီး အနိမ့်ပိုင်းနေရာတွေ ရေဝင်နေပါတယ်။ ကားလမ်းကတော့ ဆိုင်ကယ်ထမ်းသွား လာရတယ်။ ကျောင်းတွေတော့ ရေမဝင်သေးပါဘူး။ ချောင်းတွေရှိတော့ တောင်ကျချောင်းရေ သတိထားရပါတယ်"ဟု ကောလင်းမြို့နယ် ဒေသခံဦးမိုးအောင်က ပြောပြသည်။

ကောလင်းမြို့နယ်တွင် ၂ဝ၁၅ ခုနှစ်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂ဝ၁၇ခုနှစ် ဇူလိုင်လ လယ်အတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံခြင်းများ ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...