Social Icons

Pages

Showing posts with label စတော့ဈေးကွက်. Show all posts
Showing posts with label စတော့ဈေးကွက်. Show all posts

Tuesday, December 4, 2018

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် လအလိုက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် လအလိုက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာ
-
ရန်ကုန်  ဒီဇင်ဘာ  ၃ 
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်သည် လအလိုက် အရောင်းအဝယ် ပြန်လည်မြင့်တက်လာကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် အနေဖြင့် ပြီးခဲ့သည့် တန်ဆောင်တိုင်ပွဲတော် ကာလ အများပြည်သူ ရုံးပိတ်ရက်များကြောင့် အရောင်းအဝယ် နည်းပါးမှုရှိခဲ့သော်လည်း ယခုရက်သတ္တပတ် အတွင်း အရောင်းအဝယ် ပြန်လည်မြင့်တက်လာသည်။နိုဝင်ဘာလ အတွင်းက ငွေကျပ်  ၉၂၃၁ သိန်းကျော်  အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်းစတင်စဉ်က လအလိုက် အရောင်းအဝယ် ဖြစ်မှုသည် ငွေကျပ် ၂ ဘီလီယံ အထက်တွင် ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင်   ငွေကျပ် ၁ ဘီလီယံအထက်သာ  အရောင်းအဝယ် ဖြစ်သည်အထိ ပြန်လည် ကျဆင်းခဲ့သည်။
-
ယခုနှစ်တွင်  ငွေကျပ် ၁ ဘီလီယံအထိ အရောင်းအဝယ်ဖြစ်မှုများတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင်သာ ရှိခဲ့ပြီး ကျန်လများတွင် ငွေကျပ် ၁ ဘီလီယံ အောက်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်၌ နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်မှု သည်  အောက်တိုဘာလတွင် ငွေကျပ်သိန်း ၇၈ဝဝ ကျော်ထက် အရောင်းအဝယ်ဖြစ်မှု ပိုမိုရရှိခဲ့ကြောင်း၊ အရောင်းအဝယ် ပိုမိုဖြစ်ထွန်းစေရန် စတော့အိတ်ချိန်းဝင် ကုမ္ပဏီများက  အမြတ်ခွဲဝေပေးမည်ဟု ကြေညာပြီး နောက်ပိုင်း ဇူလိုင်လတွင် အရောင်းအဝယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်တွင် အများဆုံး ငွေကျပ် ၁ ဒသမ ၂၃ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း သုံးနှစ်ကျော် သက်တမ်းအတွင်း အစုရှယ်ယာ အရောင်း အဝယ်ဖြစ်မှု စံချိန်တင် အနည်းဆုံးအဖြစ် ယခုနှစ် ဇွန်လတွင် ငွေကျပ်သိန်း ၆၆၆ဝ ကျော်သာ ရှိခဲ့ပြီး စံချိန်တင်အများဆုံး ကာလအဖြစ် အရောင်းအဝယ်ဖြစ်မှုတွင် အစုရှယ်ယာ စတင် ရောင်းချသည့် ၂ဝ၁၆ ခုနှစ် မတ်လက  FMI ကုမ္ပဏီ တစ်ခုတည်းမှ ငွေကျပ် ၂၄ ဘီလီယံကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
-
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု၌  နိုဝင်ဘာ  ၃ဝ ရက်တွင် FMI ကုမ္ပဏီမှ ရှယ်ယာတစ်စုလျှင် ငွေကျပ် ၁ဝ၅ဝဝ၊  MTSH ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင်  ငွေကျပ် ၃၁၅ဝ၊  MCB ကုမ္ပဏီမှ အစုရှယ်ယာတစ်စုလျှင် ငွေကျပ် ၇၂ဝဝ၊ FPB  ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၂၄ဝဝဝ၊ TMH ကုမ္ပဏီမှ အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် ၂၉ဝဝ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 12, 2016

