-
ရန်ကုန် ဇန်နဝါရီ ၁၃
-
၂ဝ၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းတွင် ကွင်းသုံးကွင်း၌ ကျင်းပရာ တန်းတက် ဒဂုံ FC အသင်းနှင့် Southern အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် တန်းတက်ဒဂုံ FC အသင်းက ဇွဲကပင်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။ ၂ဝ၁၈ ရာသီတွင် အဆင့်(၃)နေရာရခဲ့သည့် ဇွဲကပင်အသင်းသည် ယခုပွဲတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး တန်းတက် ဒဂုံ FC အသင်းကို ရှုံးနိမ့်ခဲ့သည်။
-
တန်းတက်ဒဂုံ FC အသင်းသည် MNL ၌ ပထမဆုံး ကစားရ သော်လည်း အကောင်းဆုံး ခြေစွမ်း ပြသခဲ့ပြီး နိုင်ပွဲ ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ တန်းတက်ဒဂုံ FC အသင်းတွင် MNL ၌ ကစားဖူးသည့်ကစားသမား အချို့ ပါဝင်လာပြီး နိုင်ငံခြားသား ကစား သမားနှစ်ဦး ပါဝင်လာသောကြောင့် ဇွဲကပင်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သည်။ ဇွဲကပင်အသင်းတွင် ထိုင်းလိဂ် သို့ ပြောင်းရွှေ့သွားသည့်သန်းထက်အောင်မှ လွဲ၍ လူစုံပါဝင်ခဲ့ပြီး နိုင်ငံခြားသား ကစားသမား သုံးဦးဖြင့် ပွဲထွက်ခဲ့သည်။
-
ပွဲအစ ၄ မိနစ်မှာပင် စိုးမြတ်သူက ဂိုးစတင်သွင်းယူခဲ့၍ ဒဂုံအသင်း ယုံကြည်မှု ပိုရသွားပြီး ဇွဲကပင် အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့သည်။ ဇွဲကပင်အသင်းသည် ဂိုးပေးလိုက်ရသောကြောင့်ချေပဂိုးရရန် တိုက်စစ်အား မြင့်လာပြီး ၁ဝ မိနစ်တွင် ဂျပန်ကွင်းလယ် စားသမားကင်မ်က ဂိုးပြန် သွင်းခဲ့သည်။ ဇွဲကပင်အသင်းသည် သရေကျပြီးနောက် ပိုင်းတွင် ဂိုးထပ်ရရန်ကြိုးစားသော်လည်းသီဟထက်အောင်နှင့် အန်ဒါ ဆင် ဝက်စ်တို့၏ ခံစစ်အတွဲမှာ လိုအပ်ချက်များခဲ့၍ ဒဂုံအသင်း တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ပထမ ပိုင်းပြီး ခါနီးတွင် ဒဂုံအသင်း ဂိုးထပ်ရခဲ့ပြီး စိုးမြတ်သူကသွင်းယူခဲ့သည်။ ဒဂုံအသင်း အတွက် တတိယဂိုးကို ၆၅ မိနစ်တွင် မျိုးမင်းဇော်က ခေါင်းတိုက်သွင်းယူခဲ့သည်။
-
ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံ အသင်းနှင့် ဧရာဝတီအသင်း တစ်ဂိုးစီ သရေကျခဲ့သည်။ ပြည်တွင်း ကစား သမားများဖြင့်ဖွဲ့စည်းထားသည့် ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း တို့၏ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဒုတိယပိုင်း သွင်းဂိုးများဖြင့် သရေကျ ခဲ့ခြင်းဖြစ်သည်။ မိနစ် ၆ဝ တွင် ဇော်လင်းက ဧရာဝတီအသင်း အတွက် ဂိုးစတင် သွင်းယူ သော်လည်းပွဲပြီး ခါနီးနာကျင် အချိန်ပိုတွင်မြတ်ကောင်းခန့်က ရတနာပုံ အသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့သည်။
-
မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက Chinland အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။ Southern အသင်းအတွက် အနိုင်ဂိုးများကို ၅၉ မိနစ်တွင် ဝင်းမင်းထွဋ်နှင့် ၉ဝ+ ၂မိနစ်တွင် ထူးထူးအောင် တို့ က သွင်းယူခဲ့သည်။ ပွဲစဉ် (၁) နောက်ဆုံးနေ့ ကို ဇန်နဝါရီ ၁၅ရက် ညနေ ၃ နာရီခွဲတွင် စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရခိုင်အသင်းနှင့် မကွေးအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment