
-
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဧပြီ ၂ ရက်မှ ၆ ရက်အထိ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ပြုလုပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့(MORS) ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေစိုးမောင်၏ ပြောဆိုချက်အရ သိရသည်။
-
အဆိုပါ အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Fukuoka မြို့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA)တို့၏ ပံ့ပိုးကူညီမှုဖြင့် မန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့မှဦးစီး၍ SAT Japan Road Service Co.,Ltd.၏ စည်းရုံးမှု၊ မြန်မာနှင့်နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ၏ အထောက်အပံ့တို့ဖြင့် စီစဉ်ခြင်း ဖြစ်သည်။
-
ထိုလှုပ်ရှားမှု ရက်သတ္တပတ် ကာလအတွင်း လူစည်ကားရာ နေရာများ၌ စေတနာ့ဝန်ထမ်း အဖွဲ့များက တစ်ရက်လျှင် နေရာငါးနေရာဖြင့် တစ်နေရာလျှင် ပညာပေးလက်ကမ်းစာစောင် ၆ဝဝ နှုန်း ဖြန့်ဝေမည်ဖြစ်ပြီး လူစည်ကားသည့် နေရာပေါင်း ၃ဝ ခန့်တွင် ပညာပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သင်္ကြန်ကာလအတွင်း သွားလာသူများ အနေဖြင့် လူကူးမျဉ်းကျားများ၊ လူကူးခုံးကျော် တံတားများမှစည်းကမ်းတကျ သွားလာကြရန် အသိပညာပေးမှု များကိုလည်းကောင်း၊ ယာဉ်မောင်းနှင်သူ များအနေဖြင့်လည်း အရှိန်ပြင်းပြင်း မောင်းနှင်မှုမျိုး မပြုလုပ်ရန်နှင့် လူကူးမျဉ်းကျားများတွင် လမ်းကူးသူများ ရှိပါကစနစ်တကျ ရပ်တန့်ပြီး မောင်းနှင်သွားလာကြရန် အသိပညာပေးမည် ဖြစ်ကြောင်း သိရသည်။
-
ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဧပြီ ၁ ရက်က ကျင်းပပြီးယင်းအခမ်းအနားတွင် မတ်လအတွင်း ပြုလုပ်ခဲ့သည့် ယာဉ်လမ်းအန္တရာယ် ကင်းဝေးရေး ကာတွန်းနှင့် ပန်းချီပြိုင်ပွဲ တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အထက်တန်းအဆင့် ၃ဝ ဦး၊ အလယ်တန်းအဆင့် ၅ဝ ဦး၊ မူလတန်း အဆင့် ၅၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးတို့အနက် ကာတွန်းပြိုင်ပွဲတွင် အထက်တန်းအဆင့် ခြောက်ဦး၊ အလယ်တန်းအဆင့် ခြောက်ဦး၊ မူလတန်းအဆင့် ခြောက်ဦးတို့ကိုလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် လေးဦး၊ အလယ်တန်းအဆင့် ခြောက်ဦး၊ မူလတန်းအဆင့် ခြောက်ဦးတို့ကို လည်းကောင်း ဆုများ ချီးမြှင့်ကြောင်း သိရသည်။
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment