Social Icons

Pages

Tuesday, November 13, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြား
-
စင်ကာပူ  နိုဝင်ဘာ  ၁၂ 
-
စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ Marina Bay Sands၌ ကျင်းပလျက်ရှိသည့်  အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  ထိပ်သီးအစည်းအဝေး   (ASEAN Business and Investment Summit -2018 )သို့  တက်ရောက်မိန့်ခွန်း ပြောကြားသည်။
-
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများအပါအဝင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
အစည်းအဝေးတွင်    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဤထိပ်သီး အစည်းအဝေးသို့ မိမိအနေဖြင့် ဒုတိယအကြိမ်မြောက် ပါဝင် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ SEAN Business and Investment Summit သည် မြန်မာနိုင်ငံအပြင် အာဆီယံအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်   ကောင်းမွန်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ မိမိယနေ့ ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်မှာ  ''မြန်မာနိုင်ငံနှင့် အာဆီယံတွင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု''ဖြစ်ကြောင်း။
-
မိမိ၏ဆွေးနွေးမှုကို မြန်မာ့စီးပွားရေး၏ နောက်ခံအချက်အလက်နှင့်  စတင်လိုကြောင်း၊ မြန်မာနိုင်ငံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားလုံးပါဝင်ပြီး ပြည်သူကိုဗဟိုပြုသည့် အမျိုးသား စီးပွားရေး မူဝါဒ ၁၂ ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့၏ရင်းနှီးမြှုပ်နှံမှု မူဝါဒသည် အမျိုးသား စီးပွားရေးမူဝါဒနှင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကြောင်း။
-
မြန်မာနိုင်ငံအတွင်း ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေစေမည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများကို ဖန်တီးနိုင်ရန်အတွက်  ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ေ
-
ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်လာရန်နှင့် ဒေသတွင်းနိုင်ငံတကာ သဘောတူညီမှုများနှင့် ကိုက်ညီသည့် စီးပွားရေး ဖြစ်ထွန်းစေရန်အတွက် International Finance Corporation ၏ နည်းပညာ အကူအညီဖြင့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း။
-
အဆိုပါဥပဒေသစ်တွင် စီးပွားရေး လုပ်ငန်းရှင်များအား တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော၊   လွယ်ကူမြန်ဆန်သော နည်းလမ်းများမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်   ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် အရေးကြီးသော အချက်များစွာ ပါဝင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အားလုံးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ရယူရန်    မလိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို  တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သိမ်းပိုက်ခံရခြင်း မရှိစေရန် အာမခံကြောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း နေရာဒေသနှင့်  ဦးစားပေးကဏ္ဍအလိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းပါးစေရန် ရည်ရွယ်လျက် အာဏာခွဲဝေ အပ်နှင်းမှုနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နစ်နာမှုမရှိစေမည့် စနစ် ထူထောင်သွားမည် ဖြစ်ကြောင်း၊ နောက်ဆက်တွဲ နည်းဥပဒေများကိုလည်း ၂ဝ၁၇ ခုနှစ် မတ် ၃ဝ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း။
-
မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍစုံတွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အချို့ပြုပြင် ပြောင်းလဲမှုများကို ထင်ရှားစွာတွေ့မြင်နိုင်သော်လည်း အချို့ပြောင်းလဲမှုများကို ထင်ရှားစွာတွေ့မြင်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတွင်း မေခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ပိုမိုအားကောင်း လာစေရန်ပြုလုပ်ခဲ့သော     ပြုပြင်ပြောင်းလဲမှုများမှာ   စီးပွားရေးတည်ငြိမ်မှု အတွက် များစွာအရေးပါပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ် စေကြောင်း၊ အဆိုပါပြုပြင် ပြောင်းလဲမှုများကို သာမန်အားဖြင့် မမြင်တွေ့နိုင်သော်လည်း ပြောင်းလဲမှုများသည်   သိသာပြီး ရေရှည်အတွက် များစွာ အကျိုးရှိစေနိုင်ကြောင်း။
-
