Social Icons

Pages

Tuesday, November 6, 2018

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
-
နေပြည်တော်     နိုဝင်ဘာ     ၅
-
ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး (6th ASEAN Coordinating Committee on Micro, Small and Medium Enterprises-6th ACCMSME Meeting)နှင့်  ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park  Royal Hotel  ၌ကျင်းပရာ  ဒုတိယသမ္မတ ဦးမြင့်ဆွေ  တက်ရောက် မိန့်ခွန်း ပြောကြားသည်။
-
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချိုနှင့် ဒေါက်တာ သန်းမြင့်၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဒေါက်တာ ထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ   Mr.  Lor Sathya ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် မိတ်ဖက် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
-
အခမ်းအနားတွင် ဒုတိယသမ္မတက ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေး (6th  ACCMSME) နှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့် အတွက် ဂုဏ်ယူမိကြောင်း။
-
အာဆီယံအငယ်စားနှင့် အလတ်စားအေဂျင်စီ လုပ်ငန်းအဖွဲ့  (ASEAN SME  Agency Working Group -SMEWG) ကို ၁၉၉၅ ခုနှစ် ကတည်းကစတင်ခဲ့ရာ အသေးစားစီးပွားရေး လုပ်ငန်း  (micro) များ ပါဝင် လာနိုင်ရေးနှင့်အခြား ASEAN Working Group များနှင့် ပိုမိုချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ အတွက် ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ်တွင် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ( ACCMSME)အဖြစ် အမည်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊   အဆိုပါကော်မတီအနေဖြင့်  အာဆီယံ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Micro, Small and Medium Enterprises - MSME) ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ''အာဆီယံ ၂ဝ၁၆-၂ဝ၂၅ မဟာဗျူဟာမြောက် လက်တွေ့ ကျသည့် လုပ်ငန်းစဉ်''ကို ရေးဆွဲနိုင်ခဲ့သည့် အတွက် ဝမ်းမြောက် မိကြောင်း။
-
ယနေ့ကျင်းပသည့်  အစည်းအဝေးသည် အာဆီယံဒေသတွင်းMSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အလွန် အရေးပါသည့် အစည်းအဝေးဖြစ်ကြောင်း၊  အာဆီယံဒေသတွင်းMSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်(၅)ရပ်မှာ ထုတ်လုပ်နိုင်မှု စွမ်းရည်၊ နည်းပညာနှင့် တီထွင် ဆန်းသစ် မှုတို့ ကိုမြှင့်တင်ရန်၊ ငွေကြေးအရင်းအနှီး ရရှိစေရေး ပံ့ပိုးကူညီရန်၊ ဈေးကွက်ချဲ့ ထွင်ရန်နှင့် နိုင်ငံတကာ အဆင့် အထိ တက်လှမ်းနိုင်ရန်၊ လိုအပ်သည့် မူဝါဒ၊ ဥပဒေမူဘောင်များ၊ ထိန်းကျောင်းသွားရန်နှင့် စွန့်ဦးတီထွင်မှုနှင့် လူသား အရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးရန်တို့ ဖြစ်ကြောင်း။
-
အဆိုပါ လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီရည်မှန်း ထားသည့် ရလဒ်များ ရရှိရေး အကောင်အထည် ဖော်ရာတွင် တိုင်းတာ ရမည့် အဓိက သော့ချက်မှတ်တိုင်  (Key  Performance  Indicators) များ ရှိကြောင်း၊ အဆိုပါသော့ချက် မှတ်တိုင် များကို အသုံးပြု၍ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်သွား ရမည် ဖြစ်ကြောင်း၊ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် နယ်မြေကျယ်ပြန့်ကြီးမားသည့် အသိုက်အဝန်း တစ်ခု ဖြစ်ကြောင်း၊ တစ်ခုတည်းသော အာဆီယံဒေသ အတွင်းတွင် လုံခြုံရေးနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု၊ ဘက်ပေါင်းစုံ တိုးတက် မှုများနှင့် ယှဉ်ပြိုင်နိုင် စွမ်းမြင့်မားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အာဆီယံ အသိုက်အဝန်း ဖြစ်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
-
အာဆီယံ MSME များတွင် ဦးစားပေးကဏ္ဍ ၁၂ ခုရှိကြောင်း၊ အဆိုပါကဏ္ဍများမှ ခုနစ်ခုသည် ကုန်ပစ္စည်း ထုတ်လုပ်သည့် ကဏ္ဍများ ဖြစ်ပြီးကျန် ၅ ခုမှာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်း၊ MSME များတွင် ခရီးသွားကဏ္ဍ၊  အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍ၊ သစ်ထုတ်ကုန်များ ကဏ္ဍနှင့် ငါးမွေးမြူရေး ဆိုင်ရာကဏ္ဍများအများဆုံးပါဝင်နေသည်ကိုတွေ့ရကြောင်း။
-
ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍများရှိ  MSME များအကြား အနာဂတ်ဈေးကွက်  ချဲ့ထွင် ရန်နှင့်  Supply Linkage များ အပါအဝင် အခြားအခွင့်အရေးများ ဖြစ်သည့်သတင်းအချက်အလက်ရင်းမြစ်များ ရရှိရန် လိုအပ်ပါ ကြောင်း၊ ထို့ပြင်  အာဆီယံ ဒေသတွင်း MSME ကဏ္ဍများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ အကန့် အသတ်များ၊ နည်းပညာပိုင်း ဆိုင်ရာနှင့်   ဈေးကွက်အခြေအနေများအရ အခြားစိန်ခေါ်မှုများနှင့်  ရင်ဆိုင်ကြုံတွေ့ နေရသည့် အပြင် သတင်း အချက်အလက် မလုံလောက်မှု၊  အသိအမှတ်ပြု အဆင့်အတန်းအရ လုံလောက်သည့် စွမ်းရည် မရှိမှု၊ စီးပွားရေးနှင့် မူဝါဒဆိုင်ရာ များတွင် ပိုမိုပါဝင်မှုစသည့် အခက်အခဲပြဿနာများ နှင့်လည်း ရင်ဆိုင်ကြုံ တွေ့နေ ရပါကြောင်း။
-
အဆိုပါ ''အခက်အခဲ၊ ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက်  အာဆီယံဒေသတွင်းပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုကိုရယူပြီး ဆောင်ရွက်သွားကြရမည်''  ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများ၏ MSME များချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ရေး အတွက် အာဆီယံအသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရေးကော်မတီ  (ACCMSME) အနေဖြင့် အရေး ပါသည့် အခန်းကဏ္ဍတွင်  တည်ရှိနေကြောင်း၊  အာဆီယံဒေသတွင်း နိုင်ငံများသည် တစ်နိုင်ငံချင်းအလိုက် ရေမြေ အနေအထား၊ မြေမျက်နှာသွင်ပြင်နှင့်သဘာဝ သယံဇာတပိုင်ဆိုင်မှုများ  ကွာခြားကြောင်း၊  အဆိုပါပိုင်ဆိုင်မှု ကွာခြား မှုများကို အားသာချက် အဖြစ်အသုံးချပြီး ကမ္ဘာ့ဈေးကွက် အထိထိုး ဖောက်နိုင်ရန် တိုးတက်သည့် တီထွင်ဆန်းသစ်မှု များကို ဖန်တီးကြ ရမည်ဖြစ်ကြောင်း။ 
-
အာဆီယံ အသေးစား၊   အငယ်စားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏  လုပ်ငန်း ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ အနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း မြန်မာနိုင်ငံ အနေဖြင့် MSME ကဏ္ဍများနှင့် ပတ်သက်၍ အာဆီယံ MSME  ကဏ္ဍများ၏ပုံမှန် အစည်းအဝေးများတွင် ပါဝင် တက်ရောက်ခြင်း မှရရှိခဲ့သည့် အတွေ့အကြုံ ကောင်းများကို လေ့လာပြီးနိုင်ငံတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် အလေး ထားဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ MSME များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီး မြှုပ်နှံမှုပံ့ပိုးပေးနိုင်ရေး၊ နည်းပညာရရှိနိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး၊ MSME လုပ်ငန်းများ ကိုထိရောက်သည့်  ဥပဒေမူဘောင်များဖြင့် အကာ အကွယ် ပေးနိုင်ရေးနှင့်   လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအပိုင်းများတွင်ထိထိ ရောက်ရောက် ပံ့ပိုး ပေးလျက် ရှိသည့် အပြင် နှစ်တိုနှစ်လတ် "Quick Win" ကဏ္ဍများကို ဆောင်ရွက်နေရုံသာမက ရေရှည်ဆောင်ရွက် ရမည့်ကဏ္ဍများကို Twin-Track လမ်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
-
ယနေ့ကာလသည် ၂ဝ၁၈ခုနှစ် နိုဝင်ဘာလ ရောက်ရှိပြီဖြစ်၍ ၂ဝ၁၆-၂ဝ၂ဝ Phase I ၏ ခရီးတစ်ဝက် ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းများ အားလုံးကို အစည်းအဝေးတွင် ပြန်လည်သုံးသပ်ပြီး ရှေ့နှစ်နှစ် တာ ကာလ အတွက် တိကျသည့် လုပ်ငန်းအစီ အစဉ်များ လျာထားရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း၊ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ ဆောင်ရွက်ချက် များအနက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဝန်ဆောင်မှု ဗဟိုဌာန (SME Service Centre) ၊ အခွန်အခနှင့် ငွေကြေးဆိုင်ရာ မက်လုံးပေးမှု အစီ အစဉ်များ (Tax and Financial Incentive Scheme) ၊ ဒီဂျစ်တယ် စီးပွားရေး (Digital Economy ၊ အသေးစား လုပ်ငန်းများ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေး (Sustainability of Micro Enterprises) များကို ဦးဆောင်ပြုလုပ်သော နိုင်ငံများ(Champion   Countries) ဖြင့်  ဦးဆောင် စတင် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့် အတွက်  ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား လိုကြောင်း။
-
ယခုကျင်းပသည့်  ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (6th ACCMSME) နှင့် ဆက်စပ် အစည်းအဝေးများသည်  မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း MSME များ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ကိုမြှင့်တင် နိုင်ရန် အထောက်အပံ့ ပြုပေးနိုင်မည်ဟု ယုံကြည်ကြောင်း။
-
ယနေ့အခမ်းအနားသို့  တက်ရောက်လာကြသည့်  အာဆီယံဒေသတွင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့်  တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှားနှင့် OECD ၊USAID ၊ GIZ  အစရှိသော မိတ်ဖက် အဖွဲ့အစည်းများမှ တက် ရောက် လာကြသည့် ကိုယ်စားလှယ်များအား ကျေးဇူးတင် ရှိကြောင်းဖြင့် ပြောကြားသည်။
-
ထို့နောက် ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ    ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ Mr. Lor Sathya က အမှာစကား ပြောကြားသည်။
-
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
-
အခမ်းအနား အစီအစဉ်   ဒုတိယပိုင်းတွင် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်၍ ဆဋ္ဌမ အကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ဆက်လက် ကျင်းပသည်။
-
အဆိုပါ  အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး   ကော်မတီဝင်များ အချင်းချင်း MSME  လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် MSME လုပ်ငန်းများ တိုးမြှင့်ရေး စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ ဆိုင်ရာစီးပွားရေး သုတေသန အဖွဲ့အစည်း (ERIA)၊ မြန်မာနိုင်ငံ သုတေသန အဖွဲ့အစည်း (MRI) တို့နှင့် ဒစ်ဂျစ် တယ် စီးပွားရေး စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ASEAN  BAC) နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အာဆီယံလမ်းညွှန်မှု အစီအစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ အမေရိကန်- အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN BAC)နှင့် Online Academy တို့နှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်းနှင့် ဆဋ္ဌမ အကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို  ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၉ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။           
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...