ရန်ကုန်စတော့ဈေးကွက် ပြည်သူစိတ်ဝင်စားမှု လျော့နည်းလာသဖြင့် ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် လိုအပ်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် တည်ထောင်ခြင်း သည် ဒီဇင်ဘာ ၉ ရက်တွင် တစ်နှစ်ပြည့်ပြီ ဖြစ်ရာ အဆိုပါ ကာလအတွင်း ဈေးကွက် အခြေအနေမှာ အစကောင်းခဲ့ သော်လည်း ယခုအခါ ပြည်သူများ စိတ်ဝင်စားမှု လျော့နည်း လာသဖြင့် ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ကျင်းပသော Stocks Market Seminar အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ဒေါက်တာ မောင်မောင်သိမ်း ဒုတိယဝန်ကြီး(ငြိမ်း) နှင့် အမေရိကန်နိုင်ငံ University of Northern Colorado ( USA ) မှ Finance Professor Dr.Joseph French တို့က စတော့ဈေးကွက် နှင့်ရှယ်ယာ များအကြောင်း ဟောပြော ဆွေးနွေးသည်။

ယင်း အခမ်းအနား၌ ဒေါက်တာ မောင်မောင်သိမ်း ဒုတိယဝန်ကြီး (ငြိမ်း)က စတော့ဈေးကွက် ၌ ရင်းနှီးမြှုပ်နှံပါက အကျိုးကျေးဇူးများ၊ ကမ္ဘာ့ စတော့ဈေးကွက် အခြေအနေ၊ ရန်ကုန်စတော့ ဈေးကွက် အခြေအနေ နှင့် စတော့ဈေးကွက် ရှိခြင်းကြောင့် နိုင်ငံနှင့်ပြည်သူ အကျိုးရှိသော သိထားသင့်သည့် အကြောင်းအရာ များကို ဟောပြော ဆွေးနွေးခဲ့သည်။

ထို့ပြင် စတော့ဈေးကွက် ကောင်းမွန်စွာ တိုးတက်လာ စေရေးအတွက် ယခုကဲ့သို့ ဆွေးနွေး ဟောပြောပွဲများကို လုပ်ဆောင်ခြင်း ဖြစ်ပြီး ဆန်းသစ်သော နည်းလမ်းများဖြင့် ရှာဖွေ လုပ်ဆောင်သွားရန် လိုအပ်မည် ဖြစ်သည်။

ရန်ကုန် စတော့ဈေးကွက် အခြေအနေ ကောင်းလာခြင်းဖြင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ အတွက် ပိုမိုကောင်းမွန် လာပြီး ငွေကြေး အနည်းငယ်နှင့် ရင်းနှီးမြှုပ်နှံ နိုင်ခြင်း၊ အလုပ်အကိုင် တိုးပွားလာခြင်း နှင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး ကောင်းမွန် စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Sunday, March 13, 2016

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာများ ရောင်းချခွင့် ကုမ္ပဏီ ခြောက်ခုအနက် FMI ကုမ္ပဏီက မတ် ၂၅ ရက်တွင် စတင်ရောင်းချသွားမည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၆

ရန်ကုန် စတော့ဈေးကွက် ရှယ်ယာများကို မတ် ၂၅ ရက်တွင် FMI ကုမ္ပဏီမှ ပထမဆုံး စာရင်းဝင်အဖြစ် စတင်ရောင်းချ သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောသည်။