ပြုပြင်ပြောင်းလဲမှုများအနက်  သိသာထင်ရှားသည့် အပြောင်းအလဲဟု ဆိုနိုင်မည့် နှစ် ၁ဝဝ ကျော်သက်တမ်းရှိသော ကုမ္ပဏီ အက်ဥပဒေကို လက်ရှိစီးပွားရေး ဝန်းကျင်နှင့် ကိုက်ညီစေရန် မကြာသေးမီက ပြောင်းလဲနိုင်ခဲ့ခြင်းသည် အရေးပါသော ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၆ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင် အသက်ဝင်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီဥပဒေအသစ်တွင် ပါဝင်သော   Electronic Registry စနစ်ကြောင့် MyCO ဟုခေါ်သည့် Myanmar Company Online ကို အသုံးပြု၍ ကုမ္ပဏီများအနေဖြင့်   နာရီအနည်းငယ် အတွင်း မှတ်ပုံတင်နိုင်ကြောင်း၊ ကုမ္ပဏီများ ဥပဒေအသစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းအစုအဖွဲ့ လုပ်ငန်းပုံစံကို ပြောင်းလဲစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ် လွယ်ကူစွာ မှတ်ပုံတင်ရှိနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများ အနေဖြင့် မိမိစီးပွားရေး လုပ်ငန်း နှင့် ကုမ္ပဏီအတွင်း  စီမံခန့်ခွဲမှုများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်း တည်တံ့ခိုင်မာမှု အာမခံချက်ကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။
-
ကုမ္ပဏီဥပဒေသစ်သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်  လွယ်ကူသည့်အဆင့် သတ်မှတ်ချက်ကောင်းမွန်လာစေရန်အတွက် အဓိကကျသည့်  စီးပွားရေး စတင်ဆောင်ရွက်ရန်လွယ်ကူသည့် အဆင့် သတ်မှတ်ချက်ကို ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ ကုမ္ပဏီပေါင်း ၁၄ဝဝဝ ကျော်ခန့်သည် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပြီး ကုမ္ပဏီပေါင်း ၄ဝဝဝ ကျော်မှာလည်း အွန်လိုင်းစနစ်ဖြင့် အသစ်ဖွဲ့စည်းပြီး ဖြစ်ကြောင်း။
-
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့် အဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းထားကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လွယ်ကူရှင်းလင်းပြီး ကြိုတင်မှန်းဆ၍ ရသည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း သာမက အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကိုပါ   ပြန်လည်သုံးသပ်လျက်ရှိကြောင်း။
-
အဆိုပါဆောင်ရွက်ချက်သည်  ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်စရာမလိုသော ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ ပြတင်းတစ်ပေါက်စနစ်သည် ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နေရသော  နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး  ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီး ကာလများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းနှင့် ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းရေး ဆောင်ရွက်ခြင်းတို့၏ အဓိကရည်ရွယ် ချက်မှာ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရုံသာမက ကြိုတင်ခန့်မှန်းနိုင်မှု၊ အထောက်အကူပြုမှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့်  ပတ်ဝန်းကျင် ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
-
အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအကြား အောင်မြင်ခဲ့သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုမှာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ကြောင်း၊ သီလဝါစက်မှုဇုန်သည် အချိန်တိုကာလအတွင်း သိသာထင်ရှားသော  အောင်မြင်မှု ရရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၄၉၁ သန်းရရှိခဲ့ကြောင်း၊ အဆိုပါ ဒေါ်လာငွေကြေး ပမာဏမှာ မြန်မာ့စီးပွားရေးအတွင်းဝင်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြသနေကြောင်း၊  သီလဝါစက်မှုဇုန်၌ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ထိုင်ဝမ်တို့မှ ရင်းနှီးမြှုပ်နှံကြပြီး သီလဝါ အထူးစီးပွားရေး စက်မှုဇုန်ဘီတွင် ရင်းနှီးမြှုပ်နှံရန်လည်း စိတ်အားထက်သန်လျက် ရှိကြကြောင်း။
-
ကမ္ဘာအနှံ့တွင် ကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒများ အရှိန်အဟုန်မြင့်မားနေပြီး   နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှ နှစ်နိုင်ငံချင်း ဆက်ဆံရေးကို ပိုမိုအသားပေးလာချိန်၊ အချို့ကဏ္ဍများ၌ တံခါးပိတ်ဝါဒကို ကျင့်သုံးလာပြီး အချို့နိုင်ငံများအကြား ငွေကြေးနှင့် ကုန်သွယ်ရေး တင်းမာမှုများဖြစ်ပေါ်နေသည့် အချိန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ရှင်သန်လာကြောင်း။
-
