Social Icons

Pages

Tuesday, November 13, 2018

ပြည်ထောင်စု အစိုးရအဖွဲ့ တွင် ဝန်ကြီးဌာနတစ်ခုတိုးချဲ့ ဖွဲ့စည်းခြင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြ

ပြည်ထောင်စု အစိုးရအဖွဲ့ တွင် ဝန်ကြီးဌာနတစ်ခုတိုးချဲ့ ဖွဲ့စည်းခြင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြ
-
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး နေပြည်တော် နိုဝင်ဘာ ၁၂ 
-
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
-
ထို့နောက် နာယကက နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်မှတ်တမ်းများကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာသည်။
-
ဆက်လက်၍ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်း လိုကြောင်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်၏သဘောတူညီချက်ရယူပေးနိုင်ရန် ပေးပို့ထားသည့် သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်နာယကက ဖတ်ကြားတင်ပြရာ နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုး တိုး တက်ရေး အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာကပေးအပ်သည့် ကူညီထောက်ပံ့မှုများသည် နိုင်ငံတော်၏ မူဝါဒစည်းမျဉ်းများ နှင့်အညီ ထိရောက်စွာကြီးကြပ် ဆောင်ရွက် နိုင်ရန်အတွက်လည်း ကောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုထိရောက် စွာပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် လည်းကောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အရေးပါသည့်အခန်းကဏ္ဍအား ထိရောက်စွာမြှင့်တင်ရာတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေ သည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖြည့်စွက် ဖွဲ့စည်းရန် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ ၎င်းဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ ရယူပေး နိုင်ရန်ပေးပို့ အပ်ကြောင်း ဖတ်ကြားတင်ပြသည်။
-
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ရှင်းလင်းတင်ပြပြီး နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
-
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်း ကို ခန့်အပ် တာဝန်ပေး လိုကြောင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက် လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ ဆက်လက်၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ စီမံအုပ်ချုပ်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များ ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ် ကြေးထည့်ဝင်ရန်ကိစ္စ၊ ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂ဝ၁၈ ခုနှစ်)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ် ခြင်းဆိုင်ရာ အာဆီယံသဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရေး ကိစ္စ၊ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ငွေကျပ် ၃၁၆ ဒသမ ၉၂၅ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရန် အတွက် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ ထံမှ ယူရိုသန်း ၇ဝ ချေးငွေရယူရန်ကိစ္စနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လူစီးတွဲဝယ်ယူ ရေးစီမံကိန်း အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထံမှအတိုးမဲ့ ချေးငွေ ယွမ်သန်း ၈ဝရယူရန် ကိစ္စတို့ကို သက်ဆိုင်ရာ တာဝန်ရှိ သူများက လွှတ်တော်သို့ အသီးသီး ရှင်းလင်း တင်ပြကြပြီး ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
-
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယကက ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ် ဟဲဟိုးကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ သုံးရွာကိုစုစည်း၍ ရပ်ကွက် ၅ ရပ်ကွက်ပါဝင်သော ဟဲဟိုးမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေးရွာငါးရွာကိုစုစည်း၍ ဝါးရုံပင် ကျေးရွာအုပ်စုအဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ သုံးရွာကို စုစည်း၍ စကားအင်းကျေးရွာအုပ်စု အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး ကျေးရွာသုံးရွာ ပယ်ဖျက်ခြင်း တို့ကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။
-
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယ မြောက်နေ့ကို နိုဝင်ဘာ ၁၅ ရက် နံနက် ၁ဝနာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
အောင်လင်းဦး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...