ရန်ကုန် စတော့ဈေးကွက်ကို မတ် ၂၅ ရက်တွင် စတင်လည်ပတ် သွားမည်ဖြစ်ကာ စတင် ရောင်းဝယ်သည့် ရက်၌ ရှယ်ယာများကို အချိန်ပိုင်း တစ်ခုဖြင့်သာ လုပ်ဆောင်မည် ဖြစ်ပြီး နောက်ပိုင်း ရက်များတွင် အချိန်ပြည့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စတော့ဈေးကွက် အတွက် ရှယ်ယာ ရောင်းချရန် စာရင်းဝင်ကုမ္ပဏီ ခြောက်ခု သည် စံနှုန်း သတ်မှတ်ချက် များကို အချိန်မီ ပြီးစီးအောင် လုပ်ဆောင်သွား နိုင်ခြင်းနှင့် ရှယ်ယာရှင် အရေအတွက်လည်း များလွန်း၊ နည်းလွန်းခြင်း မဟုတ်ဘဲ သင့်တင့်သည့် အနေအထားရှိ၍ စတင် ရောင်းဝယ်စဉ် အကောင့်ဖွင့်ရာ၌ လွယ်ကူလျင်မြန် အဆင်ပြေစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ FMI ကုမ္ပဏီ၏ ရှယ်ယာများသည် တန်ဖိုးမြင့်မား နေသည့် အနေအထား တစ်ခုဖြစ်ကြောင်း၊ သို့ရာတွင် စတော့ဈေးကွက် စတင်ရောင်းချ မည့်ရက်၌ ရှယ်ယာတန်ဖိုးကို ရန်ကုန် စတော့ဈေးကွက် မဝင်မီဈေးနှုန်း၊ စတော့ဈေးကွက် စာရင်းဝင်ပြီး ဈေးနှုန်းနှင့် ရောင်းချခါနီး ဖြစ်ပေါ်မည့် ဈေးနှုန်းများကို ချိန်ဆ၍ ပြန်လည်ညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ FMI ရှယ်ယာ အဖွင့်ဈေး အနေဖြင့် ငွေကျပ်၂ဝဝဝဝ ဝန်းကျင်ခန့်သာ ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ရာတွင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်ပြီး အချိန် အနည်းငယ် အတွင်း ရှယ်ယာဈေး မြင့်တက်သွား နိုင်သည့် အနေအထား များလည်း ရှိသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ FMI ကုမ္ပဏီမှ ရှယ်ယာ ရောင်းဝယ်မှု အဆင်ပြေ အောင်မြင်သွားပါက ရက်အနည်းငယ် အတွင်း သီလဝါအထူး စီးပွားရေးဇုန်ကို လည်းကောင်း၊ မြန်မာနိုင်ငံသားများ ဘဏ်ကို လည်းကောင်း စသည်ဖြင့်ကျန်ရှိသော စာရင်းဝင် ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်မည့် လုပ်ငန်းများကို ဆက်လက် ဖွင့်လှစ်လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ စတော့ရှယ်ယာ ရောင်းဝယ်ခွင့် ရရှိထားသော လုပ်ငန်းကုမ္ပဏီ ခြောက်ခု အပြင် ထပ်မံ၍ ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်နိုင်မည့် လုပ်ငန်းကုမ္ပဏီ များကို တိုးမြှင့်သွားမည် ဖြစ်ပြီး  ၂ဝ၁၆ ခုနှစ်အတွင်း စတော့ရှယ်ယာ ရောင်းချပေးမည့် လုပ်ငန်း ကုမ္ပဏီ ၁၀ ခုခန့်အထိ ရှိလာနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်း က သုံးသပ်သည်။

ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ကို ဂျပန်နိုင်ငံရှိ ဒိုင်ဝါ စတော့အိတ်ချိန်း ဝန်ဆောင်မှုကုမ္ပဏီ၊ ဂျပန် စတော့အိတ်ချိန်း နှင့် မြန်မာ့ စီးပွားရေးဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌
စတော့အိတ်ချိန်း ဈေးကွက် ဖော်ဆောင်နိုင်ရန် နည်းပညာပိုင်းကို ဒိုင်ဝါ စတော့အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီက အဓိကကူညီ ခဲ့ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Friday, December 18, 2015

စတော့အိတ်ချိန်းဆိုင်ရာ သင်တန်းများအတွက် လုပ်ကိုင်ခွင့် အတည်ပြု လျှောက်ထားမှသာ အသိအမှတ်ပြု လုပ်ကိုင်ခွင့် ပေးသွားမည်


ရန်ကုန် ၊ ၁၈-၁၂-၂ဝ၁၅

မကြာမီ ကာလအတွင်း စတင်လည်ပတ် လုပ်ဆောင်တော့မည့် စတော့ရှယ်ယာ ဈေးကွက်အတွက် စတော့ အိတ်ချိန်း နှင့် ပတ်သက် သည့် ဗဟုသုတ ရရှိစေရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာများ သင်ကြားနိုင်ရန် Security and Exchange Committee အသိအမှတ်ပြု ပညာပေး သင်တန်းများကို ဖွင့်လှစ်လိုပါက ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၌ အတည်ပြု လျှောက်ထားရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၌ လာရောက် လျှောက်ထားမှသာ စတော့ရှယ်ယာ ဆိုင်ရာ သင်တန်း ဖွင့်လှစ်မှုကို အသိအမှတ်ပြု သွားမည်ဖြစ်ပြီး အကယ်၍ လျှောက်ထားခြင်း မရှိဘဲ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပါက အသိအမှတ်ပြု သွားမည် မဟုတ်ကြောင်း သိရသည်။

ယခုကဲ့သို့ လျှောက်ထား လာမှုများကို ပြည်တွင်း၌ သာမက ပြည်ပမှ လာရောက်၍ စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် လိုသူများ အနေဖြင့်လည်း လျှောက်ထားရမည် ဖြစ်ပြီး ယခုကဲ့သို့ လျှောက်ထားမှသာ အသိအမှတ်ပြု၍ အတည်ပြု လုပ်ကိုင်သွား နိုင်မည် ဖြစ်ကြောင်း သိရသည်။

စတော့ဈေးကွက် ပေါ်ပေါက် လာချိန်တွင် ယခုကဲ့သို့ သင်တန်းဖွင့်လှစ် ရာ၌ တတ်သိ ကျွမ်းကျင်၍ ဖွင့်လှစ်သူများ ရှိသကဲ့သို့ အမှန်တကယ် နားလည်မှု မရှိဘဲ ဈေးကွက် စီးပွားရေးအရ အပြိုင်အဆိုင် ဖွင့်လှစ်ကြပြီး အသိပညာ၊ အတတ်ပညာ မပေးနိုင်သော သင်တန်းများ မပေါ်ပေါက်စေရန် အတည်ပြု လျှောက်ထား လုပ်ကိုင်စေခြင်း ဖြစ်ကြောင်း သိရသည်။

စတော့ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရန် လာရောက် လျှောက်ထား သူများကို အမှန်တကယ် စတော့ဆိုင်ရာများ အကြောင်း နားလည်၍ ဖွင့်လှစ်ခြင်း ဟုတ်၊ မဟုတ်နှင့် မိမိ ကြေညာသော ဝန်ဆောင်မှု အတိုင်း အမှန်တကယ် ပေးနိုင်မှုရှိ၊ မရှိ စိစစ်၍ ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အနေဖြင့် စတော့အိတ်ချိန်း နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စတော့အိတ်ချိန်း နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လိုပါက ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ဖြစ်စေ၊ Security and Exchange Committee သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်ကြီးကို ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများ ရောင်းဝယ်မှုနှင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ပြင်ဆင်လျက် ရှိကာ ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းများ ကို ၂ဝ၁၆ ခုနှစ် မတ်လဆန်းပိုင်း တွင် စတင် လည်ပတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကေကေ ၊ လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၄)

Friday, December 4, 2015

စတော့အိတ်ချိန်း ဖွင့်လှစ်ပြီးနောက် လေးလခန့် ကြာမှသာ ရှယ်ယာရောင်းချခြင်းများ ဖြစ်လာနိုင်ဟု ကျွမ်းကျင်သူများသုံးသပ်


ရန်ကုန် ၊ ၄-၁၂-၂ဝ၁၅

ရန်ကုန် စတော့အိတ်ချိန်း ကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ် ပေးမည် ဖြစ်သော်လည်း စတော့ရှယ်ယာ ရောင်းချခြင်းများ အတွက် ပြင်ဆင်စရာများ ရှိနေသဖြင့် ဖွင့်လှစ်ချိန်မှ စတင်၍ နောက် လေးလခန့် ကြာမှသာ စတော့ရှယ်ယာ ရောင်းချခြင်းများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း စတော့ဈေးကွက် ကျွမ်းကျင်သူ များက ပြောသည်။

''တကယ်တော့ စတော့ဈေးကွက် တစ်ခု စတင်ဖို့က အခြေခံ အဆောက်အအုံ ကောင်းကောင်းနဲ့ Network ကောင်းကောင်းပဲ လိုတယ်။ အဲဒါပြီးတာနဲ့ ဝင်လာမယ့် Service Provider တွေက တစ်ခုချင်းစီ ခေါ်လို့ ရပါတယ်။ အခုအဲဒါတွေ အားလုံး ပြီးပြီလို့ သိထားတယ်။ ရောင်းဝယ်တွေနဲ့ ကြားခံ ရောင်းဝယ် တွေတော့ မရွေးရ သေးဘူး ထင်ပါတယ်။ စစချင်းတော့ ရောင်းဖို့ဆိုတာ မဖြစ်နိုင် သေးဘူး။ အနည်းဆုံးတော့ လေးလလောက် ကြာမှ ရှယ်ယာတွေ စဖွင့်ပြီး ရောင်းလိမ့်မယ်'' ဟု စတော့ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် စာရင်းဝင်၍ အစုရှယ်ယာ ထုတ်ဝေ ရောင်းချမည့် ကုမ္ပဏီငါးခုခန့် ရှိကြောင်း၊ လက်ရှိ စတော့ဈေးကွက် စတင်ချိန်တွင် ရှယ်ယာ ရောင်းဝယ်မှုများ မဖြစ်သေး သော်လည်း ရှယ်ယာ ဝယ်ယူရန် စိတ်ဝင်စားသူများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ကာ စတော့အိတ်ချိန်း သဘောတရား များကို သေချာစွာ နားလည်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ စတော့အိတ်ချိန်း တည်ထောင်ရန် မြန်မာ့ စီးပွားရေးဘဏ်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါသုတေသန မှ ၃ဝ ရာခိုင်နှုန်းနှင့် တိုကျို စတော့အိတ်ချိန်း မှ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း တို့ဖြင့် ထည့်ဝင် ရင်းနှီးမြှုပ်နှံ လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, November 20, 2015

မြန်မာနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတော့အိတ်ချိန်း ဈေးကွက်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေ



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၅

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၈ နိုင်ငံရှိသည့် အနက် ၁၉၄ နိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံအနက် စတော့အိတ်ချိန်း မရှိသည့် ကိုးနိုင်ငံရှိရာ အဆိုပါ နိုင်ငံများတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။

ထိုသို့ စတော့အိတ်ချိန်း မရှိသည့် ကိုးနိုင်ငံ စာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတော့အိတ်ချိန်း ဈေးကွက် စတင် ဖွင့်လှစ်နိုင်ရန် လျာထား လုပ်ဆောင် နေကြောင်း ယခုနှစ် နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် ''Yangon Stock Exchange & Economic Development Potentials'' ဟောပြောပွဲ သတင်းများ အရ သိရသည်။

ဟောပြောပွဲတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က အဆိုပါ ခေါင်းဆောင်ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ကို ဖွင့်လှစ် လုပ်ကိုင်ရန် လုပ်ဆောင်မှုများ ရှိခဲ့သော်လည်း မည်သည့်ခေတ် တွင်မှ လုပ်ကိုင် ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ၁၉၉ဝ ပြည့်နှစ်က ဝန်ကြီး ၁၇ ဦး ပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းကာ စတော့အိတ်ချိန်း ဈေးကွက် လုပ်ကိုင် ဆောင်ရွက်ခဲ့ သော်လည်း အကောင်အထည် မပေါ်ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်ကလည်း စတော့အိတ်ချိန်း ဈေးကွက်ကို အကောင်အထည် ဖော် ဆောင်ရွက် နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ဈေးကွက်ကို အကောင် အထည်ဖော် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းကာ ဂျပန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကူအညီဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ အောင်မြင်လုနီးပါး ဖြစ်နေပြီဖြစ် သဖြင့် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် နေကြောင်း သိရသည်။

ယခု ဖွင့်လှစ်တော့မည့် စတော့ အိတ်ချိန်းကို မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကိုယ်စား မြန်မာ့ စီးပွားရေးဘဏ် နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီ နှင့် ဂျပန် စတော့အိတ်ချိန်း တို့ပူးပေါင်းကာ ဖက်စပ်လုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဖက်မှ ၅၁ ရာခိုင်နှုန်း ၊ ဂျပန် ကုမ္ပဏီနှစ်ခုမှ ၄၉ ရာခိုင်နှုန်းဖြင့် ထူထောင် လုပ်ကိုင်ခြင်း ဖြစ်သည်။

စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် နေ့တွင် အစုရှယ်ယာများ ရောင်းချမည့် အများပိုင် ကုမ္ပဏီကို ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

Thursday, November 19, 2015

Yangon Stock Exchange scheduled to be opened on Dec 9


The future home of the Yangon Stock Exchange is seen on a sunny day in Myanmar.

Yangon November 19

Asia Green Development Bank (AGD), Myanmar Agribusiness Public Corporation and First Myanmar Investment Co (FMI) are likely to be the first to sell stocks when Yangon Stock Exchange is opened.

The Central Bank of Myanmar requires the stock transactions to be done in local currency kyat. Though there is no limitation on the amount of transactions, irregular bulk transactions will be monitored, announced the Ministry of Finance.

The Yangon Stock Exchange is scheduled to come into operation in December with around six companies, said Deputy Finance Minister Maung Maung Thein. He said the names of the listed companies allowed for operation and also the date of the launch of share sale will be announced on the opening day of the stock exchange.

He said the Yangon Stock Exchange, first of its kind in Myanmar, will be opened on schedule despite the fact that the term current government is expiring and the next government comes to power next March. (443)

The Myawady Daily, Page(19)

Friday, August 28, 2015

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှု အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေရန် ပြုလုပ်ခဲ့သည့် မီဒီယာများကို တရုတ်သတင်းဌာန ပြစ်တင်ဝေဖန်



ရှန်ဟိုင်း ၊ ၂၈-၈-၂၀၁၅

တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရသည့် စတော့ရှယ်ယာ ဈေးကွက်များ ကျဆင်း နေမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ စီးပွားရေးတွင် တရုတ်နိုင်ငံ က လွှမ်းမိုး ထားမှုကို အဆုံးသတ် စေနိုင်သည် ဟု သတင်းထုတ်လွှင့် ခဲ့သော အနောက်နိုင်ငံ များမှ မီဒီယာများကို တရုတ်နိုင်ငံ သတင်းဌာန တစ်ခုက ယမန်နေ့တွင် ပြစ်တင်ဝေဖန် လိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်း၌ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက စတော့ ဈေးကွက်များ ကျဆင်း ခဲ့ပြီးနောက် စတော့ရှယ်ယာ ဈေးကွက်မှာ ၂၅ ရာခိုင်နှုန်း ထိ ကျဆင်းလာကာ စီးပွားရေး အခြေအနေ မှာ ပိုမိုဆိုးရွား လာခဲ့ခြင်း ကြောင့် ရင်းနှီးမြုပ်နှံ သူများနှင့် စီးပွားရေး သမားများအကြား စိုးရိမ်မှုများ မြင့်တက် လာခဲ့ရာ တရုတ် ဗဟိုဘဏ်က သြဂုတ် ၂၅ ရက်တွင် ဘဏ်အပ်ငွေ များနှင့် စပ်လျဉ်း၍ ဖြေလျှော့မှု များကို ထပ်မံ လုပ်ဆောင်ခဲ့ ရပြီး အတိုးနှုန်း ကိုပါ လျှော့ချခဲ့ ရသည်။

ယင်း အခြေအနေတွင် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဂယက်ရိုက် ခံရဖွယ်ရှိသည် ဟု အနောက်နိုင်ငံ များမှ မီဒီယာများ၏ ဖော်ပြချက်ကို နိုင်ငံပိုင် တရုတ်နေ့စဉ် သတင်းစာ က တရုတ်အသံ ဟု ကလောင် အမည်ဖြင့် ရေးသား၍ တုံ့ပြန်ပြစ်တင် ဝေဖန်ခဲ့သည်။

နိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် အကျပ်အတည်း များကို ကျော်လွှားနိုင်ရေး အတွက် တရုတ် အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင် သွားမည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

#Yadanarpondaily

Wednesday, July 15, 2015

ရန်ကုန်စတော့အိတ်ချိန်း မဖွင့်လှစ်မီကာလအတွင်း အများပြည်သူအား လေ့လာခွင့်ပြု သွားမည်


ရန်ကုန် ၊ ၁၅-၇-၂၀၁၅

ရန်ကုန် စတော့အိတ်ချိန်း မဖွင့်လှစ်မီ ကာလအတွင်း အများပြည်သူ များအား လေ့လာ နိုင်အောင် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း သည် မြန်မာ နိုင်ငံတွင် ပထမဆုံး အနေဖြင့် စတင် လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆောက်အအုံ ပြင်ဆင်မှု များမှာ ယခု လကုန်ပိုင်းတွင် ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ အများ ပြည်သူများအား လေ့လာခွင့် အစီအစဉ် တွင် သြဂုတ်လမှ အောက်တိုဘာလ အတွင်း တစ်ပတ် တစ်ရက် သတ်မှတ်ပြီး အများပြည်သူ များအား သတ်မှတ် အချိန်အတွင်း ဝင်ရောက် လေ့လာနိုင်အောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် စတော့အိတ်ချိန်း ၏ ငွေပေးချေ စာရင်း ရှင်းလင်းမှု ဘဏ်အဖြစ် ပြည်တွင်းဘဏ် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် ကို ဧပြီလကုန် ပိုင်းက ရွေးချယ် ခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန် စတော့အိတ်ချိန်း တွင် ဝန်ဆောင်မှု ပေးမည့် Service Provider လုပ်ငန်း အမျိုးအစား လေးခုအတွက် လျှောက်လွှာ ၅၇ စောင်ကို လက်ခံရရှိ ခဲ့ပြီး စိစစ် ရွေးချယ်လျက် ရှိကြောင်း၊ ရန်ကုန်စတော့ အိတ်ချိန်းနှင့် ပတ်သတ်ပြီး ပထမဆုံး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲကို သြဂုတ်လမှ အောက်တိုဘာလ အတွင်း ပြုလုပ်ရန်လည်း စီစဉ်ထားပြီး နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ အဖွဲ့အစည်း များမှ တာဝန်ရှိ သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအား ခေါ်ယူ ရှင်းပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်ခွင့် ရရှိရေး အတွက် မြန်မာ့လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) ၊ FMI ၊ AGD ဘဏ်တို့မှလည်း တရားဝင် ထုတ်ဖော် ကြေညာ ထားကြောင်း၊ ရန်ကုန်စတော့ အိတ်ချိန်းကို တည်ထောင်နိုင်ရန် မြန်မာ့ စီးပွားရေးဘဏ် က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်း က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန်ဒိုင်ဝါ သုတေသန က ၃ဝ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

စိုးမိုး



#Themyawadydaily

Tuesday, March 10, 2015

ရန်ကုန်စတော့အိပ်ချိန်း ICT System တည်ဆောက်ရန် တင်ဒါစတင်ခေါ်ယူ


ရန်ကုန် ၊ ၁၀-၃-၂၀၁၅

ရန်ကုန် စတော့အိတ်ချိန်း ဖြစ်ပေါ် လာစေရေး အတွက် လိုအပ်သည့် ICT System တည်ဆောက်ရန် မတ် ၅ ရက်မှ တင်ဒါ စတင်ခေါ်ယူ ခဲ့ပြီး မတ် ၂၆ ရက်တွင် တင်ဒါ ပိတ်သိမ်းမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်းဖက်စပ် ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံ၌ စတော့ဈေးကွက် မကြာမီ စတင်မည် ဖြစ်ရာ လိုအပ်သည့် ICT စနစ်များ တည်ဆောက်ရန် နှင့် ပြုပြင် ထိန်းသိမ်းရန် အတွက် သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ များထံမှ
အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း ပေါ်ပေါက် လာရေးအတွက် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ တိုကျို စတော့အိတ်ချိန်း နှင့် ဒိုင်ဝါ လုပ်ငန်းစု တို့သည် နားလည်မှု သဘောတူ စာချုပ် ချုပ်ဆိုထားပြီး အိုင်တီ နည်းပညာ ပိုင်းနှင့် စတော့ ရှယ်ယာ ရောင်းဝယ်ရေး လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေ များကို တိုကျို စတော့အိတ်ချိန်း မှ ကူညီထောက်ပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိ အချိန်တွင် အများပိုင် ကုမ္ပဏီ အရေအတွက် ၁၅ဝ နီးပါး ရှိနေပြီး အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank)၊ ရိုးမကုမ္ပဏီခွဲ ဖြစ်သော မြန်မာ့ပထမ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (FMI) နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တည်ထောင် ထားသော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) ကုမ္ပဏီ များသာ စတော့ ဈေးကွက်သို့ ဝင်ရောက် နိုင်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ဈေးကွက် စတင်နိုင်ရန် မြန်မာနိုင်ငံ ငွေကြေး သက်သေခံ လက်မှတ် ကြီးကြပ် အုပ်ချုပ်ရေး ကော်မရှင် Security Exchange Commission of Myanmar ( SECOM ) အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း ရွေးချယ်မည့် အချက်အလက် များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ယင်း အချက်အလက် များကို ယခု နှစ်လယ်မှသာ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်ရန် အများပိုင် ကုမ္ပဏီ ရှယ်ယာများကို အများပြည်သူ ဝယ်ယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ယင်းအဆင့်ကို အများပြည်သူ သို့ ကနဦး ကမ်းလှမ်းမှု လုပ်ငန်းစဉ် ( Initial Public Offering- IPO ) အဖြစ် အချိန်ယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားသည်။

အောက်တိုဘာလ တွင် စတင် တည်ထောင်မည့် စတော့အိတ်ချိန်း ဈေးကွက်တွင် အများပိုင် ကုမ္ပဏီများသာ ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတင်ဒါ နှင့် ပတ်သက်၍ ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ် ကုမ္ပဏီ (ယာယီရုံးခန်း) အမှတ်(၂၁၊ ၂၅) ဆူးလေ ဘုရားလမ်း မြန်မာ့ စီးပွားရေးဘဏ် အဆောက်အအုံ (ပထမထပ်) ပန်းဘဲတန်း မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ ဆက်သွယ်ရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...