ယနေ့မြန်မာနိုင်ငံသည် လွန်ခဲ့သော ၁ဝ နှစ်ကနှင့်မတူ မကြုံစဖူး ကမ္ဘာ့မေခရို စီးပွားရေးစနစ် ပြောင်းလဲမှု၏   အကျိုးသက်ရောက်မှုများ ကြုံတွေ့နိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊ ကံကောင်းထောက်မစွာ ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ရင်ဆိုင်နေချိန်တွင်၂ဝ၁၈ ခုနှစ်အတွက် အာရှတိုက်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ ၆ ရာခိုင်နှုန်းရှိပြီး၂ဝ၁၇ ခုနှစ် စက်တင်ဘာလ က အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက သုည ဒသမ  ၁ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ အာရှတိုက်၏ စီးပွားရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေး မှာလည်း အလားအလာကောင်းများ ရှိလာကြောင်း။
-
မြန်မာနိုင်ငံ ဈေးကွက် ပွင့်လင်းလာရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ၏ အလားအလာရှိသော နောက်ဆုံးဈေးကွက်ဟု ဆိုသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ရှိကြောင်း၊ အချို့ကမြင်သာပြီး အချို့ကို အမြော်အမြင်ကြီးမှုနှင့် တွေးခေါ်ကြံဆမှုတို့ဖြင့် တွေ့မြင်ရမည်ဖြစ်ကြောင်း။
-ယခုအာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အကြောင်းကို ပြောကြားလိုကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာတို့ဖြင့် တစ်ခုတည်းသော အသိုက်အဝန်းတစ်ခုအဖြစ်သို့   ဦးတည်လျှောက်လှမ်းလျက် ရှိကြောင်း၊ မြန်မာ နိုင်ငံအတွက်လည်း အာဆီယံသည် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် ၄၅ ရာခိုင် နှုန်း(အမေရိကန်ဒေါ်လာ ၃၅၅ဝ၇ ဒသမ ၃၄၉ သန်း)မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖြစ်ကြောင်း၊ ဤသည်ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာသော စီးပွားရေး ဆက်သွယ်မှု ရှိသည်ကိုတွေ့မြင်နိုင်ကြောင်း။
-
မိမိတို့အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည်  အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ    သဘောတူစာချုပ်ပါ အချက်အလက်များ၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်ကြောင်း၊ ထို့အတူ အာဆီယံ - အိန္ဒိယ၊  အာဆီယံ-တရုတ်၊   အာဆီယံ -ကိုရီးယား၊    အာဆီယံ - ဟောင်ကောင် သဘောတူစာချုပ်များအပြင် အာဆီယံ - သြစတြေးလျ - နယူးဇီလန် ကုန်သွယ်ရေး သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးပြီးဖြစ်ရာ ၎င်းတို့မှတစ်ဆင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း။
-
မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ထိရောက်မှု၊ ထုတ်လုပ်အား နှင့် အမြတ်အစွန်းများ ပိုမိုခံစား ရရှိနိုင်မည် ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ကြောင်း၊ မိမိအနေဖြင့် အခွင့်အခါသင့်ခိုက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏အဓိက ဦးစားပေးကဏ္ဍများ ဖြစ်သော   လယ်ယာ စိုက်ပျိုးရေးနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများ၊ တန်ဖိုးမြှင့်လယ်ယာ စိုက်ပျိုးရေးထုတ် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေး စက်မှုလုပ်ငန်း များ၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးသင့်အိမ်ရာ တည်ဆောက်ရေးနှင့် စက်မှုဇုန်များ တည်ထောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။
-
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက အခန်းကဏ္ဍတွင် အရေးပါပြီး မြန်မာနိုင်ငံအနေဖြင့်လည်း  ပုဂ္ဂလိက အခန်းကဏ္ဍမြှင့်တင်ရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုကြောင်း၊   မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုဦးဆောင်သည့်  ဒုတိယသမ္မတ ဦးမြင့်ဆွေအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို   သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်အတူ လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း
-
ကမ္ဘာ့ဘဏ်မှသတ်မှတ်သည့်   စီးပွားရေး လုပ်ကိုင်ရန် လွယ်ကူသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်ရန် လွယ်ကူသည့်အဆင့် သတ်မှတ်ချက် ကောင်းမွန်လာစေရန် ရည်ရွယ်လျက် လုပ်ငန်းအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့  ၁ဝ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။
-
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်  ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကောင်းကျိုးရလဒ်များ ပြန်လည်ခံစားရမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ပြောကြားသည်။
-
မိန့်ခွန်းပြောကြားမှုအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရင်းရင်းနှီးနှီး လာရောက် နှုတ်ဆက်ကြသည်။
-
 (သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...